Connect with us

Hi, what are you looking for?

ဝတ္ထုတို

မာဖီးယားည

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

▪︎စိုးစံသစ်

●တစ်

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

ဟင်းစားရလိုရငြား စတုရန်းမီးပွိုင့်တစ်ပတ်လောက် ပတ်မောင်းမယ်တွေးလိုက်ပေမယ့် ပူလွန်းတဲ့နေကြောင့် ကားကြမ်းခင်းလေးဖင်ခုကာ ယပ်တောင်လေးတဖျပ်ဖျပ်ခတ်ရင်း နေမြဲအတိုင်းပဲ ထိုင်နေမိသည်။ကွန်ကရစ်

Public Service Announcement

Public Service Announcement

ပင်လယ်ကြီးဘက်ဆီကနေ အတွင်းဘက်လမ်းလေးဆီ ခင်းထားတဲ့ လိပ်ခုံးကွန်ကရစ်ပေါင်းကူးလေးအတိုင်း တောင်တောင်အီအီကြည့်မိတော့ အတွင်းလမ်းလေးထဲက အပျိုဘော်ဝင်စ ခရေပင်ရိပ်လေးတွေမှာ စုပြုံတိုးဝှေ့နေတဲ့ သူယောင်မယ်လေးတွေကို လှမ်းတွေ့နေရသည်။

သူတို့ဘဝ သူတို့ကမ္ဘာထဲကနေ နွေနေလယ်ခင်းတစ်ခုဆီ ပါးလိုက်တဲ့သတင်းစကားကလည်း နေဆယ်စင်းမက ပြင်းလွန်းလှသည်တဲ့။

“လာသမျှဘဲတွေကလည်းဟာ ယောက်ျားရှာတွေလားမသိဘူး။ သူတို့ကြည့်ပြီး သေသွားတဲ့ငါ့အဖေကိုတောင် လွမ်းမိသေးဟ”

“ဘာဆိုင်လို့လဲဟ”

“ဟယ် ငါ့အဖေက သူအရမ်းညစ်လာရင် ထထအော်တာ။ ဟိုသီချင်းလေဟာ။ ပူပါတယ်ဆိုမှ ထီးကမပါ ဆိုတာလေ။ ခုလည်းကြည့်လေဟာ။ ခေတ်ကပျက်နေတဲ့ကြားထဲ နေကလည်း မီးထတောက်မလားမှတ်ရတယ်။ ပြီးတော့ တွေ့သမျှ ကိုဟိုဟာတို့ကလည်း ခုနသီချင်းထဲကလိုဆို ပူပါတယ်ဆိုမှ ((())) ကမပါတွေဖြစ်နေပြီ ကောင်မတွေရဲ့”

ဘဝတွေနဲ့ရင်းထားတဲ့ပြက်လုံးက ကျနော့ရင်ကို ထောင်းခနဲနေအောင် တည့်မှန်သည်။ အကောင်းလွန်နေတော့ ရယ်ရမည့်အစား သည်ကောင်မလေးပြက်လုံးကိုကြားလိုက်ရတဲ့အခိုက် ကျနော်ကြိတ်ပြုံးမိသည့်အပြုံးက ဘယ်လိုအပြုံးမျိုးများလဲဆိုပြီး ပြန်မေးမိသည်။ အဖြေက မရေရာပေမယ့် ဒီအပြုံးမျိုး ပြန်မပြုံးချင်တာကတော့ သေချာသည်။

“ဝင်းအောင်လာတယ်ဟေ့… ဝင်းအောင် ဝင်းအောင်”

ကားမှတ်တိုင်ဆီမှ စူးစူးဝါးဝါးအော်ဟစ်လိုက်သံက ကျနော်မြင်တွေ့နေရတဲ့ နွေလယ်နေ့လေးကို ဝေါခနဲ တွန်းဖြိုတိုက်စားသွားသလိုပင်။

