နေ့သစ်/People’s Spring
လေယာဉ်နဲ့ ဗုံးကြဲပြီးတခေါက်ဆင်းရင် စာအိတ်ညို တအိတ်ဟာ စားပွဲ ပေါ်မှာ စောင့်ကြို နေပါတယ်။ပြည်သူ့တွေအသက်သတ် ပေးတဲ့ လေသူရဲကောင်းတ ယောက်အတွက်ဂုဏ်ပြုငွေပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က လေတပ်စခန်း ၁၁ ခုရှိပြီး အခုနောက်ပိုင်းထပ်မံတိုးချဲ့ထားတာ တွေနဲ့ဆိုရင် ၁၅ခုနဲ့အထက်ရှိပါတယ်။
အများဆုံးအသုံးပြုပြီးပြည်သူတွေကိုအဓိက သတ်ဖြတ်နေတဲ့လေတပ်စခန်း တွေကတော့ တံတားဦး လေတပ်စခန်း၊နေပြည်တော်(အေလာ လေတပ်)၊မိတ္ထီလာရှမ်းတဲလေတပ်၊မကွေးလေတပ်စခန်းတို့ဖြစ်ပါတယ်။

Public Service Announcement

အာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကအရာရှိတွေဟာ တခြားတပ် တွေထက်ပိုပြီးအခွင့် အရေးရပါတယ်။အရာရှိဆိုတာDSAကျောင်းဆင်း တပွင့်ကနေအထက်စပြီး ခေါ်တာပါ။
အခြေခံလစာအပြင်လေယာဥ်မောင်းတဦးအတွက် အပိုကြေးလစဥ် ၅၀,၀၀၀ ကျပ်ရှိပါတယ်။ဒါ့အပြင် ထမင်း၊ဟင်းဟာ တခြားတပ် တွေနဲ့မတူဘဲ ကောင်း ကောင်းမွန်မွန် ကျွေးသလို ကော်ဖီ၊အအေးနဲ့ ဘီစကွက်မုန့် အလျှံအပယ်ခံစားခွင့်ရှိပါတယ်။
အနားယူခွင့်ကလည်း ကြည်းတပ်၊ရေတပ်တွေထက်ပိုရသလို ၊ လုံခြုံရေးမစိုးရိမ်ရတဲ့အခြေအနေမှာဆိုရင် တရက်ခြားအပြင်ထွက်ခွင့်ပိုရတဲ့တပ်ဖြစ်တယ်လို့စစ်သားအချို့ကပြောပါတယ်။
စစ်တပ်ရဲ့ လေတပ် အုပ်မှူးတဦးဟာ တလကို ကျပ်သိန်း ထောင်ချီပြီးဝင် ငွေရပါတယ်။လေတပ်မှာလေသူရဲ (ခေါ်)လေယာဉ်မောင်း(ဗိုလ်ကြီး)တွေကို အဖွဲ့တွေခွဲထားပါတယ်။
ဒီအဖွဲ့ တွေဟာကိုယ့်လေယာဥ်မောင်းဗုံးကြဲရမယ့်နေ့တွေမှာ လေယာဉ်ပေါ်တက်ဖို့ အသင့်အနေအထား စောင့်နေရတာပါ။ဗုံးကြဲဖို့အမိန့်ကျလာရင် အလှည့်ကျဂျူတီထွက်ရပြီး အခုနောက်ပိုင်းဆိုရင် တကြိမ်ကို ၂စီး၊၃စီး လေတပ်စခန်းတခုတည်းက ထွက်သလို မိတ္ထီလာ၊တံတားဦး၊နေပြည်တော် အေလာလေတပ်စခန်းတွေကနေ ချိတ်ဆက်ပြီး တပြိုင်တည်း ဗုံးကြဲစစ်ဆင် ရေးပြုလုပ်တာ တွေလည်းရှိတယ်လို့စုံစမ်းသိရပါတယ်။

သူတို့ရဲ့ဝင်ငွေဟာ လေယာဉ်ဆီ ရောင်းချမှု ခွဲတမ်းကနေရသလိုလေယာဉ်တက်တဲ့အခေါက် အရေအတွက်အတိုင်းလည်းရပါတယ်။တပတ်ကို အရာရှိငယ်တဦးဟာ ငွေကျပ် ၄သိန်းကနေ ၆သိန်းကျပ်အထိရလေ့ရှိပြီး အပတ်စဉ် ကြီးတဲ့ဗိုလ်ကြီး တွေဟာကျပ် ၇သိန်းကနေ ၁၀သိန်း ကျော်အထိရတယ်လို့ စုံစမ်းသိရပါတယ်။
