Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ကျွန်​တော်တို့တိုက်ခိုက်မှု ပုံစံကိုပြန်ပြောင်းရမှာပေါ့။ ပြောင်းလဲ ပြောင်းနေပါတယ်”

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

အာဏာသိမ်းစစ်တပ်ဟာ စစ်အင်အားအများအပြား၊ လေကြောင်းပစ်ကူ သုံးပြီး ချင်းမြောက်ပိုင်းက ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်​နေရာ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဆက်တိုက်ပြင်း​နေပါတယ်။၂၀၂၆ ခုနှစ်ဧပြီ လကုန်ပိုင်းမှာစစ်တပ်က ဖလမ်းမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဆက်ပြီးတော့ မေလဆန်းကစပြီး ဖလမ်းကနေ ဟားခါးဘက်၊ ဖလမ်းကနေ တီးတိန်၊ တီးတိန်က​နေ တွန်းဇံဘက် စစ်ကြောင်းထိုး လှုပ်ရှားလာလို့ တိုက်ပွဲတွေဖြစ်​နေပါတယ်။ ချင်းမြောက်ပိုင်း လတ်တလော စစ်​ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကို People’s Spring က မေးမြန်းထားပါတယ်။

ရွက်ဝါ/People’s Spring

မေး-အာဏာသိမ်းစစ်တပ်က ဖလမ်းကိုပြန်ထိန်းချုပ်ပြီး​တော့ ဟားခါးဘက်တက်လာတဲ့ စစ်ရေး အခြေအနေ ဘယ်လိုရှိပါသလဲ။

​ဖြေ- ဖလမ်းကနေရှေ့ဆက်ပြီး ဟားခါးကို တိုးတဲ့အဖွဲ့နဲ့ ကျွန်​တော်တို့ ဖြစ်နေတဲ့ အခြေအနေဆိုရင်တော့ ဖလမ်းဟားခါးကြား ကျွန်​တော်တို့ယခင်နေခဲ့တဲ့နေရာတွေ ကျွန်​တော်တို့ အားလုံး ပြန်ပြီးတော့ စိုးမိုးထားတာပေါ့။အဲဒီမှာသူတို့က ဟားခါးအဝင် ချွန်ကျုံး။ဟားခါးကနေ သူတို့ကို သွားကြိုဖို့ အလုပ်မှာ ဟားခါးမြို့ထဲမှာ တိုက်ပွဲဖြစ်တော့ သူတို့ဘက်က ဗျူဟာမှူး အပါအဝင် အရာရှိ ၃ယောက်ဒဏ်ရာရတယ်။ ပြီးတော့ တပ်သားတွေက ၅ယောက်လောက်ဒဏ်ရာရပြီးတော့ ၄ ဦးကျတာပေါ့။ မနေ့က ဆိုရင်တော့ ချွန်ကျုံး နဲ့ ဟာခါးအကြားမှာ ကျွန်​တော်တို့ ဘက်က လက်ဖြောင့်တပ်တွေက ၁၁ယောက်ကို စီရင်နိုင်ခဲ့တယ်။အဲဒီမှာ တပ်ရင်းမှူးလို့ ထင်ရတဲ့ အရာရှိတယောက်တော့ ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူက ဆိုင်ကယ်ပေါ်ကနေပြီးအမိန့်ပေးနေတာမျိုးဆိုတော့ဒါက အရာရှိ အဆင့်လို့ ပြောလို့ရပါတယ်။ကျွန်​တော်တို့ဘက်ကတော့ အထိအခိုက်တော့ မရှိဘူးပေါ့။ အဲဒါ ဟားခါး မနေ့(​မေ-၁၅)က အနေအထားထိပေါ့။ ဒီနေ့(​မေ-၁၆)အခြေအနေကတော့ မသိရသေးဘူး။ ဒါ့အပြင် အရင်တိုက်ပွဲတွေတုန်းက လိုင်ကွာနားမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာတော့ သူတို့ သယ်မသွားနိုင်တဲ့ ရန်သူ့အလောင်း ၆လောင်းတော့ ကျွန်​တော်တို့တွေ့တာပေါ့။ဟားခါး-နဲ့ ဖလမ်းကြားအရင် ကျွန်​တော်တို့ စိုးမိုးထားတဲ့နေရာတွေကို ခု ပြန်ပြီးတော့ စိုးမိုးနိုင်ခဲ့တယ်လို့ ပြောရမှာပေါ့။ ဒါပေမဲ့ ရှေ့ဆက်ဘယ်လိုလာမလဲဆိုတာ သူ့ရဲ့လှုပ်ရှားမှုကို စောင့်ကြည့်ရမှာပေါ့။

