‘ကင်ဆာ’ဆိုတဲ့ စကားလုံးဟာ ကြားလိုက်ရုံနဲ့ စိတ်တုန်လှုပ် ချောက်ချားသွားစေနိုင်တဲ့ ရောဂါဆိုးတစ်မျိုး ဖြစ်ပါတယ်။ ကင်ဆာရောဂါဟာ လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အမျိုးမျိုးမှာ ဖြစ်ပွားနိုင်သလို ပြင်းထန်တဲ့ အဆင့်မှာတော့ အသက်ပါ ဆုံးရှုံးစေနိုင်ပါတယ်။ အာရှတိုက် တစ်ခုလုံးကို ခြုံကြည့်မယ် ဆိုရင်တော့ ကင်ဆာရောဂါ အမျိုးမျိုး ပျံ့နှံ့ ဖြစ်ပွားမှု၊ လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ကွဲပြားတာကို မြင်နိုင်ပါတယ်။
ဆန်းစစ်လေ့လာမှုတွေ အရဆိုရင် အဆုတ်ကင်ဆာဟာ အာရှတိုက်မှာ ဖြစ်ပွားနှုန်းရော၊ သေဆုံးစေမှုမှာပါ ဦးဆောင်စာရင်းကို ရောက်နေတာ တွေ့ရပါတယ်။ ဒီနေရာမှာ ဖြစ်ပွားမှု များတာနဲ့ အသက်ဆုံးရှုံးတာဟာ တိုက်ရိုက် အချိုးကျနေတယ်လို့ ပုံသေတပ်အပ် ယူဆလို့ မရပါဘူး။
လေ့လာမှုတွေအရ အဖြစ်အများဆုံး ကင်ဆာတွေ စာရင်းမှာ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ အူလမ်းကြောင်း ကင်ဆာတွေက အစဉ်လိုက် ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ အစာအိမ် ကင်ဆာက အဖြစ်အများဆုံး ပဉ္စမ နေရာမှာ ရှိနေပြီး သေဆုံးမှု စာရင်းမှာတော့ နံပါတ် ၄ ကို ရောက်နေတာ တွေ့ရပါတယ်။
အဲဒီ ကွာဟချက်တွေကို လေ့လာတာဟာ ဘယ်လို ကင်ဆာတွေက အာရှ လူ့အဖွဲ့အစည်းကို အဓိက ခြိမ်းခြောက်နေလဲ၊ သက်ရောက်မှု ဘယ်လောက် ပြင်းထန်နိုင်သလဲ ဆိုတာတွေကို ဆန်းစစ်ဖို့၊ စောစောစီးစီး ခြေရာခံ ရှာဖွေပြီး ထိရောက်မှန်ကန်တဲ့ ကုသမှုကို ခံယူနိုင်ဖို့အတွက် အရေးကြီးပါတယ်။

Public Service Announcement
ကင်ဆာဖြစ်ပွားနှုန်းကို ဘယ်လိုလျှော့ချမလဲ
အစားအသောက် ဆင်ခြင်ရုံ၊ နေထိုင်မှု ပုံစံတွေကို ကောင်းမွန်အောင် ဂရုစိုက်ရုံနဲ့ ကင်ဆာမဖြစ်အောင် ကာကွယ်လို့ မရပါဘူး။ အသက်အရွယ်၊ မျိုးရိုးဗီဇ အစရှိတဲ့ ကိုယ်တိုင် ပြုပြင် ထိန်းချုပ်လို့ မရတဲ့ ကင်ဆာ ဖြစ်စေမှု အကြောင်းတရားတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ဆင်ခြင်သင့်တာတွေကို ဆင်ခြင်၊ လိုက်နာသင့်တာတွေကို လိုက်နာခြင်းဟာ ကင်ဆာ ဖြစ်နိုင်ခြေကို ထိထိရောက်ရောက် လျှော့ချနိုင်မယ့် ရွေးချယ်ခွင့်တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဆေးလိပ်မသောက်တာ၊ ကိုယ်အလေးချိန်ကို ကျန်းမာရေးအတွက် သင့်တော်တဲ့ အဆင့်မှာ ထိန်းထားတာ၊ အာဟာရ ပြည့်ဝအောင် စားသောက်တာ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ အရက်ကို ရှောင်တာ ဒါမှမဟုတ် လျှော့သောက်တာမျိုး အလေ့အထတွေက ကင်ဆာဖြစ်နိုင်ခြေကို အဓိက လျှော့ချပေးတဲ့ နည်းလမ်းတွေလို့ ထောက်ခံထားပါတယ်။
ကမ္ဘာ့ကင်ဆာ သုတေသန ရန်ပုံငွေအဖွဲ့ (WCRF)ကတော့ ကိုယ်အလေးချိန်ကို သင့်တော်အောင် ထိန်းသိမ်းတာ၊ ပုံမှန် လေ့ကျင့်ခန်းလုပ်တာ၊ အစေ့အဆန်၊ ဟင်းသီးဟင်းရွက် သစ်သီးတွေနဲ့ ပဲအမျိုးမျိုး စားသောက်တာ၊ အနီရောင် အသားတွေနဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေ စားသုံးမှုကို လျှော့ချတာ၊ သကြားပါဝင်တဲ့ အချိုရည်တွေ လျှော့သောက်တာ၊ အရက်လျှော့သောက်တာတွေ လုပ်ဖို့ အကြံပေးထားပါတယ်။