ဒါဟာ လေယာဉ်ထွက်ဗုံးကြဲရတာနည်းတဲ့မကွေး လေတပ်စခန်းကစာရင်းဖြစ်ပြီး ဗုံးပိုကြဲရတဲ့ တံတားဦး လေတပ်စခန်းက အရာရှိတွေရဲ့ ဝင်ငွေ ဟာဒီထက်ပိုများနိုင်ပါတယ်။
“လူအ သေပျောက်များတဲ့အခါဆိုရင် ပစ်မှတ်ထိတယ်ဆိုပြီးအပိုဆုကြေးတွေလည်းရတယ်။ချီးကျူးဂုဏ်ပြုဆိုလည်းလေတပ်က ကောင်တွေကပိုရလွယ်တယ်။စစ်သာမတိုက်တက်တာ လေပေါ်ကဗုံးကြဲရုံကို ရာထူးတက်ကြရင်လည်း ဒီကောင် တွေကပိုမြန်တယ်”လို့ ကြည်းတပ်အရာရှိတဦးက ပြောပြပါတယ်။
စစ်အုပ်စုအတွင်းချီးကျူးဂုဏ်ပြုတယ်ဆိုတာ ကာကွယ်ရေးဦးစီးချုပ်လက်မှတ်နဲ့ဂုဏ်ပြုမှတ်တမ်းဖြစ်ပြီး ဒီမှတ်တမ်းရထားသူ တွေဟာ ရာထူးတပ်ဖို့ပိုမြန်ပါတယ်။ဒီဝင်ငွေနဲ့ခံစားခွင့် တွေကြောင့် လေတပ်အရာရှိအများစုဟာ ပြည်သူ တွေကို ဗုံးကြဲသတ်ဖို့ လက်မရွံလူသတ်သမားအလုပ်ကို တက်တက်ကြွကြွလုပ်နေကြတာပါ။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံတစ်ဝန်းလူမျိုး ၊ဘာသာ ၊ဒေသ မခွဲခြားဘဲပြည်သူ တွေကိုပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှု တွေကို စစ်တပ်က ဆက်တိုက်လုပ်ခဲ့၊ လုပ်နေဆဲဖြစ်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ဇွန်လကုန်အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၂ ၈၉၆ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူပေါင်း ၅၈၄၆ ဦးသေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနကပြီးခဲ့တဲ့ ဇူလိုင်လမှာထုတ်ပြန်ထားပါတယ် ။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)ကလည်း ၂၀၂၅ တစ်နှစ်တည်းမှာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ပြည်သူအနည်းဆုံး ၉၈၂ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။သေဆုံးသူတွေထဲမှာအမျိုးသမီးနဲ့ ကလေးငယ်ပါဝင်မှုဟာ ၅၀ရာခိုင်နှုန်း ကျော်ရှိတယ်လို့ သိရပါတယ်။
ရက်စက်မှုမှာထင်ရှားဖြစ်ခဲ့တဲ့ ၂၀၂၂ခုနှစ်၊စက်တင်ဘာလ၁၆ ရက် နေ့ကဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းရွာစာသင် ကျောင်း ဗုံးကြဲခံရမှု၊၂၀၂၃ခုနှစ်၊ဧပြီလ၁၁ရက်နေ့ကပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု၊၂၀၂၆ သြဂုတ်လ၂၁ ရက်မြောင်မြို့နယ်၊ဆွဲလွဲအိုရွာက တရားစခန်းဗုံးကြဲခံရမှု တွေဖြစ်ပါတယ်။
ဒီလိုစစ်ရာဇဝတ်ကျူးလွန်မှုမှာ ပူးပေါင်းပါဝင်သူအများအပြားရှိပါတယ်။လေတပ်အရာရှိကြီး တွေကစလို့ လေတပ်စခန်းရဲ့ စခန်းမှူး၊အုပ်မှူးကနေ ပိုင်းလော့(လေသူရဲ)ဗိုလ်ကြီးတွေအထိပါ။