Public Service Announcement

Public Service Announcement

မေး -ဖလမ်းနဲ့ ဟားခါးဆိုရင် ပုံမှန်အခြေအနေမှာ ကားနဲ့သွားရင် ဘယ်လောက်ကြာပါသလဲ။ အခု စစ်တပ်ကဘယ်နှစ်ရက်လောက်သွားလိုက်ရလဲ။

ဖြေ -ဖလမ်းနဲ့ ဟားခါးကတော့ မိုင် ၄၀ ကျော်ဆိုတော့ တနာရီခွဲနဲ့ ရောက်တာပေါ့။ ဒါပေမဲ့ သူတို့ဖလမ်းကနေ ဟားခါးကိုရောက်ဖို့ သုံးပတ်လောက်ကြာတာပေါ့။

မေး-စစ်တပ်က ဖလမ်းကိုဝင်တုန်းကရော၊ဟားခါးကို ဝင်တုန်းကရောကျေးရွာတွေကို တိုက်ခိုက်တာ အကြမ်းဖက်မီးရှို့တာတွေ့ရပါတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ – အဲဒါနဂိုရ်အစကတည်းကိုယ်ကသူတို့(စစ်တပ်)လုပ်နေကြပါပဲ။ ဒါကတော့ ကျွန်​တော်တို့ အတွက်က ဒါက ရိုးနေပြီလို့ ပြောရမှာပေါ့။ ပြည်သူထိခိုက်မှုကတော့ ရှိတာပေါ့။ အဲဒါအပေါ် ဝမ်းနည်းရမှာပေါ့။ ဒါပေမဲ့ သူတို့ဘက်က ပြည်သူ့စစ်သားမှ မဟုတ်တာ။ ကျွန်​တော်တို့ ပြည်သူတွေကို သတ်ဖြတ်တယ်။ကျွန်​တော်တို့ကို ပြည်သူက မပံ့ပိုးနိုင်အောင် လုပ်နေကျ ဖြစ်ပါတယ်။

မေး -သူတို့ရည်ရွယ်ချက်က ဟားခါးကို စစ်အင်အားဖြည့်တာမျိုးလား။

ဖြေ – ပထမကတော့ ဟားခါး မှာ ရှိပြီးသားကို အင်အားဖြည့်ပြီးတော့မှ ဟားခါးကနေ တဆက်ထဲ စစ်ဆင်ရေးလုပ်ပြီးတော့ ကျွန်​တော်တို့ ထန်တလန် မြို့အထိ နယ်မြေ စိုးမိုးနိုင်ဖို့ ပြန်ပြီးတော့ လုပ်နိုင်ဖို့ လုပ်တဲ့ဟာလို့ ပြောလို့ရပါတယ်။ ဖလမ်းကနေမှ ကျနော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့ အိန္ဒိယ – မြန်မာ နယ်စပ်လမ်းကြောင်း ရိဒ်ခေါ်ဒါကို ဆက်တိုးဖို့ အဲဒီလိုသူတို့စီစဉ်ပုံရတယ်။ အဓိကတော့ သူတို့ ဆုံးရှုံးသွားတဲ့ မြို့တွေ စခန်းတွေ ပြန်လည်ရယူဖို့ပါပဲ။