ကားဂိတ်မှာဂိတ်ထိုးတဲ့ ကယ်ရီဆိုင်ကယ်အုပ်ကြီးက ပေါင်းကူးတံတားလေးကို ဝရုန်းသုန်း

ကားဖြတ်ကျော်ကာ အတွင်းဘက်လမ်းလေးမှတစ်ဆင့် နောက်ထပ်နောက်ထပ်သော လမ်း

သွယ်လေးများထဲ မောင်းပြေးကြသည်။ ဆိုင်ကယ်အုပ်ကြီးနည်းတူ ပင်ညိုရိပ်လေးတွေအောက် ကိုယ်ထင်ပြနေတဲ့ သူယောင်မယ်လေးများသည်လည်း တချို့က လမ်းသွယ်လေးများထဲ့သို့၊ တချို့က ဘယ်ရီဂိတ်တွေချ၊ တံခါးမကြီးပါပိတ်ထားသော်ငြား လူဝင်မ

လွယ်ပေါက်တံခါးလေးဟထားတဲ့ သူတို့အခေါ် ပါတီရုံးကြီးထဲသို့ ပြေးဝင်ပျောက်ကွယ်သွားသည်။

အသံဖျောက်ထားတဲ့ လှည့်ကင်းကားတန်းတချို့ မီးစိမ်းမစောင့်ဘဲ ခရာသံတတွီတွီပေးကာ ဖြတ်ကျော်လာသည်ထိ ကားဂိတ်မှာရှိတဲ့ ဆိုင်ကယ်နှစ်စီးက ကစ်တန်ကိုတဖျောင်းဖျောင်းနင်းကာ စက်နှိုးနေဆဲရှိသေးသည်။

ကျားရှေ့မှောက်ရက်လဲရရှာပြီ။ ပျောက်ကြားမိုးကာအုပ်ကားမြင့်မြင့်ကြီးပေါ် ကိုယ့်ဆိုင်ကယ်ကိုယ်တွန်းတင်နေရတဲ့ ဆိုင်ကယ်သမားလေးနှစ်ယောက်ရင်ထဲ ဘယ်လိုနေမလဲမသိပေမယ့် ကွမ်းယာသည်ကိုပိန်ရဲ့ ဆဲဆိုတောက်ခေါက်သံက ကျနော့ရင်ထဲထိ ပဲ့တင် ရိုက်ခတ်သွားသည်။

သေနတ်တကားကားနဲ့ယာဥ်တန်းကြီးကတော့ ထွက်ခွာလို့သွားလေ၏။ဒီလှည့်ကင်းကားတွေရဲ့ ဥသြသံကိုမြည်သံစွဲကာ ပါတီရုံး ရပ်

ဝန်းသားတွေက ဝင်းအောင်…ဝင်းအောင်လို့ နာမည်ပြောင်ပေးထားခြင်း ဖြစ်သည်။

နာရီပိုင်းအတွင်းမှာပဲ အရာရာက ခုနက ဘာမှမဖြစ်ခဲ့သလို ပြန်လည်အသက်ဝင်သွားပြန်သည်။

●နှစ်

ကိုပိန်က လက်ကျန်မဟော်ဂနီနဲ့ ဗန်ဒါပင်ရိပ်လေးတွေအောက်မှာ သူ့စီးပွားရေးအင်ပါယာကို ချဲ့ထွင်သည်။ မြောင်းဘောင်ခတ်ကာ မြေဖို့ပြီး ဝါးကွပ်ပျစ်ကျိုးကျဲလေးပတ်ရိုက်ထားတော့ သူ့အရိပ်မှာ လူဆယ်ယောက်လောက် သာသာယာယာ ခိုနားလို့ရသည်။

“ဦးပိန်…ရေသန့်တစ်ဘူး၊ စီပလပ်လိမ္မော်တစ်ဘူး။ သမီးစာရင်းထဲမှတ်ပေးဦး”

“မှတ်တာကဟုတ်ပြီ။ ကျုပ်က ဘယ်နာမည်နဲ့မှတ်ရမှာလဲ”

“မှတ်ချင်တဲ့နာမည်နဲ့မှတ်ဗျာ။ လာမစားစမ်းပါနဲ့ဦးပိန်ရာ။ ရင်ထဲမှာပန်းတွေပွင့်နေတာမဟုတ်ဘူး”

“နင်က တခွပ်ခွပ်နဲ့ ခွာအသစ်ကြီးတပ်လာတော့ နာမည်တွေဘာတွေလည်း အသစ်ဖြစ်နေပြီလားလို့ပါ”

