ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။
အဲဒီဖြစ်ရပ်ဟာ မတ်လ ဝန်းကျင်လောက်တုန်းက ဖြစ်ပွားခဲ့ပေမယ့်လည်း JTBC သတင်းဌာနက အကြောင်းအရာ အသေးစိတ်ကို အခုသီတင်းပတ်ထဲမှာမှ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၇ နှစ်အရွယ် ပက်ခ်ဝမ်ယောဟာ ၂၀၁၆ ခုနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံ၊ ဘာကိုလော့ဒ်မြို့နားက ကြံခင်းတစ်ခုမှာ တောင်ကိုရီးယား နိုင်ငံသား ၃ ဦးကို သတ်ဖြတ်မှုအတွက် ထောင်ဒဏ် နှစ်ပေါင်း ၆၀ ချမှတ် ခံထားရသူပါ။ အဲဒီပြစ်မှုကြောင့် သူဟာ ဖိလစ်ပိုင်မှာ ကြံခင်း လူသတ်သမားလို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။
ပက်ခ်ဟာ ဖိလစ်ပိုင်မှာ ထောင်ကျနေတဲ့ အတောအတွင်း Telegram အသုံးပြုပြီး တောင်ကိုရီးယားဆီ မူးယစ်ဆေးဝါးတွေ တင်သွင်းတဲ့ ကွန်ရက်ကို ဆက်လက် အမိန့်ပေး ထိန်းချုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။ အခုနှစ်မှာတော့ မူးယစ်ဆေးဝါး မှောင်ခိုမှု စွဲချက်တွေအတွက် တောင်ကိုရီးယားမှာ ပက်ခ်ကို အမှုရင်ဆိုင်နိုင်အောင် ယာယီ လွှဲပြောင်းပေးဖို့ ဖိလစ်ပိုင် အစိုးရက လက်ခံပေးခဲ့ပါတယ်။

Public Service Announcement
မတ်လ ၂၅ ရက်နေ့မှာ သူ့ကို လွှဲပြောင်းပေးဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင်မှာ ဒရုန်းနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ ပက်ခ်က ပြင်ပမှာရှိတဲ့ သူ့တပည့်တွေကို ညွှန်ကြားခဲ့ပါတယ်။ ပက်ခ်ဟာ ၂၀၂၂ ခုနှစ်မှ ပြစ်ဒဏ်ချမှတ် ခံရတာ ဖြစ်ပေမယ့် တရားစီရင်နေဆဲ ကာလ ချုပ်နှောင်ခံထားရချိန် ၂၀၁၇ နဲ့ ၂၀၁၉ တို့တုန်းကလည်း အကျဉ်းသားသယ်တဲ့ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ပြီး သူ့ကိုကယ်ထုတ်စေဖို့ ညွှန်ကြားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အခုတစ်ခေါက်မှာတော့ နယူးဘီလီဘက်ဒ် ထောင်ကြီးမှာ ဒရုန်းတွေကို ကြားဖြတ်နှောင့်ယှက်တဲ့ ဂျမ်မာ (jammer) တပ်ဆင်ထားခြင်း မရှိမှန်း သိနေတဲ့ ပက်ခ်ဟာ သည်းထိတ်ရင်ဖိုနဲ့ တသသ ပြောစရာ ဖြစ်ကျန်စေမယ့် နည်းလမ်းနဲ့ ထောင်ဖောက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပက်ခ်ရဲ့ ညွှန်ကြားချက်အရ သူ့ရဲ့တပည့်တွေဟာ အလေးချိန် အတော်များများ သယ်ယူနိုင်တဲ့ တရုတ်လုပ် ဒရုန်းအကြီးစား တစ်စီးကို ဝမ်သန်း ၁၀၀၊ တစ်နည်းအားဖြင့် ဒေါ်လာ ၇၄၀၀၀ လောက် အကုန်အကျခံ ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက် လက်တွေ့ ထောင်ဖောက်မယ့် အစီအစဉ် မတိုင်ခင်မှာ ကြံရာပါတွေက ဒရုန်းဟာ လူတစ်ယောက်ရဲ့ အလေးချိန်ကို တကယ်ပဲ သယ်နိုင်စွမ်း ရှိမရှိ လက်တွေ့ စမ်းသပ်ခဲ့ပါတယ်။
ဖြစ်ချင်တော့ အဲဒီစမ်းသပ်မှုကို ရိုက်ကူးထားတဲ့ ဗီဒီယိုက တစ်နေရာရာကနေ လူမှုကွန်ရက်ပေါ်ကို မြန်မြန်ဆန်ဆန် ပေါက်ကြားသွားပါတယ်။ လူတစ်ယောက်ကို ကောင်းကောင်းသယ်နိုင်တဲ့ ဒရုန်းကြီးဆိုပြီး အံ့ဩတကြီး မျှဝေကြရာကနေ ထောင်အရာရှိတွေက ပက်ခ်တစ်ယောက် ဘယ်ယုန်မြင်လို့၊ ဘယ်ချုံထွင်နေသလဲဆိုတာ ရိပ်မိသွားကြပါတယ်။ ပက်ခ်ရဲ့ ထောင်ဖောက်ပြေးမယ့် မဟာစီမံကိန်းကြီးလည်း ရေစုန်မျော ပျက်စီးသွားခဲ့ပါတယ်။
အခုတော့ ပက်ခ်ကို ကြိုတင်စီစဉ်ထားတဲ့အတိုင်း တောင်ကိုရီးယားမှာ အမှုရင်ဆိုင်ဖို့လည်း ယာယီ လွှဲပြောင်းခေါ်ယူထားပြီး ဖြစ်တယ်လို့ JTBCက ဖော်ပြခဲ့ပါတယ်။ သူ့ကို ဒရုန်းနဲ့ ကယ်ထုတ်မယ့် အစီအစဉ် ဘယ်လိုဘယ်ပုံ ပေါက်ကြားသွားသလဲ ဆိုတာကတော့ အခုအထိ လျှို့ဝှက်နက်နဲတဲ့ ပဟေဠိတစ်ခုအဖြစ် ကျန်နေဆဲပါ။
ကိုးကား: SCMP


















































