Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ကျပ်ငွေနလန်ထူဖို့အင်မတန်ခက်ခဲသေးတယ်။ လူထုက ပိုပြီးတော့ ကြပ်တည်းမှု နဲ့ စိန်ခေါ်မှု များလိမ့်မယ်”

စီးပွားရေးပညာရှင်တဦးနဲ့ မေးမြန်းခန်း

(စစ်တပ်လက်​အောက်ခံဗဟိုဘဏ်က ဘက်ဂျက်လို​ငွေအတွက် ​​ငွေစက္ကူ သစ်ဘီလီယံ ၂၀၀၀ ​ကျော်ထပ်ရိုက်မယ့်အစီအစဥ်ဟာကျပ်​ငွေတန်ဖိုးကိုပိုကျဆင်း​စေပါတယ်။ ဓါတ်ပုံ-Getty)

နိုင်ငံရဲ့အသုံးစရိတ်က အခွန်အကောက်နဲ့ အခြားဝင်ငွေတွေစုစုပေါင်းထက် များလာတဲ့အခါ ဘက်ဂျက်လိုငွေ ဖြစ်လာပါတယ်။ အဲဒီဘက်ဂျက်လိုငွေတွေအတွက် ဗဟိုဘဏ်ကနေပြီးပုဂ္ဂလိကဘဏ်တွေ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကို ငွေကြေးသက်သေခံစာချုပ်တခုအဖြစ် အတိုးနှုန်းတစ်ခုနဲ့ ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ် တွေ ထုတ်ရောင်းသလို ငွေစက္ကူအသစ်တွေရိုက်ထုတ်တဲ့ နည်းနဲ့ ယေဘူယျအားဖြင့် ဖြေရှင်းကြပါတယ်။

အောက်တိုဘာ ၁၅ ရက်ကပဲ စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်ဆီကနေ ကျပ်ဘီလီယံ ၂၁၀၀ ချေးငွေယူဖို့ စစ်တပ်လွှတ်တော်ကနေ ခွင့်ပြုခဲ့ပြန်ပါတယ်။ ဘက်ဂျက်လိုငွေအတွက် ငွေတိုက်စာချုပ်နဲ့ လက်မှတ် တွေကို အရင်ရောင်းချပြီးမှ ငွေစက္ကူအသစ်ရိုက်ထုတ်မယ်ဆိုတဲ့ စစ်တပ်လွှတ်တော်မှာ ရုပ်တည်ကြီးနဲ့ပြောဆိုချက်တွေဟာ ဗဟိုဘဏ်ငွေကြေးမူဝါဒနဲ့ ပြောင်းပြန်ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်လာပါတယ်။

ပုဂ္ဂလိကဘဏ်တွေကငွေတိုက်စာချုပ်နဲ့လက်မှတ်တွေကို ဗဟိုဘဏ်က ဝယ်တာဟာ လွှတ်တော်ခွင့်ပြုချက် သီးသန့်မလိုပါဘူး။ အခုတကြိမ်ခွင့်ပြုလိုက်တယ်ဆိုတာဟာ ဗဟိုဘဏ်ကနေ တိုက်ရိုက်ချေးခွင့်ဖြစ်ပြီး ငွေကြေးအသစ်ဖန်တီးမယ့် ရလဒ်တစ်ခုအပါအဝင် ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းကြီးမြင့်မှု) တွေအတွက် စိုးရိမ်စရာပိုကောင်းတဲ့အသံတွေ စီးပွားရေးလုပ်ငန်းအသိုင်းဝိုင်းမှာ အသံတွေပိုကျယ်လောင်လာပြီဖြစ်ပါတယ်။

ဒါ့အပြင် အခုရက်ပိုင်း ပြင်ပငွေကြေးဈေးကွက်မှာ အမေရီကန်ဒေါ်လာအပါအဝင် ထိုင်းဘတ်၊ တရုတ်ယွမ်၊ မလေးရှားရင်းဂစ် နဲ့ စင်ကာပူဒေါ်လာစတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေတက်လာပြီးကျပ်ငွေတန်ဖိုးပိုကျဆင်းလာပါတယ်။ ဒါကြောင့် လက်ရှိငွေကြေးဈေးကွက်၊ ရုန်းကန်နေရတဲ့စီးပွားရေးလုပ်ငန်းတွေ၊ အခြေခံပြည်သူအပေါ် ပိုဖိစီးလာတဲ့ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုတွေပတ်သက်လို့စီးပွားရေးပညာရှင်တဦးကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

Public Service Announcement

Public Service Announcement

မေး – ဒီရက်ပိုင်းဒေါ်လာဈေးအပါအဝင် နိုင်ငံခြားငွေလဲလှယ်မှုဈေးတွေထပ်မြင့်တက်လာတာဘာကြောင့်ပါလဲ။