မိတ်ကပ်ပြာနှမ်းနှမ်းနဲ့သူယောင်မယ်လေး ဒေါက်ဖိနပ်လေးကုန်းကောက်ကာ ထွက်ပြေးသွားသည်။စကားကြွယ်တဲ့ကိုပိန့်ကြောင့်ပဲ ဒီနေရာလေးမှာ ကျနော်ဂိတ်ထိုး မြဲနေလားမသိ။ ဒီရပ်ဝန်းလေးအကြောင်းလည်း ကိုပိန့်ကြောင့် အူမချေးခါမကျန် သိခဲ့ရသည်။

“ကျုပ်ရွာမှာတော့ ကျုပ်ကို ချန်ပီယံလို့ခေါ်ကြတာဗျ။ ငယ်တုန်းက အငြင်းသန်လွန်းလို့ပြောတာပဲ။ တကယ်တမ်းက အပြေးချန်ပီယံဗျ။ နှစ်ရွာကျော်လောက်မှာချကြကတည်းက မိဘတွေ၊ မိန်းမနဲ့ကလေးတွေခေါ်၊ ရှိသမျှလေးထုပ်ပိုးပြီး ပြေးချလာတာ။ ညီမတွေလည်း ပြေးခိုင်းတာပဲ။ သူ့အိမ်ထောင်နဲ့သူတွေဖြစ်နေတော့ နေ့ရွှေ့ညရွှေ့နဲ့ကျန်ခဲ့တာ ခုထိ ရွာခြေကိုပြန်မကပ်နိုင်သေးဘူးကြားတာပဲ။ ရွာလည်း ခွေးမသားတွေမီးပတ်ရှို့တာနဲ့ ပြာပဲကျန်မှာပါဗျာ။ အငယ်ဆုံး ညီနှစ်ကောင်ကတော့ ရှင်းချက်။ စချတယ်ဆို ဟိုဘက်ထဲ ဆိုင်ကယ်တွေပါယူပြီး ပါချသွားတာ ခုထိ သေလားရှင်လားတောင် မသိတော့ပါဘူးဗျာ။ သြော်..ငါ့ညီတွေ..ငါ့ညီတွေ…ကိုကြီးက မင်းတို့လောက်မရဲတော့ လမ်းဘေးမှာ ခွေးအိုကြီးလို ကွမ်းရောင်းစားနေရတယ်ကွ။ မင်းတို့ပြောတဲ့ တောသူဌေးကြီး အခု ခွေးဖြစ်နေပြီဟ”

အချို့အချို့သော ကိုပိန့်စကားတွေကြောင့် ကိုယ်ပါ ဆွဲဆွဲငင်ငင်ကြီး ထအူချင်စိတ်

ပေါက်မိသည်။ အမှောင်ခေတ်ကြီးထဲ ဒုက္ခချင်းပြိုင် ဘယ်သူနိုင်အံ့နည်း။ အံကြိတ်ခံရုံကလွဲပြီးလည်း ဘာမှမတတ်နိုင်။

“ကျုပ် ဒီနားလေးဆိုင်ဖွင့်စပဲရှိသေး၊ ပါတီရုံးကြီး လက်ပစ်ဗုံးနဲ့အထုခံရတာ။ ရုံးကြီးက ဆိုင်ဘုတ်တောင် မရှိပါဘူး။ အခုလည်း ရွေးကောက်ပွဲမတိုင်ခင်လေးမှ ဆိုင်းဘုတ်တွေဘာတွေ လာလုပ်သွားတာ။ ရုံးထဲလည်း ရုံးစောင့် ကိုဖိုးတာတို့ကလွဲပြီး ဘယ်သူမှမရှိဘူး။ ကိစ္စရှိ ခဏလာ၊ ပြီးရင် ပြန်ပြေးကြတာ။ မြို့ပေါ်နေပြီး သေမှာကြောက်နေကြတာ။ တစ်ခုတော့ကောင်းပါတယ်။ ဝင်းတံခါးကြီးပြန်ဖွင့်တော့ လမ်းကြောင်းဘာညာဆို ကလေးမတွေ မလွယ်ပေါက်လေးကနေ ခွေးတိုးဝက်တိုး တိုးစရာမလိုတော့ဘူးပေါ့။ ဟဟဟ…ဒီတစ်ခုတော့ အားကိုးရသား”

