အိမ်သွင်/People’s Spring
” မင်းတို့နဲ့မန်ယူတံဆိပ်နဲ့မတန်ဘူး”
စစ်သုံ့ပန်းတစ်ဦးရဲ့ ဘောင်းဘီပေါ်က မန်ယူအသင်းတံဆိပ်ကိုဓားနဲ့ကွင်းလှီးလိုက်ရင်းပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောလိုက်တာပါ။
ဒီဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ်အတွင်းက စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့တာပါ။အာဏာသိမ်း စစ်တပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်းတွေကိုဖမ်းဆီးလာခဲ့ကြပါတယ်။အဲဒီ သုံ့ပန်းတွေထဲက ပြည်သူ့စစ်မှုထမ်းဆင်စာ(ပစ)တစ်ဦးက မန်ယူအသင်းဘောင်းဘီကို ဝတ်လာလို့ မန်ယူအသင်းအားပေးတဲ့ PDFတွေက ပေါက်ကွဲနေတာဖြစ်ပါတယ်။

Public Service Announcement
“ဖြစ်ပုံကဗျာ။ ကျနော်တို့ကလည်းမန်ယူဖန်။အဲဒီ ပစတွေကလည်း မန်ယူဖန်ဖြစ်နေတာ”
အဲ့ဒီတုန်းကအဖြစ်အပျက်ကိုပြည်သူ့ကာကွယ်ရေးရဲဘော်က ရယ်ရယ်မောမော ပြန်ပြောပြတာဖြစ်ပါတယ်။သူနောက်ထပ်ဆက်ပြောတာကတော့ စိတ်မသက်မသာဟန်နဲ့ပါ။
“မန်ယူအသင်းက ကစားသမားဟောင်းတချို့ အခုလိုကျွန်တော်တို့နိုင်ငံသွေးစွန်းနေတဲ့အချိန်မှာ ရောက်လာမယ်ဆိုတာကတော့ အော်နှလုံးနာတယ်”
ကမ္ဘာ့ဘောလုံး ပရိတ်သတ်အများဆုံးအသင်း တွေထဲက တစ်သင်းဖြစ်တဲ့မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မြန်မာနိုင်ငံမှာလည်း ပရိတ်သတ်အများဆုံးအသင်းတစ်သင်းဖြစ်ပါတယ်။ ၁နှစ်ထဲ ဖလားသုံးလုံးသိမ်းယူပြပြီး ရွှေခေတ်ဖြစ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ရဲ့ အစောပိုင်းနှစ်တွေကနေ အောင်မြင်မှုတွေနဲ့ အလှမ်းကွာလာတဲ့ ဒီဘက်ခေတ်အထိ မန်ယူကပရိတ်သတ် ထုနဲ့ထည်နဲ့ ရှိနေပါ သေးတယ်။
ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ပစ်ပယ်ခံထားရတဲ့ အာဏာသိမ်းစစ်အုပ်စုဂာ မန်ယူအသင်းအမှတ်တံဆိပ်ကို အသုံးချပြီး ဝါဒဖြန့်ဖို့ကြိုးစားခဲ့ပါတယ်။ စစ်တပ်အသိုင်းအဝိုင်းနဲ့ စစ်တပ်နဲ့ နီးစပ်တဲ့စီးပွားရေးသမားတွေက မန်ယူဂန္တဝင်ကစားသမားတချို့ မြန်မာကို လာဖို့ဖိတ်ခေါ်ခဲ့တာပါ။ ဒီအကြံအစည်နဲ့ လုပ်ရပ်ကို ရေပေါ်စီအသိုင်းအဝိုင်းကလွဲလို့ ကျန်တဲ့ မန်ယူဖန်တွေအပြင် မန်ယူရဲ့ ပြိုင်ဖက်အသင်းဖန်တွေကပါ ဆန့်ကျင်ခဲ့ကြပြီး စစ်တပ်ကြောင့်သွေးစွန်းနေတဲ့နိုင်ငံကို မလာကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့ဟာ မန်ယူဂန္တဝင်ကစားသမားတွေ မြန်မာကို ဒီအချိန် မလာကြဖို့အရေးကို တိုက်ပွဲတစ်ခုလို တိုက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ စစ်အုပ်စုနဲ့ ရေပေါ်စီအသိုင်းအဝိုင်းရဲ့ စည်းရိုးကိုကျော်နင်းနိုင်တဲ့အထိ ရလဒ်ကောင်းတချို့ရအောင် တိုက်နိုင်ခဲ့ကြပါတယ်။
