အောက်တိုဘာ – ၁၆ ၊၂၀၂၆
အာဏာသိမ်းစစ်တပ်နဲ့အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေကြား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒါဟာတစ်လအတွင်းအမေရိကန်နဲ့အာဏာသိမ်း စစ်တပ်ကြားက ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲတွေလည်း ဖြစ်လာပါတယ်။
အမေရိကန်ဟာ ၂၀၂၁ အာဏာသိမ်းမှု ပြီးကတည်းက သံတမန်ရေးအရ အထီးကျန်အောင် ဖြတ်တောက်ထားတဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့မှုတွေ ပြန်လည် စတင်နေပြီလို့ Reutersက သတင်းဖော်ပြပြီး တစ်ပတ်လောက် အကြာမှာပဲ ဂျပန်မှာဒုတိယအကြိမ် တွေ့ဆုံတဲ့အကြောင်း သတင်းထပ်ထွက်လာတာပါ။

Public Service Announcement
ပထမအကြိမ်တုန်းကတော့ မြန်မာနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလွတ်မြောက်ရေးကိစ္စအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထိပ်တန်းအရာရှိတစ်ဦးက နေပြည် တော်ကိုသွားရောက်ညှိနှိုင်းရင်း အာဏာသိမ်းစစ်တပ် ခေါင်းဆောင်ပိုင်းနဲ့ပါ စကားပြောခဲ့တာလို့ သိရပါတယ်။
အဲဒီဆွေးနွေးမှုဟာမြန်မာနယ်စပ်အခြေစိုက်အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)ဂိုဏ်းတွေ ဖြိုခွင်းရေး ကိစ္စကို အဓိကထားခဲ့တယ်ဆိုပေမယ့် ပိုပြီး ကျယ်ပြန့်တဲ့ အကြောင်းအရာတွေ အတွက်လည်း လမ်းဖွင့်ပေးခဲ့ကြောင်း Reutersက ဖော်ပြခဲ့ပါတယ်။
အမေရိကန်ဖက်ကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသန ဌာနခွဲမှူး လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ်က ဦးဆောင်ခဲ့ပါတယ်။
ဂျပန်က တွေ့ဆုံမှုမှာလည်းအမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဗန့်စ်ပဲ ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေကို အမေရိကန်အစိုးရအရာရှိတဦး အပါအဝင် အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် သုံးခုကအတည်ပြုခဲ့ပေမယ့်အသေးစိတ် အကြောင်းအရာတွေကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
အမေရိကန်အစိုးရဟာမြန်မာစစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေကို တိုက်ရိုက် အတည်မပြုပေမယ့် အမေရိကန် အကျိုးစီးပွားနဲ့ ပတ်သက်ပြီး မြန်မာက အစုအဖွဲ့ အားလုံးနဲ့ စကားပြောနေတယ်လို့ မှတ်ချက်ပေးထားပါတယ်။
တိုကျိုမှာ အမေရိကန်နဲ့ အာဏာသိမ်းစစ်တပ် ထပ်မံတွေ့ဆုံကြတယ် ဆိုတာနဲ့ ပတ်သက်လို့ ဂျပန်အစိုးရရဲ့ အခန်းကဏ္ဍက ဘယ်လိုပါဝင် ပတ်သက်နေသလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း နှစ်ဖက်ကြား ကနဦးအဆင့် စကားပြောတာတွေကို တိုကျိုမှာ လုပ်ဆောင်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
ဂျပန်ဟာလည်း အာဏာသိမ်း စစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြန်လည် စတင်လာမယ့် အရိပ်အယောင်မျိုး ပြသနေပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ယာယီ ကိုယ်စားလှယ်ဟာ လဆန်းပိုင်းတုန်းက အာဏာသိမ်းစစ်တပ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဂျပန်ဟာမင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်း အစုအဖွဲ့ကို အသိအမှတ် ပြုမထားပေမယ့် ထိတွေ့ဆက်ဆံမှုတွေကိုတော့ တိုးမြှင့်လာနေပါတယ်။ စက်တင်ဘာလတုန်းကလည်း ဂျပန် အာဏာရပါတီ အမတ်တစ်ဦးဖြစ်တဲ့ ဟီရိုမီချီ ဝါတာနာဘီ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နေပြည်တော်ကို သွားရောက်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားချိန်တုန်းက ဂျပန်က အပြင်းအထန် ရှုတ်ချခဲ့ပေမယ့် အမေရိကန်၊ ဥရောပသမဂ္ဂ (EU)တို့လိုမျိုး စစ်တပ်အပေါ် ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်တာမျိုးတော့ မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ ဂျပန် ကုမ္ပဏီပေါင်း ၃၀၀ ဝန်းကျင် လုပ်ငန်း လည်ပတ်နေဆဲဖြစ်ပြီး ဒါဟာ အာဏာမသိမ်းခင်ကနဲ့ ယှဉ်ရင် ၁၀၀ လောက် လျော့ကျသွားတာ ဖြစ်ပါတယ်။
ကိုးကား – Reuters
















































