Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

ဂျိတ္တောဒိုင်ယာရီ

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ “ဂျိတ္တောတံငါရွာလေး” လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

(ငပလီကမ်း​ခြေကငါးဖမ်းလှေဆိပ်တစ်ခု။ဓါတ်ပုံ-Travel Myanmar)

အေးခိုင်ဦး ရေးသားသည်။

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ “ဂျိတ္တောတံငါရွာလေး” လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

ချစ်စနိုးနဲ့ ရွာလေးလို့ခေါ်တဲ့ဂျိတ္တောကတကယ်တော့ မသေးလှပါဘူး။အိမ်ခြေသုံးထောင်ကျော် ရှိတယ်လေ။ ရပ်ကွက်ကြီး ဒါမှမဟုတ် ရွာကြီးပေါ့။ငပလီရဲ့ အိမ်ခြေအများဆုံးရွာကြီး။စီးပွားရေးလည်း ဖြစ်ထွန်းတယ်။

ဂျိ‌တ္တောက ငပလီကမ်း‌ခြေ ရဲ့ တခြားရွာတွေလို ဟိုတယ်လုပ်ငန်း၊ အမှတ်တရပစ္စည်းဆိုင်လုပ်ငန်း‌တွေနဲ့ခရီးသွားလုပ်ငန်းကိုအမှီပြုတာမဟုတ်ဘူး။ရေလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ ဂျိတ္တောအတွက် ပင်လယ်ကြီးရှိရင်ငွေရှိပြီလေ။ကျော့ပိုက်လုပ်ငန်းကိုအဓိကလုပ်ကြတယ်။ကမ်းနီး ငါးဖမ်းလုပ်ငန်းပေါ့။တခြာငါးဖမ်းပိုက်လုပ်ငန်းလုပ်တဲ့သူတွေလည်း ရှိပါတယ်။ ဟိုတယ်တွေမှာ လုပ်တဲ့သူတွေလည်း ရှိတာပေါ့လေ။တခြားနိုင်ငံမှာအလုပ် သွားလုပ်ကြတယ်ဆိုတာကတော့ တော်တော်ကို ရှားတာပါ။ ဂျိတ္တောမှာမှ မဟုတ်ပါဘူး ဇီးဖြူကုန်း၊ မဇင်၊ငပလီ၊ဝါးတောင်ကွင်း၊လင်းသာ၊ မြပြင် ငပလီကမ်း‌ခြေတလျှောက် အားလုံးပါပဲ နိုင်ငံခြားထွက် အလုပ် လုပ်သူဆိုတာ တော်တော်ကို နည်းတာပါ။ကိုယ့်ဒေသမှာတင်ကိုယ် အလုပ်အကိုင်အဆင်ပြေနေတာဆိုတော့ပေါ့။

Public Service Announcement

Public Service Announcement

ရေလုပ်ငန်းနဲ့အသက်မွေးတဲ့ဂျိတ္တောဟာပညာတတ်လူငယ်တွေအများကြီးကို မွေးထုတ်ပေးခဲ့တာ ကလည်း ဂျိတ္တောရဲ့ ဂုဏ်ယူစရာတခု။

ဂျိတ္တောဆိုတာ ဂျိတ္တောသားတွေသာပဲ မဟုတ်ပါဘူး။ဘူးသီးတောင် မောင်တောအထိမင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ စစ်တွေ တို့က ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ပါ အလုပ် အကိုင်တွေ ပေးနိုင်စွမ်းခဲ့တာလေ။ငပလီရဲ့ လှိုင်သာယာ၊ ငပလီရဲ့ဖားကန့်လို့‌‌တောင် တင်စားခေါ်နိုင်ခဲ့တာ မဟုတ်လား။ ဂျိတ္တောရဲ့ မနက်ခင်းတွေဟာ ခွန်အားတွေအပြည့်နဲ့ နိုးထ‌ခဲ့ကြစမြဲ။ မိုးလင်းစ ဝင် လာတဲ့ ငါးလှေတွေက ငါးတွေကို ပုံစံအမျိုးမျိုးနဲ့ သယ်ယူကြတဲ့ လုပ်သားတွေ၊ ရေလှိုင်းတွေထဲထိ ဆင်းပြီးငါးတွေကို သယ်ယူကြတဲ့ နွားလှည်းတွေ၊ထော်လာဂျီတွေ၊ ဂျိတ္တောသောင်ပြင်မှာ တမျှော်တခေါ် လှန်းထားတဲ့ ငါးမျိုးစုံတွေ၊ ဒီရှုခင်းတွေကို မြင်ရဖို့ရောက်လာကြတဲ့ ခရီးသွားတွေ။ ဒါတွေဟာ ဘယ်တော့မှ မမေ့ပျောက်မယ့် နံနက်ခင်းတွေ။