ကိုယ်အလေးချိန် များလွန်းတဲ့အခါ သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါအမျိုးမျိုး ဝင်လာနိုင်သလို ကင်ဆာ ဖြစ်နိုင်ခြေလည်း တိုးလာပါတယ်။ ခန္ဓာကိုယ်မှာ အဆီလွန်ကဲတာဟာ ကင်ဆာကို ဖိတ်ခေါ်တဲ့ ဟိုမုန်းအပြောင်းအလဲ ဖြစ်စဉ်တွေကို အားပေးပါတယ်။ ဒါပေမဲ့ ပိန်နေရင် ကင်ဆာမဖြစ်နိုင်ဘူးဆိုပြီး မှားယွင်းယူဆလို့ မရပါဘူး။ ကျန်းမာရေးနဲ့ သင့်တော်ပြီး အဆီပမာဏ ရှိသင့်သလောက်သာရှိတဲ့ ခန္ဓာကိုယ် အချိုးအစားမျိုးကို ထိန်းသိမ်းထားပြီး အာဟာရ ပြည့်ဝအောင် စားဖို့ လိုပါတယ်။ ပြီးတော့ နည်းပညာနဲ့ ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေထက် သဘာဝ အစားအစာတွေကို ပိုပြီး စားသင့်ပါတယ်။
ဗိုက်ဆာလာတဲ့အခါ ဘီစကစ်တွေ၊ ကွတ်ကီးတွေ ကိတ်မုန့်တွေအစား ပန်းသီး၊ လိမ္မော်သီးတွေကို ရွေးစားတာမျိုး၊ အာလူးကြော်နဲ့ ဆီကြော်စာတွေအစား သခွားသီး၊ မုန်လာဥနီ၊ အခွံမာသီးတွေကို ရွေးချယ်တာမျိုး၊ အချိုရည်အစား ရေကိုပဲ သောက်တာမျိုးတွေက ကင်ဆာတင် မကဘဲ တခြား ရောဂါဆိုးတွေ ဖြစ်နိုင်ခြေကိုပါ လျှော့ချပေးမယ့် ကျန်းမာရေးအတွက် သင့်တော်တဲ့ နေထိုင်စားသက်မှု ပုံစံမျိုး ဖြစ်ပါလိမ့်မယ်။
ဘယ်အစားအသောက်တွေကို စားရင် ကင်ဆာမဖြစ်နိုင်ဘူးလဲ ဆိုတာမျိုး တွေးနေတာထက် နေထိုင်စားသောက်မှု ပုံစံတစ်ခုလုံးကို ဘယ်လိုပြောင်းလဲရင် ကောင်းမလဲလို့ တွေးတာက ပိုမှန်ပါတယ်။ အစေ့အဆန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပဲအမျိုးမျိုးကို ပုံမှန်စားခြင်းဟာ ကျန်းမာရေးအတွက် အကျိုးရှိပြီး အူမကြီးကင်ဆာနဲ့ ကင်ဆာ အမျိုးအစား တချို့ကို လျှော့ချပေးနိုင်ကြောင်း သုတေသန စစ်တမ်းတွေက ဖော်ပြထားပါတယ်။
နောက်ပြီး အမဲသား၊ ဝက်သား၊ သိုးသားစတဲ့ အနီရောင်ရှိတဲ့ အသားတွေ၊ ပြုပြင်ဖန်တီးထားတဲ့ အသားအမျိုးအစားဖြစ်တဲ့ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဆာလာမီ၊ ဝက်ပေါင်ခြောက် စတာတွေကို အများကြီး စားခြင်းဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို တိုးလာစေပါတယ်။ အဲဒီ အသားတွေကို လုံးဝ မစားရဘူးလို့ ဆိုလိုတာ မဟုတ်ဘဲ သင့်တော်တဲ့ ပမာဏမျိုး ထိန်းပြီး စားသောက်ဖို့၊ ကြက်သား၊ ငါး၊ ပဲ၊ တို့ဖူးနဲ့ တခြားအပင်အခြေပြု ပရိုတိန်း ရင်းမြစ်တွေကို ပိုမိုစားသုံးဖို့ လိုပါတယ်။
တချို့တွေက အရက်ကို နည်းနည်းလောက် ပုံမှန်သောက်တာက ကျန်းမာရေးအတွက်တောင် ကောင်းမွန်ပါတယ်လို့ ပြောတတ်ကြပါတယ်။ ကင်ဆာဆိုင်ရာ သုတေသနပြု လေ့လာမှုတွေရဲ့ တွေ့ရှိချက်တွေနဲ့ ချိန်ထိုးကြည့်ရင်တော့ အဲဒီအယူအဆက လုံးဝဥဿုံ လွဲနေပါတယ်။ အရက်သောက်တာကြောင့် ကင်ဆာအမျိုးအစားတချို့ ဖြစ်နိုင်ခြေ ပိုများလာတယ်ဆိုတဲ့ သုတေသန ရလဒ်တွေကို တွေ့ရှိထားတာကြောင့် WCRFကတော့ အရက်လုံးဝ မသောက်တာ ပိုကောင်းတယ်လို့ အကြံပြုထားပါတယ်။