မေး -စစ်တပ်က ဖလမ်း ပြန်ရပြီး​တော့ လမ်းကြောင်းတွေ ထိန်းချုပ်ဖို့ ကြိုးစားနေတာလား။

ဖြေ – အဲဒါကတော့ ကျွန်​တော်တို့ရဲ့ လုပ်နိုင်တဲ့ စွမ်းရည်ပေါ်မူတည်မှာပေါ့နော်။ အဲဒီလို လုပ်နိုင်ဖို့ဆိုရင် ပင်မလမ်းကြောင်းတွေ သူတို့ထိန်းမယ် အဲဒီကနေ တဆင့် နယ်မြေကိုသူတို့က ပြန်လည်ထိန်းချုပ်မယ်။ အဲဒါ သူတို့ ဗျူဟာပေါ့။ အခုအခြေအနေကတော့လောလောဆယ် ကလေး ကနေဖလမ်းအထိတော့ သူတို့က ယာယီထိန်းချုပ်နိုင်တဲ့ အခြေအနေ ဖြစ်နေသေးတာပေါ့။ ဟားခါးနဲ့ ဖလမ်းကြားကတော့အရင်ထိန်းချုပ်ထားတဲ့နေရာ။သူတို့က ဖလမ်းကနေ ဟားခါးမြို့နယ်အစပ် အဲဒီအထိတော့ သူတို့ ထိန်းချုပ်ထားတယ်။ ဒါပေမဲ့ ဟားခါးမြို့နယ်အစပ်ကနေ အခု ချွန်ကျုံး ဟားခါးအဝင်ထိတော့ကျွန်​တော်တို့ထိန်းချုပ်ထားနိုင်တယ်။

မေး -ဖလမ်းကို ရောက်တဲ့စစ်တပ်အင်အားကများပါသလား။သူတို့ ဘာတွေ ဆက်လုပ်မယ်လို့ ယူဆပါသလဲ။

ဖြေ -သူတို့ကစစ်ကြောင်း ပြန်ခွဲပြီးတော့မှ ဖလမ်းရောက်တဲ့အဖွဲ့က ဟားခါးဘက်ကို နောက်ပြီးတော့ ဖလမ်းကနေ တီးတိန်ဘက်ကို တဖွဲ့။ သူတို့ ဖလမ်းမှာ တဖွဲ့ဆိုပြီး သူတို့ အင်အားသုံးစု ပြန်ခွဲတာပေါ့။ အခုလည်း ဖလမ်းကနေ တီးတိန်ကို သွားပြီးတော့မှ တီးတိန်ကနေ တဆင့် တွန်းဇံဘက်ကို ဆက်တိုးနေလို့ တွန်းဇံနဲ့ တီးတိန်ကြားမှာ တိုက်ပွဲက ပြန်ပြီးတော့မှ ဖြစ်နေတာပေါ့။

မေး-တွန်းဇံတိုက်ပွဲအခြေအနေကဘယ်လိုရှိပါသလဲ။

ဖြေ- အခုတွန်းဇံကတော့ ဒီမနက်လည်း စပစ်နေတယ်။ အဲဒီမတိုင်ခင်မှာ ကျွန်​တော်တို့ တကြိမ် သူတို့ ရှေ့တိုးလာတာ ကျွန်​တော်တို့နဲ့တိုက်ပွဲတခါဖြစ်တယ်။ သူတို့ဘက်က ၁၁ ယောက်လောက်ကျတာပေါ့။ ဒါပေမဲ့ စစ်ကြောင်းတကြောင်းပုံစံလာတာဆိုတော့ အခုလည်း ဆက်ပြီးတော့ ဖြစ်နေပါတယ်။

မေး- စစ်တပ်ကတော့ ချင်းအပါအဝင် နိုင်ငံတဝန်းမှာ စစ်အင်အားအများကြီးနဲ့ စစ်ကြောင်းထိုးနေတာပေါ့။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က သူတို့ စစ်ရေးအထိနာခဲ့ပေမယ့် တရုတ်အကူအညီနဲ့ ပြီးတော့ စစ်မှုထမ်းစုဆောင်းမှုတွေကြောင့် ပြန်နလန်ထူလာတဲ့အခြေအနေ​တွေ့ရတယ်။ ဒီအပေါ်ဘယ်လိုတုံ့ပြန်သွားဖို့ ရှိပါသလဲ။