ရပ်ဝေးကသူတွေအတွက်တော့ ဂျိတ္တောသောင်ပြင်ဟာ ငါးနံ့တွေနဲ့ ခက်ခဲချင်လည်း ခက်ခဲလိမ့်မှာပေါ့။ ဂျိတ္တောသားတို့အတွက်ကတော့ ဒါဟာပဲ ဂျိတ္တောပဲလေ။ ဒီလိုမှသာ ဒို့ ရွာလေးနဲ့ ပြည့်စုံတော့လိမ့် မှာပေါ့။ ကောင်းကင်ပြာကြီးအောက်က လှေအရောင်စုံလေးတွေ နဲ့ ဂျိတ္တောချိုင်။ မဒေးတောင်ပေါ်က မြင်ရတဲ့ ကွေး ကွေးလေးနဲ့ အပြာရောင်ဂျိတ္တောချိုင်။ လှခဲ့လိုက်တဲ့ မနက်ခင်းတွေပဲလေ။

ဂျိတ္တောဖောင်ဆိပ်ရဲ့ လှေတွေဆိုက်ကပ်တဲ့ ဆိပ်ခံကျောက်တန်းလေးအခြေက လှိုင်းသံတွေ၊ ဟိုးအဝေးပင်လယ်ပြာကြီးထဲက မှိုင်းပြပြ ကျွန်းတွေ။ ရာသီဥတုသာယာချိန်တွေမှာ ခရီးသွားတို့ရဲ့အပန်းဖြေလှေခရီးတွေ၊အမှတ်တရဓါတ်ပုံရိုက်ကြချိန်တွေ၊ ဒါတွေဟာ ဂျိတ္တော‌ဖောင်ဆိပ် ရဲ့ သာယာခဲ့ချိန်တွေပေါ့။

၂၀၂၄ ဇူလိုင်မှာတော့ ဂျိတ္တောဟာ စစ်မြေပြင်။ တိုက်ပွဲဟာရောက်လာတော့မှာဆိုတော့ စစ်ကိုကြိုတင် ရှောင်ကြသူတွေ နေရပ်စွန့်ခွာကြသူတွေဟာ သံတွဲနဲ့ ငပလီတလျှောက်က ထွက်ကြရပြီ။ စစ်ကို ရှောင်တာမှာ ပြည်မကိုမရှောင် အပြင်ကိုမထွက် အတွင်းထဲကိုသာရှောင်တဲ့ သူတယောက်ရဲ့စကား။ “ရန်ကုန်ကိုမရှောင်တာ စစ်မှုထမ်းကိုကြောက်လို့မဟုတ်၊ ရန်ကုန်မှာစာသင်စားရင်လည်း ထမင်းမငတ်။ ဒါပေမယ့် သူပါဝင်မှ ရခိုင်ပြည်ရဲ့ ပညာရေးဟာပိုပြီးတိုးတက်မှာလို့ ဘယ်သူမှ ဖိတ်ခေါ်တာ မျိုးမဟုတ်ပေမယ့် ကိုယ်ရှိတဲ့ခွန်အားနဲ့ နိုင်ရာတာဝန်ကို ထမ်းဆောင်မယ်”ဆိုတဲ့ အမျိုးကိုချစ်စိတ်နဲ့ ရခိုင်မြောက်ပိုင်းကိုသာ ရှောင်ခဲ့တဲ့စာသင်တဲ့လူငယ်ဆရာလေး။

ပြီးတော့ စစ်ကိုမရှောင် စစ်ကိုစောင့်ကြိုတဲ့သူတယောက်။”အားလုံးထွက်ပြေးသွားလို့ ဘယ်ဖြစ်မလဲ။ အာရက္ခတပ်တော်ဝင်လာရင် ဘယ်သူမှမရှိတော့လို့ မဖြစ်ဘူးလေ။ကိုယ်တိုင် စစ်ဝင်မတိုက် နိုင်ရင်တောင် ထမင်းချက်ကျွေးဖို့လိုရင်ချက်ကျွေးရမယ်။အနည်းဆုံးရေပဲဖြစ်ဖြစ် စောင့်ကြိုတိုက်ဖို့ လူရှိဦးမှပေါ့” ဆိုတဲ့ သူတ‌ယောက်။

ဂျိတ္တောဟာ စစ်ရှုံးလာတဲ့ခလရ (၅၅)က စကစတပ်သားတွေရဲ့ ခံစစ်ပြင်ရာနေရာ။ စကစရဲ့ ဗုံးဆံတွေ လက်နက်ကြီးတွေအောက်မှာ ကလေး လေးတွေ၊ အသက်အရွယ်ကြီးသူတွေ ဂျိ‌တ္တောသားတို့ အသက်စွန့်ခဲ့ကြရပြီ။ ဒါပေမယ့် ဂျိတ္တောဟာ စကစ ရဲ့ စစ်ရှုံးရာမြေ၊ ဂျိတ္တောဖောင်ဆိပ်ဟာသပြုချိုင် နဲ့ မောင်ရွှေလေးရေတပ်ကို ဆုတ်ခွာပြေးခဲ့ရတဲ့ စကစ ရဲ့စစ်ရှုံးဆိပ်ကမ်း။ အဖိုးတန်လှတဲ့ ငပလီကမ်းခြေကို စကစ လက်လွှတ်ရပြီ။

