ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။
၁၃၄ ကီလိုမီတာ (၈၃ မိုင်) ရှည်လျားတဲ့ ပင်လု တူးမြောင်းကို ကွမ်ရှီးကျန့် ဒေသမှာ တည်ဆောက်ထားပြီး နိုင်ရဲ့ အနောက်တောင်ပိုင်းက ကုန်းပိတ် ဒေသတချို့ကို ပင်လယ်နဲ့ တိုက်ရိုက် ချိတ်ဆက်ပေးတဲ့ ခေတ်သစ် အခြေခံ အဆောက်အအုံ ဧရာမ စီမံကိန်းကြီးတစ်ခု ဖြစ်လာပါတယ်။
စုစုပေါင်း ၄ နှစ်လောက် အချိန်ယူ တည်ဆောက်ခဲ့ရတဲ့ တူးမြောင်းကြီးဟာ နန်နင်းမြို့ကနေ တောင်ပိုင်းမှာရှိတဲ့ စက်မှုရပ်ဝန်း ကွမ်ရှီးဒေသနဲ့ ဆက်စပ်ရာ တွန်ကင် ပင်လယ်ကွေ့ထိ ဖောက်လုပ်ထားတာပါ။ အဲဒီပင်လယ်ကွေ့ဟာ တရုတ်၊ ဗီယက်နမ်တို့နဲ့ ထိစပ်နေပါတယ်။
တူးမြောင်းဖွင့်ပွဲကိုတော့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဒေသရဲ့ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍမှာ အထူးကောင်းကျိုး ဖြစ်ထွန်းစေလိမ့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အထူးသဖြင့် ကုန်စည်တွေကို သယ်ယူတဲ့ စရိတ်နဲ့ အချိန်ပါ သိသိသာသာ လျော့ကျသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement
တူးမြောင်းဟာ တန် ၅၀၀၀ လေးပြီး မီတာ ၉၀ လောက် ရှည်လျားတဲ့ ကုန်တင်သင်္ဘောကြီးတွေပါ သွားလာနိုင်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အရင်ကတော့ တရုတ် အနောက်တောင်ပိုင်းက ကုန်စည်တွေဟာ ပင်လယ် ဆိပ်ကမ်းတွေဆီ ရောက်ဖို့အတွက် တောင်ပိုင်းက အဓိက မြို့ကြီးတစ်ခုဖြစ်တဲ့ ကွမ်ကျိုးဆီကို အရင်ဆုံး ပို့ရပါတယ်။
တူးမြောင်းသစ်ကြီးကို စတင်အသုံးပြုနိုင်ချိန်မှာ အဲဒီ ခရီးစဉ်ကို ကီလိုမီတာ ၅၆၀ စာ လျှော့ချပစ်နိုင်မှာ ဖြစ်သလို ကုန်ကျစရိတ်ကလည်း ၁၈ ကနေ ၃၀ ရာခိုင်နှုန်းထိ သက်သာသွားမယ်လို့ သိရပါတယ်။ ပြီးတော့ တစ်နှစ်ကို စုစုပေါင်း စရိတ်သက်သာမှုက ယွမ် ၅ ဘီလီယံ၊ တစ်နည်းအားဖြင့် ဒေါ်လာ ၇၄၅ သန်းလောက် ရှိလာမယ်လို့ အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တူးမြောင်းဖွင့်လှစ်နိုင်မှုကို တရုတ်ရဲ့ ရာစုနှစ်အတွင်း အကြီးမားဆုံး ဆောက်လုပ်ရေး ပရောဂျက်ကြီး တစ်ခုလို့လည်း CCTVက ညွှန်းဆိုသွားပါတယ်။
သင်္ဘောကြီးတွေ ခုတ်မောင်းနိုင်တဲ့ တူးမြောင်းကို တည်ဆောက်ရာမှာ ရှိရင်းစွဲ သဘာဝ ရေလမ်းကြောင်းတွေကို ပိုပြီး နက်ရှိုင်းအောင် တူးထုတ်တာ၊ အချင်းချင်း ချိတ်ဆက်စေတာတွေအပြင် မြေသားတွေကို တူးထုတ်ပြီး တူးမြောင်းကို ထပ်ဖောက်ရတာမျိုးတွေ ပါဝင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ စတင်ခဲ့တဲ့ စီမံကိန်းအတွက် ယွမ် ၇၂.၇ ဘီလီယံလောက် ကုန်ကျခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား: AFP


















