ရေပေါ်စီတွေက မန်ယူရဲ့ ဂန္တဝင်ကစားသမားတွေ ဖြစ်တဲ့ ရိုင်ယန်ဂစ်၊ ဘာဘာတော့ဗ်အပြင် အန်ဒါဆန်နဲ့ အီဗရာတို့ကို ဖိတ်ခေါ်ခဲ့ကြတာပါ။အဲ့ဒီခရီးစဉ်ဖျက်သိမ်းရေးအတွက် ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ ရောက် မြန်မာတွေက ဦးဆောင်ပြီး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။နာမည်ကျော် ဘောလုံးကစားသမားတွေရဲ့ ဒီခရီးစဉ်ဟာ မြန်မာစစ်အာဏာရှင်အဖွဲ့က လက်ရှိဖြစ်ပွားနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွင်း တည်ငြိမ်မှုနဲ့ တရားဝင်မှု ရှိသလို ပြသဖို့အတွက် အသုံးချနိုင်ကြောင်း အသိပေးခဲ့ပါတယ်။မြန်မာနိုင်ငံဟာ လက်ရှိမှာတရားမဝင် စစ်အာဏာသိမ်းအဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အပြစ်မဲ့ ပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေအပါအဝင်လူပေါင်းများစွာကို နေ့စဉ် အကြမ်းဖက်မှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရကြောင်းအသိပေးထားပြီးခရီးစဉ်ကို ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မန်ယူအသင်းတာဝန်ရှိသူတွေနဲ့ ဂန္ထဝင် ကစားသမား တစ်ဦးချင်းစီကိုလည်း စာရေးသားပေးပို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် မန်ယူဂန္တဝင်ကစားသမားတွေအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသနိုင်ဖို့ စစ်အာဏာရှင်အဖွဲ့ရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ဖို့နဲ့ ခရီးစဉ်ကို ဖျက်သိမ်းခြင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ၎င်းရဲ့ ပရိသတ်တွေ တန်ဖိုးထားတဲ့ အခြေခံမူတွေကိုလည်း ထင်ဟပ်စေမှာ ဖြစ်ကြောင်း ဖော်ပြ တောင်းဆိုခဲ့ကြတာပါ။
နောက်ဆုံးမှာတော့ မြန်မာပရိတ်သတ်ရဲ့အချစ်တော်ဂန္တဝင် ရိုင်ယန်ဂစ်နဲ့ တိုက်စစ်မှူးဘာဘာတော့ဗ်တို့က မြန်မာဆီလာဖို့ ငြင်းပယ်လိုက်ကြပါတယ်။ မန်ယူဂန္တဝင်ကစားသမားတွေမက်လုံးနဲ့ သိန်း ရာချီ၊ဆယ်ချီတန် လက်မှတ်တွေ ရောင်းထားတဲ့ ပွဲစီစဉ်သူတွေ ဂယက်ထကုန်ပါတယ်။ ရိုင်ယန်ဂစ်နဲ့ဘာဘာတော့ဗ်တို့ဟာ “Urgent Media Duty” အစီအစဉ်ကြောင့်လာရောက်နိုင်မှာမဟုတ်ကြောင်းနဲ့ သူတို့နှစ်ဦးအစား မန်ယူကစားသမားဟောင်းနှစ်ဦးကို အစားထိုးလိုက်ရပါတယ်။ပွဲစီစဉ်သူတွေဟာ မြန်မာကိုပုံဖျက်မယ့် သူတို့ရဲ့ပွဲကိုပရိတ်သတ်အကြိုက်မဟုတ်ခဲ့တဲ့ မန်ယူကစားသမားဟောင်းလေးဦးနဲ့ပဲ ပြုလုပ်ဖို့ကြိုးပမ်းနေပါတယ်။
အဲ့ဒီလေးဦးဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ ရန်ကုန်မြို့မှာ နေထိုင်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ်လို့ ကြေငြာထားပါတယ်။လက်မှတ်စျေးတွေလည်း ဒီနေ့ညနေအထိ လျှော့ရောင်းနေရပါတယ်။