ဖြေ-ကျွန်​တော်တို့ကတော့ နဂိုရ် ရည်ရွယ်ချက်အတိုင်း ထိန်းချုပ်ပြီးသားစခန်း တွေ ရရှိပြီးသား သိမ်းပြီးသား သူတို့ရဲ့ စခန်းတွေကို ပြန်ပြီးတော့ အရယူမှာပေါ့နော်။ ဒါပေမဲ့ စစ်ရေးမှာတော့ သူတို့က စစ်မှုထမ်းအင်အားတွေ စုဆောင်းထားတယ်။ ပြီးတော့လေကြောင်းရန်တွေ ပြီးတော့ဒရုန်းတွေကအစ ပိုပြီးတော့ သုံးလာနိုင်တဲ့ အခြေအနေပေါ့ သူတိုက တနေရာမှာ အင်အားအလုံးအရင်းနဲ့ အဲဒီလိုမျိုး သွားနေတဲ့ အနေအထားမှာရှိတယ်။ အရင်လိုမဟုတ်ဘဲ သူတို့က အင်အားအလုံးအရင်းနဲ့ လူလှိုင်းစစ်ဆင်ရေး ပုံစံနဲ့ လုပ်တာ။ လူကို ရင်းတာပေါ့။ပြောချင်တာကအင်အား ၆၀၀မှာ၃၀၀ ကပြိုပါစေ ၃၀၀ ကအထိုင်ကျန်မယ်ဆိုတဲ့ ပုံစံနဲ့ ကစားလာတာပေါ့။အဲဒါအပြင် သူတို့မှာ အားသာချက်ကတော့ လေကြောင်းပစ်ကူနဲ့ဒီဒရုန်းတွေဆူဆိုက်ဒရုန်းတွေ ပိုသုံးလာနိုင်တဲ့ အနေအထားမှာ ရှိတာပေါ့။အဲဒါကတော့တနိုင်ငံလုံး အတိုင်းအတာနဲ့ သူ့ရဲ့ဗျူဟာပေါ့နော်။ကျွန်​တော်တို့ကလည်းအတက်နိုင်ဆုံးစစ်ဗျူဟာပေါ့ ကျွန်​တော်တို့တိုက်ခိုက်မှုပုံစံကို ပြန်ပြောင်းရမှာပေါ့။ ပြောင်းလဲ ပြောင်းနေပါတယ်။

မေး-စစ်တပ်က အဓမ္မစစ်သားစုဆောင်းထားတဲ့ လူငယ်တွေရဲ့အသက်တွေစတေးပြီးလုပ်တဲ့သဘောနော်။

ဖြေ – ဟုတ်ကဲ့အဲဒီလိုပါပဲ။သူတို့ကအင်အားအလုံးအရင်းနဲ့ တဝက်လောက်ကို စစ်မြေပြင်မှာ ဆုံးရှုံးမယ်။ကျန်တဲ့ တဝက်ကို နယ်မြေထိန်းချုပ်မယ် အဲဒီလို ပုံစံနဲ့လူကိုရင်းတာပေါ့။အဲဒါကို ပြည်သူတွေ သိဖို့ လိုပါတယ်။ကျွန်​တော်တို့ကတော့ အဲဒီလိုမဟုတ်ဘူး ရှိတဲ့သူနဲ့ ကျွန်​တော်တို့ အနိုင်ရရှိရေးကို နည်းနည်းနဲ့ ကြဲကြဲ၀ိုင်းမယ်။အဲဒါပါပဲ အဓိက ကတော့ဆိုတော့ပြည်သူတွေအနေနဲ့ စိုးရိမ်စရာလည်း ကြောက်စရာလည်း မဟုတ်ပါဘူး။ ကျွန်​တော်တို့ကပြန်ပြီးတော့အားယူနေရမှာပါပဲ။

မေး-လက်ရှိအ​ခြေအ​နေမှာတော်လှန်ရေးတပ်တွေအနေနဲ့ ဘယ်လိုတုန့်ပြန်သင့်ပါသလဲ။

ဖြေ – စစ်ရေးကတော့ အတက်နဲ့အကျရှိပါတယ်။ ဒါကတော့ အဆုံးစွန်သော အောင်မြင်မှု မဟုတ်ပါဘူး။အဲဒါတွေအတွက်လည်း ၅နှစ်တာကာလ ခြေအနေတွေကို ကျွန်​တော်တို့သုံးသပ်ပြီးတော့မှပဲစစ်ကပြန်ကစားရမှာပေါ့။သူတို့ဗျူဟာပြောင်းသလို ကျွန်​တော်တို့လည်း သူတို့အင်အားအပေါ် မူတည့် ပြီးတော့ပြောင်းပြီးတော့ အတက်နိုင်ဆုံးခုခံတွန်းလှန်သွားမှာပါပဲ။

