-ခါကာဘိုရေးသားသည်။
Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။
Down Syndrome ကို ခရိုမိုဆိုမ် ၂၁ အပိုတစ်ခုကြောင့် ဖြစ်ပွားတယ်ဆိုတာကို သိပ္ပံပညာရှင်တွေသိရှိထားတာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်ပေမယ့် အဲဒီအပိုခရိုဆိုမ်ကို ဆဲလ်ထဲကနေတိုက်ရိုက်ဖယ်ရှားနိုင်တဲ့ နည်းလမ်းတော့ မရှိသေးခဲ့ပါဘူး။
အခုတော့ဂျပန်နိုင်ငံ MIE တက္ကသိုလ်က သုတေသီတွေဟာ Down Syndrome သုတေသနမှာ အရေးကြီးတဲ့ အောင်မြင်မှူတစ်ခု ရရှိခဲ့ပါတယ်။ သူတို့ဟာ CSISPR-Case9 မျိုးဗီဇ ပြင်ဆင်နည်းပညာကို အသုံးပြုပြီး လူ့ဆဲလ်တွေထဲက အပိုခရိုမိုဆိုမ် ၂၁ ကို ပထမဆုံးအကြိမ် ဖယ်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
သုတေသနကို ဦးဆောင်ခဲ့တဲ့ဗီဇပြုပြင်ပြောင်းလဲမှုနဲ့ နည်းပညာဖွံ့ဖြိုးတိုးတတ်ရေး ယူနစ်၏ အဖွဲ့ဝင်ဖြစ်သော ဒေါက်တာရိုတာရို ဟာရှီဇူမဲ (Dr .Ryotaro Hashizume) က CRISPR စနစ်အတွက် “allele-specific editing” လို့ခေါ်တဲ့ နည်းပညာကိုအသုံးပြုခဲ့ပြီး အပိုခရိုမိုဆိုမ်ကိုသာ တိကျစွာ ပစ်မှတ်ထား ဖယ်ရှားနိုင်ခဲ့ကာ ပုံမှန် ခရိုမိုဆိုမ်တွေကိုတော့ မထိခိုက်စေခဲ့ပါဘူး။
အပိုခရိုမိုဆိုမ်ကိုဖယ်ရှားပြီးတဲ့နောက်ဆဲလ်တွေဟာပိုမိုကျန်းမာလာပြီးအသက်ရှင်နိုင်ချိန်ပိုရှည်လာသလိုကြီးထွားနှုန်းလည်းပိုမိုမြန်ဆန်လာခဲ့ပါတယ်။ထို့အပြင်ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဇီဝဖြစ်စဉ်ဆိုင်ရာ အညစ်အကြေးပစ္စည်း ထုတ်လုပ်မှုလည်း လျော့နည်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။
သုတေသီတွေကဒီနည်းလမ်းကို Down Syndrome လူနာတွေဆီက ရယူထားတဲ့ Stem Cell တွေနဲ့ အရေပြားဆဲလ်တွေမှာ စမ်းသပ်ခဲ့ရာမှာလည်းအောင်မြင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီသုတေသနဟာ ဓာတ်ခွဲခန်းအဆင့်မှာပဲရှိနေသေးပေမယ့်လူ့ဆဲလ်ထဲက အပိုခရိုမိုဆိုမ်တစ်ခုလုံးကိုပထမဆုံးအကြိမ်ဖယ်ရှားနိုင်ခဲ့တာကြောင့် မျိုးဗီဇ ဆေးပညာနယ်ပယ်အတွက် အရေးပါတဲ့ အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်ခံနေရပါတယ်။
သုတေသနအဖွဲ့ကတော့ယခုနည်းလမ်းကို ပိုမိုလုံခြုံပြီးတိကျမှုမြင့်မားစေလာရန်ဆက်လက်တိုးတတ်အောင်လုပ်ဆောင်နေပြီးအနာဂတ်မှာ ဒေါင်းဆန်းဒရုန်းနဲ့ ဆက်စပ်နေတဲ့ အမျိုးမျိုးသော နောက်ဆက်တွဲ ဆိုးကျိုးများ အပါအဝင် မျိုးရိုးဗီဇဆိုင်ရာ ရောဂါများကိုကာကွယ်ရန် နှင့်ကုသရန် ပိုမိုကောင်းမွန်သောနည်းလမ်းများ အတွက်များစွာအထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ကိုးကား-Tech Explorist ၊MIE University


















































