စက်တင်ဘာ -၁၇ ၊၂၀၂၆
အသက် ၆၆ နှစ်အရွယ် ထိုင်းအမျိုးသမီးကြီး တစ်ဦးဟာ ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ဖန်တီးထားတဲ့ Facebook ပရိုဖိုင် တစ်ခုနဲ့ ရည်းစားဖြစ်ပြီး လမ်ပန်ကနေ ကီလိုမီတာ ၁၀၀ လောက် ကွာဝေးတဲ့ ချင်းမိုင်ထိ ထွက်ခွာလာခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၁၆ ရက် ညပိုင်းတုန်းက ချင်းမိုင် နိုင်ငံတကာ လေဆိပ်မှာ တဝဲလည်လည် ဖြစ်နေတဲ့ အမျိုးသမီးကြီးကို အာဏာပိုင်တွေက စပြီး သတိထားမိပါတယ်။ ဒါကြောင့် ချဉ်းကပ်ပြီး စုံစမ်းမေးမြန်းတဲ့အခါ သူ့ရဲ့ ချစ်သူ လေယာဉ်မှူးနဲ့ တွေ့ဖို့ ချင်းမိုင်ထိ လာရောက်တဲ့အကြောင်း အမျိုးသမီးကြီးက ပြောပြပါတယ်။
အွန်လိုင်းမှာ ဆုံတွေ့ခဲ့တဲ့ အမျိုးသားဟာ ချိုင်လို့ခေါ်ကြောင်း၊ ချင်းမိုင် နိုင်ငံတကာ လေဆိပ်မှာ အခြေစိုက် တာဝန်ထမ်းဆောင်တဲ့ လေယာဉ်မှူး တစ်ဦးဖြစ်ကြောင်း အိုင်ပိုလို့ခေါ်တဲ့ အမျိုးသမီးကြီးက ဆိုပါတယ်။

Public Service Announcement
အိုင်ပိုဟာ လမ်ပန်မှာရှိတဲ့ တောင်ပေါ်ဒေသ တစ်ခုကနေ ချင်းမိုင်ထိ ရောက်အောင် လာခဲ့တာပါ။ လေဆိပ် လုံခြုံရေးတွေနဲ့ အကောက်ခွန် အရာရှိတွေက လမ်ပန်ရဲ့ ချစ်သူ လေယာဉ်မှူးဆိုတဲ့ အမျိုးသား ဓာတ်ပုံကို တောင်းကြည့်တဲ့အခါ သူက Facebook ပရိုဖိုင် တစ်ခုကို ပြသခဲ့ပါတယ်။ အဲဒီမှာရှိတဲ့ ဓာတ်ပုံဟာ AIနဲ့ ဖန်တီးထားတာလို့ လေဆိပ် အမှုထမ်းတွေက ကောက်ချက်ချခဲ့ပါတယ်။
အိုင်ပိုဟာ AIနဲ့ ဖန်တီးထားတဲ့ Facebook ပရိုဖိုင်ထဲက အမျိုးသားအပေါ် အတော်လေး စွဲလမ်းနေဟန် ရှိတယ်လို့ ဆိုပါတယ်။ သူဟာ ချင်းမိုင်မြို့ဆီကို အဝေးပြေး ဘတ်စ်ကားနဲ့ ရောက်လာပြီး အဲဒီနောက် လေဆိပ်ထိ တုပ်တုပ် သုံးဘီးဆိုင်ကယ် ငှားစီးလာခဲ့တာပါ။
နောက်ဆုံးမှာတော့ ကမ္ဘာလှည့် ခရီးသွား ရဲဌာနနဲ့ လူမှုအဖွဲ့အစည်းတွေဟာ အိုင်ပိုရဲ့ သားဖြစ်သူဆီ အဆက်အသွယ် လုပ်နိုင်ခဲ့ပြီး အခြေအနေကို ရှင်းပြခဲ့ပါတယ်။ အိုင်ပိုရဲ့သားက သူ့အမေ ချင်းမိုင်ကို ထွက်သွားမှန်း မသိခဲ့ကြောင်း ပြောပြပါတယ်။
အိုင်ပိုကို ညတွင်းချင်း ပြန်ပို့ဖို့ မဖြစ်နိုင်တာကြောင့် လေဆိပ် တာဝန်ရှိသူတွေက အမျိုးသမီးကြီးအတွက် အစားအသောက်၊ သောက်ရေနဲ့ စောင်တွေ စီစဉ်ပေးပြီး လေဆိပ်ထဲမှာပဲ ညအိပ်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ ကမ္ဘာလှည့် ခရီးသွား ရဲတပ်ဖွဲ့က အိုင်ပိုကို အဝေးပြေး ကားဂိတ်ကို လိုက်ပို့ပြီး နေရပ်ပြန်ဖို့ လက်မှတ်ဝယ်ပြီး ကားပေါ်တင်ပေးလိုက်ပါတယ်။
လမ်ပန်ကို ပြန်ရောက်သွားချိန်မှာတော့ အိုင်ပိုရဲ့ သားက စောင့်ဆိုင်းနေပြီး အိမ်ပြန်ခေါ်သွားခဲ့ပါတယ်။ အခုဖြစ်စဉ်မှာ အမျိုးသမီးကြီးဟာ လှည့်စားခံရပြီး ငွေကြေးဆုံးရှုံးမှုတွေ ရှိခဲ့သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကိုးကား – Bangkok Post


















