အခုနှစ်ဩဂုတ်လဆန်းကစစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတာခံရတဲ့ဂျိတ္တော၊ မဒေးတောင်ပေါ်ကနေ ကြည့်ရင် အင်မတန်လှတဲ့ ဂျိတ္တောဟာမီးဟုန်းဟုန်းတောက်လောင်နေခဲ့တဲ့ မြင်ကွင်း။ပင်လယ်ပြင်ကနေစကစလက်နက်ကြီးတွေနဲ့ပစ်တာခံနေရတဲ့ ပငလီကမ်းခြေတလျှောက်ရဲ့ မကြာခင်ကသတင်းတွေ။ဒီကြားထဲက စားဝတ်နေရေးအတွက် ထမင်းမငတ်ရုံတမယ် ခက်ခဲရုန်းကန်နေကြရတဲ့ ဂျိတ္တောသားတို့။ လက်ရှိအခြေအနေမှာ ပင်လယ်ပြင်ကိုလည်း ငါးဖမ်းမထွက်နိုင် ငါးဈေးလည်းမရှိတဲ့ ဂျိတ္တောအပါအဝင် ငပလီကမ်းခြေတလျှောက်က ဒေသခံတွေ။

စစ်ဘေးရှောင်ရင်းတခြားဒေသတွေကိုရောက်နေကြတဲ့ ဂျိတ္တောသားတို့မှာလည်း ငွေကြေးပြည့်စုံသူ တွေအတွက် တော်သေးနိုင်ပေမယ့် မပြည့်စုံသူတို့မှာ အစစအရာရာရုန်းကန်နေကြရဆဲ။အလုပ်အကိုင် ရှားပါး ခက်ခဲ၊ ဧည့်စာရင်းတိုင်တာက အစနဲ့ အိမ်ငှားဖို့မလွယ်ကူ၊ သားသမီးတွေကျောင်းထားဖို့ ထောက်ခံစာမရှိ။ စစ်မှုထမ်းကို ကြောက်ရ။ ဒီကြားထဲကပဲ ကိုယ့်ဒေသမှာ ကျန်ခဲ့သူတွေကို ကူညီနေတဲ့ ဒေသခံပရဟိတအဖွဲ့တွေကို ကူညီထောက်ပံ့နိုင်ဖို့ ဆော်ဩကြိုးပမ်းကြတာတွေ။

အိမ်ပြန်ရမယ့်နေ့၊ စစ်နိုင်မယ့်နေ့ဟာ တနေ့တော့ ရောက်လာမှာပါ။ အဲဒီနေ့ကျရင် ဂျိတ္တောသားတို့ ဌာနေမှာ အားလုံးပြန်ဆုံကြမယ်။ငါးကုန်းညို၊ငါးဂုံး၊ငါးကညင်း၊ငါးမိုးသီး၊ ကျောက်ရေမျောက်၊ ရေကြက်၊ ဂုံး တို့ဟာ အရင်လိုပဲ လတ်ဆတ်နေဦးမှာ။ ငါးတွေအများကြီး၊ ငရုတ်ကောင်းအများကြီးနဲ့ ပဒဲကောမပါတဲ့ ရခိုင်မုန့်တီရဲ့ ဟင်းရည်တွေက အရင်လို အရသာရှိနေဦးမှာ။ကြံထန်းလျက်နဲ့လုပ်တဲ့ ရိုးရာမုန့်တွေဟာလည်း အရင်လိုပဲ ချိုနေဦးမှာ။ “အနာဂတ်လမ်း စာပေပရဟိတ” မှာလည်း စာဖတ်တဲ့ ကလေးတွေ ပြန်ရောက်လာကြမှာ။ အဲဒီနေ့မှာ အရင်အတိုင်းပဲ ပြာလွင်နေတဲ့ကောင်းကင်ကြီးအောက်မှာ အပြာရောင်ပင်လယ်ပြင်ကြီးဟာ အားလုံးကို စောင့်ကြိုနေလိမ့်မှာပေါ့။

“နင့်ကိုမတွေ့တာ ကြာပြီပါးဝေး” လို့ ငါတို့ နှုတ်ဆက်ကြမယ်လေ . . နော်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်အနီးတိုက်ပွဲဆက်ဖြစ်နေ

သတင်း

သံတွဲမြို့မှာ ​ဒေသခံပြည်သူ ၁ ဦး​သေပြီး ၄ဦးထက်မနည်းဒဏ်ရာရ

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။