ကိုပိန့်စကားကြောင့် ကျနော်တို့ကားသမားတွေ အားပါးတရ ရယ်မောမိကြသည်။ ကိုပိန်က ၅၀ တန်းဆို​တော့ ကျနော့ထက်ငယ်လှ တစ်နှစ်ပျော့ပျော့ရှိလိမ့်မည်။ ခါးစည်းခံနေရတဲ့ဒုက္ခကို ခွတီးခွကျ ကြံဖန်ဟာသဖောက်တတ်တာကြောင့်ပဲ သူ့ရဲ့ မဟော်ဂနီနန်းရိပ်မှာ ကျနော်တို့ မွေ့လျော်နေမိတော့သည်။

●သုံး

ညနက်စပြုကာ လိုင်းကားနဲ့ အောက်ဆိုက်ကားတွေ ကျဲပါးစပြုပြီမို့ ကိုပိန် ဆိုင် စသိမ်းပြီ။ စကားပြောလို့က ကောင်းနေတော့ ကျနော်လည်း ကားမသိမ်းနိုင်သေး။ ကိုပိန့်ကို ပြန်မယ်နှုတ်ဆက်ကာ ကားတံခါးဆွဲဖွင့်လိုက်ချိန်မှာပဲ ခရေပင်တန်းအမှောင်ခြမ်းကနေကျနော့်နာမည်လှမ်းခေါ်သံကိုကြားသည်။

ကြည့်လိုက်တော့ ဒေါက်ဖိနပ်တစ်ဖက်စီ ကိုင်ကာ မပြေးရုံလာနေသည့် ဘာဘူမကို လှမ်းတွေ့ရသည်။

“အမယ်လေး တော်ပါသေးရဲ့.. ဦးတာတီးကြီး မပြန်သေးလို့။ ဧည့်သည်ကောင်က မူးပြီးရစ်နေတာ ဦးတာတီးရေ။ အချိန်လည်းပြည့်ပြီ၊ ပြန်မယ်ပြောတာကို ရဲခေါ်ပြီးဖမ်းခိုင်းမယ်လုပ်နေတာ။ အာမီကလို့ပြောတာပဲ။ တော်ပါသေးရဲ့.. မူးပြီး အိပ်သွားလို့”

ပြောလည်းပြော၊ သူ့ဒေါက်ဖိနပ်လေးကို ပြန်ချစီးသည်။ ပြီးတော့ တစ်ခုခုကိုသတိရသွားသည့်နှယ် ဘက်ထရီမီးရောင် မှိန်မှိန်အောက်မှာ သူ့စလင်းဘက်ထဲ ဖြဲရဲရှာဖွေနေသည်။ ဒီလောက်နဲ့မှအားမရတော့ ပလက်ဖောင်းပေါ် သူ့အိတ်ကိုသွန်ချကာ ရှာသည်။

ဘာရှာမှန်းမသိပေမဲ့ ဘာဘူမက ထိတ်လန့်တကြားရှာဖွေနေတော့ ကျနော်လည်း ဖုန်းမီးလေးဖွင့် ထိုးကူပေးရသည်။ နဖူးဆံစပ်ကနေ ယိုစီးကျလာတဲ့ ဇောချွေးတွေကြောင် မီးမှိန်မှိန်အောက်က ဘာဘူမရဲ့ မိတ်ကပ်ပြာဟောက်ဟောက် မျက်နှာက အော်ဂလီဆန်စရာပင် ကောင်းနေသေး၏။

“ဟယ်တော်…ဒုက္ခပါပဲ ဦးတာတီးရေ။ ဟိုလူရစ်နေလို့ သမီးက ကတ်ပြားထုတ်ပြတာ။ အခု ရှာမရဘူး။ ဒုက္ခပါပဲ။ ဒီသေချင်းဆိုးကောင် သမီးတွိုင်းလက်ဝင်တုန်း နှိုက်သွားလားမသိဘူး။ သေချင်းဆိုးခွေး။ အဲ့အဲ့…အမယ်လေး ဒီမှာ ဒီမှာ။ တော်ပါသေးရဲ့ ပြန်တွေ့လို့။ လူကို သေချင်စော်နံသွားတာပဲ။ ဘုရား ဘုရာ…”