ရုပ်ရှင်တွေထဲကကြေးစားလူသတ်သမား တွေဟာ ပစ်မှတ်တခုကိုပဲ လိုက်လံရှင်းလင်းခဲ့ပေမယ့် လေတပ်က စစ်ဗိုလ် တွေကတော့သံဃာနဲ့ကလေးငယ်၊ကျောင်းသား၊သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်တွေပါမချန်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူးလွန် နေကြတာပါ။
“သူပုန်အားပေးလို့ရှင်းလင်းတယ်”ဆိုတဲ့ဝါဒဖြန့် စကားကို အတွင်တွင်သုံးပြီး ကိုယ့်ဇာတိ မြေကို ဗုံးပြန်ကြဲခဲ့တဲ့ လေတပ်အရာရှိပေါင်းများစွာရှိနေဆဲဖြစ်ပါတယ်။
ဒါပေမယ့် စက်တင်ဘာ ၁၀ ရက်နေ့ကတော့ နိုင်ငံတစ်ဝန်းဗုံးပတ်ကြဲနေတဲ့ လေတပ်ကစစ်သားတွေအတွက် သတိပေးခေါင်းလောင်းသံထွက်ပေါ်လာပါတယ် ။ စစ်တပ်အဓိကအသုံးပြုတဲ့လေတပ်တစ်ခုဖြစ်တဲ့ တံတားဦးလေတပ်ကို PDF တွေရဲ့ FPVဒရုန်းတွေကဖြတ်ကျော်ဝင်ရောက်လာပြီး တိုက်ခိုက်သွားတာပါ ။ တိုက်လေယာဥ် ၄ စီးထိခိုက်ပြီး ၂ စီးကသုံးမရအောင်ပျက်စီးခဲ့တယ်လို့ PDF တွေကပြောပါတယ်။
စစ်တပ်ကတော့ ကနဦး ဒရုန်းတွေက လေတပ်ထဲထိတောင်မရောက်ခဲ့ဘဲ တားဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ PDF တွေရဲ့ဒရုန်းတွေက တိုက်လေယာဥ်တွေအနီးပျံသန်းတိုက်ခိုက်တဲ့ ရုပ်သံအထောက်အထားတွေထွက်ပေါ်လာတဲ့အခါမှာတော့ တိုက်လေယာဥ်တွေဟာ ပိုက်ကွန်တွေကာထားလို့ ပျက်စီးမှူမရှိဘူးလို့ ဝါဒဖြန့်ပြန်ပါတယ်။
လူထုနွေဦးစုံစမ်းရတဲ့အချက်အလက်တွေအရ တိုက်လေယာဥ်အချို့ပျက်စီးခဲ့တဲ့အပြင် လေတပ်ကစစ်သားအချို့ပါထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ် ။ဒါ့အပြင် လေတပ်တိုက်ခိုက်ခံရပြီး ဒရုန်းတွေလာရာဘက်ကို လေကြောင်းရန်ကာကွယ်ရေးတပ်ကကားတွေ ၊ရဟတ်ယာဥ်တွေနဲ့ လိုက်ရှာတာမှာ PDF တွေ ၊ပကဖတွေကစောင့်တိုက်လို့ ဗျူဟာမှူးအပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။
စစ်တပ်အဓိကအားကိုးနေတဲ့ တိုက်လေယာဥ်တွေ ၊လဆိပ်တွေထဲကို တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတွေ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီဆိုတာက လေယာဥ်ဘယ်နှစ်စီးပျက်စီးတယ်ဆိုတာထက် ပိုကြောက်စရာကောင်းတဲ့သတင်းဖြစ်တယ်လို့ စစ်ရေးလေ့လာသူအချို့ကပြောပါတယ် ။ PDF တွေက လေတပ်တွေကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ နည်းပညာရသွားပြီိဆိုတဲ့ အဓိပ္ပါယ်က ဘယ်အထိကျယ်ပြန့်တယ်ဆိုတာ လေတပ်ကစစ်သားတွေပိုသဘောပေါက်နားလည်ကြပါတယ်။
