နောက်ထပ် ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ဦးတည်လာနေတာကြောင့် အိန္ဒိယနိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းမှာ တစ်ပတ်အတွင်း ဒုတိယ အကြိမ်မြောက် အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မူရာဆူဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဝင်ရောက် တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနက်ဘ်ရဲ့ ဒဏ်ကနေ နာလန်ထကာစ ဒေသတွေကိုပဲ နိုဝင်ဘာ ၃ ရက် မနက် အစောပိုင်းလောက်မှာ ဖြတ်သန်း ဝင်ရောက်ဖွယ် ရှိနေပါတယ်။
ဒါပေမဲ့ မူရာဆူဟာ အာနက်ဘ်နဲ့ ယှဉ်ရင်တော့ ပြင်းအား ပိုလျော့မယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အာနက်ဘ်ကတော့ အန်ဒ်ဟရာ ပရာဒက်ရှ် ပြည်နယ် ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခတ်ခဲ့ရာမှာ လူ ၆ ဦး သေဆုံးစေခဲ့သလို အိမ်တွေ၊ အဆောက်အအုံတွေ၊ စိုက်ခင်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အိန္ဒိယ မိုးလေဝ ဌာန (IMD)က မူရာဆူဟာလည်း အန်ဒ်ဟရာ ပရာဒက်ရှ် ပြည်နယ်ကိုပဲ ကုန်းတွင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး နိုဝင်ဘာ ၂ ရက် ညသန်းခေါင်ယံလောက်ကစလို့ မိုးသည်းထန်၊ လေပြင်းတိုက်တာတွေ ကြုံနိုင်ကြောင်း သတိပေးထားပါတယ်။

Public Service Announcement
ရေကြီး၊ မြေပြိုမှုတွေ ကြုံနိုင်တဲ့ ဧရိယာတွေက လူ ၂၀၀၀ လောက်ကို ရွှေ့ပြောင်းပေးပြီး ဖြစ်သလို စုစုပေါင်း လူ ၃၀၀၀၀ လောက်ထိကို ရွှေ့ပြောင်းပေးဖို့ စီစဉ်ထားကြောင်း ပြည်နယ်ရဲ့ ဘေးအန္တရာယ် ဟန့်တားရေးဌာန အကြီးအကဲ ပရက်ခါဂျိန်းက ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့တုန်းက ဆိုင်ကလုန်း အာနက်ဘ် ကုန်းတွင်း မဝင်ရောက်ခင်မှာတော့ အန်ဒ်ဟရာ ပရာဒက်ရှ်သာ မကဘဲ အိမ်နီးချင်း ဩရိသ ပြည်နယ်မှာပါ စုစုပေါင်း လူ ၁၈၀၀၀၀ လောက်ထိ ရွှေ့ပြောင်းခဲ့ရပါတယ်။
လောလောဆယ်မှာတော့ ဆိုင်ကလုန်း မူရာဆူဟာ ဘင်္ဂလား ပင်လယ်အော်ထဲမှာ ဆက်ရှိနေပြီး လေတိုက်နှုန်းက တစ်နာရီကို ကီလိုမီတာ ၁၀၀ လောက်ထိ ပြင်းထန်နေပါတယ်။
မုန်တိုင်းရဲ့ဒဏ်ကို အန်ဒ်ဟရာ ပရာဒက်ရှ်နဲ့ တမီလ်နာဒူ ပြည်နယ်တွေက အဓိက သက်ရောက် ခံစားရနိုင်ကြောင်း IMDက ခန့်မှန်းထားပါတယ်။
ကိုးကား: Reuters





















