ပျော်တတ်တဲ့ဘာဘူမ ဒီလောက်ဇောချွေးပြန်ရလောက်အောင် ဒီကတ်က ဘယ်လောက်အရေးကြီးတဲ့ကတ်များလဲဆိုပြီး ခဏယူကြည့်မိသည်။

“သမီးတို့လုပ်တုန်းက အလကားလုပ်ပေးတာ။ အဲဒီတုန်းက ခိုးဆိုးနှိုက်လည်း ရတယ်။ ဘာလာလာဒေါင်းတဲ့ အကွက်ကြီး။ အခုကျ ဒီပါတီက အာဏာရှိသွား​ပြီဆိုတော့ လူတိုင်းကို ပေးမဝင်တော့ဘူး။ ရပ်ကွက်နဲ့စခန်းထောက်ခံစာတွေပါမှတဲ့။ပါတီဝင်ပြီးရင်

တောင် ပါတီဝင်ကတ်က ဒါမပေးရင် အကြာကြီးတဲ့”

ဘာဘူမက လက်ညိုးနဲ့လက်မကို ဖျတ်ခနဲဝိုင်းပြသည်။ ပြီးတော့ ကိုပိန့်ဆေးလိပ်ဘူးထဲက မားဗီးယပ်တစ်လိပ် လှမ်းယူသောက်ပြီး စီးကရက်မီးခိုးတွေကို ဝှူးခနဲမှုတ်ထိုက်ရင်း စကားကို ဆက်သည်။

“အခုလိုမျိုး ညနက်ပြီး ရဲဘာညာတွေနဲ့တိုးလို့ အဆွဲခံရရင် မလွယ်ဘူး ဦးတာတီး။ တကယ်အမှုဖွင့်ခံရလို့ ထောင်ထဲရောက်သွားတာကမှ တော်သေးတယ်။ သမီးတော့ အဲ့လိုမတိုးသေးပါဘူး။ ဘဲဥမတို့ အုပ်လိုက်ကြီး အဆွဲခံရတုန်းက ကြည့်လေ။ ဘဲဥမနဲ့ မပွေးက ကားပေါ်ရောက်မှ အဲ့ကတ်ထုတ်ပြတာ။ သူတို့ကို ထားပစ်ခဲ့တာ။ ကျန်တဲ့လူတွေပါသွားရော။ ဘာပဲပြောပြော ဒီကတ်ပြားရှိတော့ လူရှိန်တာပေါ့ဦးတာတီးရယ်.. ဟိဟိ။ ဦးပိန်ရေ.. သွားပြီ။ မာဖီးယားတစ်လိပ်ဖိုး နက်ဖန်မှပေါင်းယူတော့”

မာဖီးယားတဲ့လား ဘာဘူမရယ်။

ခုနကတင် မာဖီးယားငမူးတစ်ကောင်လက်ထဲက အမောတကောထွက်ပြေးလာတဲ့ ဘာဘူမ…ခုတော့ ဘာမှမဖြစ်ခဲ့သလို ကားခေါင်းခန်းထဲမှာ မာဖီးယားလေး တဖွာဖွာ…။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘စိုးစံသစ်’ ရဲ့ “မာဖီးယားည” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...

ရသစာတမ်းငယ်

ကက်စပီယံ (၁) ကတုတ်ကျင်းဘေးက ဗွက်အိုင်ထဲမှာ မိုးစက်တွေ တဖျောက်ဖျောက်ကျနေတယ်။ ကင်းစောင့်နေရင်း လက်ထဲက သေနတ်ဒေါက်ကို မှီပြီး အဝေးက မှောင်မည်းနေတဲ့ တောင်တန်းကြီးတွေကို ငေးကြည့်နေမိတယ်။ ကျွန်တော် အိမ်ကထွက်လာတာ (၅) နှစ်ရှိပြီ။ အဖေနဲ့ အဆက်အသွယ်ပြတ်နေတာလည်း အတူတူပဲ။ ဒီနေ့က “အဖေများနေ့” တဲ့။...

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

Facebook