ဒါအပြင် စက်တင်ဘာ ၁၆ ရက်မှာ ဧရာဝတီမြစ်အထက်ပိုင်း ဗန်းမော်နဲ့ ရွှေကူကြား စစ်ရေယာဥ်တွေကို လုံခြုံရေးလုပ်ပေးရင်တော်လှန်ရေးတပ်တွေကို ဗုံးကြဲတဲ့ Y-12 လေယာဥ်ကို KIA ကပစ်ခတ်လို့ မီးခိုးအူပြီး နိမ့်ဆင်းသွားပါတယ်။ လေယာဥ်ပျက်ကျတယ်လို့ သုံးသပ်ပြီး တော်လှန်ရေးတပ်တွေက လိုက်ရှာနေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လှန်ရေးတပ်တွေက စစ်တပ်ရဲ့တိုက်လေယာဥ်၊ရဟတ်ယာဥ် အနည်းဆုံး ၁၄ စီးကိုပစ်ခတ်ဖျက်ဆီးထားပါတယ် ။ဒီစာရင်းမှာ တံတားဦးလေတပ်က တိုက်လေယာဥ်ပျက်စီးမှုနဲ့ ဗန်းမော်တိုက်ပွဲမှာ Y-12 လေယာဥ်ပစ်ချမှုက အတည်ပြုနေဆဲမို့မပါသေးပါဘူး။
ဒီထဲမှာ PDF တွေက စစ်တပ်လေတပ်ကိုထိုးဖောက်ဝင်ရောက်ပြီး တိုက်လေယာဥ်တွေကို FPV ဒရုန်းနဲ့တိုက်ခိုက်နိုင်တာက အလှုပ်ခတ်ဆုံးဖြစ်ခဲ့ပါတယ် ။အာဏာသိမ်းစစ်တပ်အတွက်တော်လှန်ရေးတပ်တွေအပေါ် အဓိကအသာစီးရတဲ့ လေတပ်ကို တော်လှန်ရေးတပ်တွေက FPV ဒရုန်းတွေနဲ့ ဘယ်လောက်အထိစိန်ခေါ်နိုင်မလဲ ဆိုတာ ဆက်လက်မြင်တွေ့ရမှာဖြစ်ပါတယ်။
PDF စစ်ရုံးချုပ်ကတော့စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်တွေအပါအဝင် စစ်တပ်ရဲ့ အဓိကကျောရိုးစစ်ဘက်ဗဟိုချက်မတွေကိုအရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်ချေမှုန်းသွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။
တံတားဦးလေတပ်ကို PDF တွေက ဒရုန်းနဲ့တိုက်ခိုက်လိုက်တဲ့ရုပ်သံမှတ်တမ်းထုတ်ပြန်လိုက်ချိန်မှာ ပြည်သူတွေက ဗီဒီယိုကိုကြည့်ရှုရင်း ဝမ်းသာအားရမှတ်ချက်တွေရေးသားကြပါတယ် ။အဲဒီမှတ်ချက်တွေကို ဖတ်ကြည်လေတပ်ကစစ်သားတွေအပေါ် ပြည်သူတွေရဲ့အမြင်သဘောထားအလွယ်တကူအကဲခတ်နိုင်ပါတယ်။
“ကောင်းလိုက်တဲ့ သတင်းပြည်သူပိုင်ဆိုင်တဲ့ ပြည်သူလေယာဉ်တွေနဲ့ ပြည်သူကို ထင်တိုင်းကြဲ အကြမ်းဖက်သတ်ဖြတ်နေတဲ့စစ်ေးတွေ။အားရတယ်ဟေ့တော်လှန်ရေးသမားများ ဘေးကင်းပါစေ”လို့ပြည်သူတဦးက လူထုနွေဦးကဖော်ပြတဲ့သတင်းအောက်မှာမှတ်ချက်ပြုပါတယ်။
အခြားပြည်သူတဦးကလည်း”ပျံနေတဲ့ ငှက်ကို ပစ်ချမရရင်… ငှက်သိုက်မှာ နားနေချိန် ဝင်ပစ်…အိုဟို ရှယ်ပဲ”လို့ဆိုထားပါတယ်။


















