မေး-စစ်တပ်ရဲ့လက်ရှိစစ်ရေးလှုပ်ရှားမှုတွေက တော်လှန်ရေးအောင်မြင်မှုအတွက်စိုးရိမ်စရာလို့ မြင်ပါသလား။

ဖြေ- အခုတလော သူဗျူဟာပြောင်းလိုက်လို့ သူတို့ စစ်အင်အား လက်နက်အင်အား တက်လာပြီးတော့ မြို့တခုနှစ်ခု လောက်ကျသွားရုံနဲ့ သူတို့ ပြန်ပြီးတော့ ကျူးကျော်လာနိုင်ရုံနဲ့တော့ ဘာမှ မဖြစ်ပါဘူး။ကျွန်​တော်တို့မှာဆုံးရှုံးမှုတွေကအနည်ငယ်မျှသာဖြစ်ပါသေးတယ်။ အဲဒါကြောင့်ဒါတွေကတော့ ရှေ့ဆက်ပြီး တိုးနိုင်ဖို့ ဆက်လက်ပြီးတော့ ကျွန်​တော်တို့ အားထည့်တိုက်ပွဲဝင်သွားဖို့ပဲရှိပါတယ်။

မေး -နောက်ဆုံးအနေနဲ့မေးလိုတာက စစ်တပ်ရဲ့ထိုးစစ်အပေါ် စိတ်ပူနေကြသူတွေရှိတာပေါ့။ဒီအပေါ်မှာဘာသတင်းစကားပါးလိုပါသလဲ။

ဖြေ -စစ်ရေးနိုင်ငံရေးဖြစ်ဖြစ်ဘာအလုပ်ဖြစ်ဖြစ် ကျွန်​တော်တို့မှာအတက်အကျဆိုတာရှိပါတယ်။ ဒါပေမဲ့ ဒီအကျဆိုတဲ့နေရာမှာ အစွန်းဆုံသော အကျလုံး၀မဟုတ်သေးပါဘူး။ကျွန်​တော်တို့မှာပြည်သူလူထုအားရှိတယ်။ ပြီးတော့ စိုးမိုးထားနိုင်တဲ့ နယ်မြေတွေအများကြီးရှိတယ်။အဲဒီအပေါ် အခြေခံပြီး ပြည်သူတွေအနေနဲ့ အခုတလော ကျွန်​တော်တို့ဘက်ကနည်းနည်းအကျရောက်ရုံနဲ့ဘာမှ စိတ်ဓာတ်ကျစရာမရှိပါဘူး။ပြည်သူဘက်ကရပ်တည်ပြီးတော့ ပြည်သူနဲ့အတူပြည်သူ့အား နဲ့ ဒီတော်လှန်ရေးကိုတော့ အဆုံးစွန်တိုက်ပွဲဝင်တဲ့နေရာမှာ ဆက်လက်ပြီး အားထည့်ပြီး ပူးပေါင်းပါဝင်ကြဖို့ပဲလိုပါတယ်။ ဒါမှသာ လက်ရှိအတွက်သော်လည်းကောင်း အနာဂတ်အတွက်သော်လည်းကောင်း မျိုးဆက်သစ် တွေအတွက် သော်လည်းကောင်း ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတာတည်ထောင်သွားရမှာ။ဒီနည်းလမ်းပဲရှိပါတယ်။ တခြားနည်းလမ်းရွေးချယ်စရာ မရှိပါဘူး။ ပြည်သူတွေ အနေနဲ့ သိပ်ပြီးတော့ စိတ်ပူတာမျိုး စိုးရိမ်တာမျိုး ဝေဝါးတာတို့ မရှိကြဖို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။

အခုလို​​ဖြေ​ပေးတာကျေးဇူးတင်ပါတယ် ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

Facebook