ဂလူးကို့စ် သကြားဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ် လွန်လွန်ကဲကဲ စားတဲ့အခါ ကိုယ်အလေးချိန် တက်လာပြီး ကင်ဆာရော၊ တခြားရောဂါတွေ ဖြစ်နိုင်ခြေပါ တိုးလာတာကြောင့် လျှော့စားသင့်ပါတယ်။ ဂလူးကို့စ်ဟာလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုး ဖြစ်တာကြောင့် လုံးဝ ဖြတ်လိုက်တာမျိုးထက် တန်ဆေးလွန်ဘေးဆိုတဲ့ သဘောမျိုးနဲ့ သင့်တော်သလောက် မှီဝဲဖို့ လိုပါတယ်။
ကင်ဆာမဖြစ်အောင် ဘာစားရမလဲဆိုတဲ့ မေးခွန်းအတွက် တိကျတဲ့ အဖြေ မရှိပါဘူး။ ကင်ဆာ ဖြစ်နိုင်ခြေ နည်းအောင် ဘယ်အစားအသောက်တွေကို ရှောင်ရမလဲ ဆိုတာကိုတော့ အထက်မှာ ရှင်းပြထားပြီးပါပြီ။ ဒါပေမဲ့ အစားအသောက်တင် မကဘဲ လူနေမှုဘဝ ပုံစံကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဆေးလိပ် မသောက်ဖို့ အရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခု သင့်တော်တဲ့ ပမာဏလောက် စွဲစွဲမြဲမြဲ လုပ်သင့်ပါတယ်။ နေအရမ်းပြင်းတဲ့အချိန် ခရမ်းလွန်ရောင်ခြည်နဲ့ အလွန်အကျွံ ထိတွေ့မှုကို ရှောင်တာ၊ နောက်ဆက်တွဲ အသည်းကင်ဆာ ဖြစ်နိုင်တဲ့ အသည်းရောင်အသားဝါ B ပိုးလို ရောဂါမျိုးတွေအတွက် ကြိုတင် ကာကွယ်ဆေး ထိုးထားတာတွေကလည်း ကင်ဆာ ဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါလိမ့်မယ်။
သုတေသန တွေ့ရှိချက်တွေအရ ပုံမှန် ကိုယ်လက်လှုပ်ရှားလေ့ရှိသူတွေဟာ အူမကြီးကင်ဆာ၊ သွေးဆုံးပြီးနောက်ပိုင်း ဖြစ်နိုင်တဲ့ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာတွေ စွဲကပ်နိုင်ခြေ လျော့နည်းသွားကြောင်း သိရပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ အိမ်အလုပ်လုပ်တာတွေကလည်း ကိုယ်လက်လှုပ်ရှားမှု စာရင်းထဲ ထည့်တွက်နိုင်ပါတယ်။
ကင်ဆာနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ နောက်တစ်ချက်က ကာကွယ်ရုံ၊ မဖြစ်အောင် တားဆီးရုံတင် မကဘဲ ဖြစ်ပွားပြီ ဆိုရင်လည်း စောစော ထောက်လှမ်း သိရှိပြီး သင့်တော်တဲ့ ကုသမှုကို ခပ်မြန်မြန် ခံယူဖို့ ဖြစ်ပါတယ်။ စောစောကုနိုင်ရင် အသက်ရှင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ရင်တော့ အသက်အရွယ်၊ မျိုးရိုးစတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ဆရာဝန်တွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ တိုင်ပင်ပြီး သင့်တော်သလို လုပ်ဆောင်ရမှာပါ။
အနှစ်ချုပ်ကတော့ ကင်ဆာကို ကာကွယ်ပေးမယ့် အစားအသောက် မရှိပါဘူး။ ကင်ဆာဖြစ်မှာကြောက်ပြီး အစားအသောက်တွေကို ရှောင်နေတာမျိုးထက် ကျန်းမာရေးနဲ့ သင့်တော်တဲ့ နေထိုင်စားသောက်မှု ပုံစံကို စနစ်တကျ တည်ဆောက်ပြီး ရေရှည် ထိန်းသိမ်းသွားခြင်းကသာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။





















