နိုင်ငံသားတွေအပေါ် စစ်ကောင်ဆီကသွေးဆာနေချိန်မှာမန်ယူဂန္တဝင်နှစ်ဦးမြန်မာကိုမလာဖို့ ဆုံးဖြတ်ခြင်းက မန်ယူဖန်တွေအပြင် အာဆင်နယ်၊ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီးတို့ပါဝင်တဲ့ ပြိုင်ဖက်အသင်းဖန်တွေကလည်း ဝိုင်းဝန်းတောင်းဆိုခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ဖန်ယူလူငယ်တစ်ဦးကပြောပါတယ်။မန်ယူဂန္တဝင်ကစားသမားနှစ်ဦးဟာမြန်မာလူထုနဲ့ အတူရပ်တည်တာလို့ သူကခံယူထားသလို ရိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်ဆီလူမှုကွန်ရက်ကတစ်ဆင့် စာပေးဖို့တောင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။
“ကျနော်တို့ပြိုင်ဘက်အနေနဲ့ တစ်သင်းနဲ့တစ်သင်းအနိုင်ယူချင်ပေမယ့် စစ်တပ်နဲ့ ရေပေါ်ဆီအသိုင်းအဝိုင်းကိုတော်လှန်ဖို့တော့ စုစည်းခဲ့ကြတယ်”လို့ ၎င်းကပြောပါတယ်။
မန်ယူအသင်းကို ဆယ်စုနှစ် သုံးစုတိုင်အောင် အားပေးခဲ့သူ တစ်ဦးကလည်း မန်ယူဂန္တဝင်နှစ်ဦးမြန်မာခရီးစဉ်ကို ဖျက်သိမ်းခြင်းက မသာအိမ်မှာ ဖဲဝိုင်းထောင်ဖို့ ကြိုးစားသူတွေကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး ရုံသွင်းအပြခံဖို့ ရောက်လာသူတွေကိုလည်း ပြစ်တင်ရှုံ့ချတယ်လို့ ပြောပါတယ်။
မန်ယူရဲ့ ၉၉ ရွှေရောင်မျိုးဆက်က သက်ရှိဂန္တဝင် ရိုင်ယန်ဂစ်နဲ့ လူသိများတဲ့တိုက်စစ်မှူးဘာဘာတော့ဗ်တို့က ခရီးစဥ်ပယ်ဖျက်လိုက်တာကြောင့် ပွဲစီစဥ်သူတွေက အီဗရာ အန်ဒါဆင် တို့ကို အစားထိုးလိုက်ပါတယ်။ သူတို့ ၂ ဦးရယ် အရင်ထဲက ပါမယ်ဆိုတဲ့ ဗယ်လင်စီယာ ၊ ဖေဘီယို တို့ လေးဦးက ရန်ကုန်ကိုရောက်နေပါတယ် ။ ခရီးစဥ်ဖျက်လိုက်တဲ့ ဂစ်ကတော့ မန်ယူနဲ့အတူ ဆုဖလားပေါင်း ၃၀ ကျော် ဆွတ်ခူးပေးခဲ့သလို ၁၉၉၉ ဆုဖလားသုံးလုံးစလုံးသိမ်းပိုက်ခဲ့တဲ့အသင်းရဲ့အဓိက ကစားသမားတဦးဖြစ်ပြီး မြန်မာနိုင်ငံလာဖို့စီစဥ်ခဲ့သူတွေထဲ နမည်အကြီးဆုံးဖြစ်ပါတယ်။ သူ နဲ့ ဘာဘာတော့ ခရီးစဥ်ဖျက်လိုက်ပြီးတော့ ရောက်လာသူ ၄ ဦးထဲမှာတော့ အီဗရာကနာမည်အကြီးဆုံးဖြစ်ပါတယ် ။
ရန်ကုန်ရောက်လာတဲ့ကစားသမား ၄ ဦးနဲ့ပတ်သက်လို့ တော်လှန်ရေးသမားတဦးက
“သူတို့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေမှန်ကို မသိကြဘူးလို့ပဲ ကောက်ချက်ချချင်ပါတယ်။ သတင်းအချက်အလက်စုံလည်းရ ကျွန်တော်တို့ရဲ့ ဘဝခံစားချက်တွေကိုလည်း အပြည့်အဝများ သူတို့ရခဲ့ရင် ခုလို လာကြမှာ မဟုတ်ပါဘူး”လို့မှတ်ချက်ပြုပါတယ်။
PDF ရဲဘော်တစ်ဦးကတော့ “ကိုယ်အားပေးခဲ့တဲ့သူတွေထဲမှာလည်း ကိုယ်တွေဘက်ရပ်တည်ပေးသူတွေရှိတယ်လို့ခံစားရတယ်။အခုလာတဲ့ကောင်တွေကတော့ဘောင်မဝင်တန်းမဝင်အဆင့်တွေပဲ။ အားပေးတဲ့ကောင်တွေလည်း ဘောင်မဝင်တန်းမဝင်တွေ” လို့ ဆိုပါတယ်။
ပျူစောထီးအဖွဲ့ဝင်တဦးရဲ့ ဘောင်းဘီပေါ်က မန်ယူအသင်းတံဆိပ်ကို ဓားနဲ့ကွင်းလှီးခဲ့တဲ့ မန်ယူဖန်ပြည်သူ့ကာကွယ်ရေးရဲဘော်ကတော့ လက်ရှိအချိန်အထိ တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။
“ကျနော်တို့နိုင်ငံ စစ်အာဏာရှင်လက်ကလွတ်မြောက်မှ မန်ယူဂန္တဝင် တွေကိုကျနော်တို့ကိုယ်တိုင်ဖိတ်မယ်”လို့ သူက ဆိုလိုက်ပါတယ်။ ။




















