ဖြေ – ဒေါ်လာဈေး တက်တာနဲ့ တခြားနိုင်ငံခြားငွေလဲနှုန်းတက်တာတွေရဲ့ပထမတချက်က အမေရိကန်မှာ ဘဏ်တိုးနှုန်းတွေ မြှင့်လိုက်တယ်။ ဒေါ်လာ ငွေမာအောင်လုပ်လိုက်တာမျိုးပေါ့။ ဒေါ်လာအညွှန်းကိန်း တက်လာတယ်။ နောက်တချက်က ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့က မူလမှာကိုပဲ နိုင်ငံ ရေးမတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းမှာ လက်ရှိ ကုန်ထုတ်လုပ်မှုတွေကျဆင်းတာ၊ ငွေကြေးဖောင်းပွမှုမြင့်တဲ့အခါ ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်နေတာပေါ့။ နောက် ဒေါ်လာလိုအပ်ချက်က ၂၀၂၁ နောက်ပိုင်းမှာ သိသိသာသာကြီးကို ပြည်တွင်းထုတ်လုပ်မှုကျဆင်း ပြီးတော့ GDP ကတကယ့်လက်တွေ့မှာ နိုင်ငံရဲ့ အသုံးစရိတ်နဲ့ မမျှတဘူး။ ဆိုတဲ့အခါကြတော့ ပြည်ပကြွေးမြီတွေလည်း အရမ်းမြင့်တယ်။ ဒီအခြေအနေတွေစုပြုံလာတဲ့အခါကြတော့ ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက်ကမြင့်နေသလိုရှေ့လာမယ့်ကာလတလျှောက်လုံးမှာလည်း ဒေါ်လာလိုအပ်ချက်က အားကောင်းလာမယ့် အခြေအနေက ရှိနေပြီးသား။ နောက်လူထုကလည်းကျပ်ငွေအပေါ်ယုံကြည်မှုက အင်မတန်ကျဆင်းလာပြီးတော့အခုဆို ဆောက်လုပ်ရေးဂယက်တွေ တခြားသောဂယက်တွေကြောင့် ကျပ်ငွေတန်ဖိုးက သိသိသာသာကြီးကိုကျဆင်းသွားတာတွေ့ရတယ်။

မေး – အခုစားအုန်းဆီ တင်သွင်းမှုခွဲတမ်းက ထက်ဝက်လျှော့လိုက်တယ်ကြားရတယ်။ စက်သုံးဆီဆိုလည်း ဈေးတွေ ဆက်တိုက်တက်နေတယ်။ ဒါတွေကိုရော ဘယ်လိုမြင်လဲ။

ဖြေ – ဆီ(စားအုန်းဆီ)ကလိုသလောက်တောင် ဝယ်မရတော့ဘူး။ တချို့နေရာတွေမှာ ဝယ်လို့မရတချက်ရတချက်။ ဒီလို အခြေအနေမျိုးဖြစ်လာတာတွေ့တဲ့အခါလက်ရှိမှာစစ်ကောင်စီရဲ့ ဒေါ်လာလိုအပ်ချက်ကို သိသိသာသာမြင်နေရတယ်။ စီးပွားရေးလုပ်ငန်းရှင်အနေနဲ့က ဒီလိုအချက်တွေကိုကြည့်ပြီးသူတို့ခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုတွေဘက်က လှည့်တယ်။ ကျပ်ငွေအပေါ်ယုံ ကြည်မှုကျတာက ဒေါ်လာငွေ တက်စေတဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။

မေး – ဆောက်လုပ်ရေးလုပ်ငန်းတွေဖျက်သိမ်းတာ၊ ထုတ်ပိုးမှု စက်ရုံတွေ ရပ်ဆိုင်းတာ အထည်ချုပ်လိုပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာအပြင်ပြည်တွင်းက ရုန်းကန်နေရတဲ့အသေးစားအဘတ်စားလုပ်ငန်းတွေရဲ့ အခက်အခဲက ဘယ်လောက်ထိဆိုးရွားလာနေလဲ။

ဖြေ – အသိသာဆုံးနဲ့ အမြင်သာဆုံးကို ပြောရင် အထည်ချုပ်စက်ရုံတစ်ရုံက လုပ်သားထောင်ချီပြီးတော့ အလုပ်ဖန်တီးပေးနိုင်တယ်။ အဲဒီလို စက်ရုံ ပိတ်သွားတဲ့အခါကြတော့ လက်ရှိပြည်တွင်းမှာ အဲဒီလုပ်သားတွေ ဘယ်နေရာ ပြန်အစားထိုးနိုင်မလဲပေါ့။ ကြည့်ပြန်တော့လည်းပြည်တွင်းမှာကုန်ကြမ်းကလုံလုံလောက်လောက်မရှိဘူး။ လျှပ်စစ်က လုံလောက်အောင် မပေးထားနိုင်ဘူး။ ရှိနေတဲ့လုပ်ငန်းတော်တော်များများက ဆက်လက်ရပ် တည်ဖို့ ခက်နေတဲ့ အခြေအနေရှိနေတော့ အလုပ်လက်မဲ့နှုန်းက ပြည်တွင်းမှာ အများကြီးမြင့်တက်နေတယ်။ နောက်ကျွမ်းကျင်လုပ်သားရှားပါးတဲ့ ပြဿနာ။ အားလုံးက လူငယ်တွေက စစ်မှုထမ်းကိစ္စနဲ့ ပြည်ပနိုင်ငံတွေကို ထွက်နေကြရတဲ့အခါကြတော့ ဘာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာ တကယ်လုပ်နိုင်ကိုင်နိုင်တဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာရင်ဆိုင်နေရတယ်ပေါ့နော်။ ဆောက်လုပ်ရေးကကြတော့လည်း ဒီလိုပဲ။ တဖက်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေဆိုတာလုပ်သားအင်အား အများအပြားသုံးရတယ်။ အခုဆောက်လုပ်ရေးလုပ်ငန်းက လည်းထိခိုက်လာတော့ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ အန္တရာယ်အရှိဆုံးက ဘဏ်ပြဿနာရှိတယ်ပေါ့နော်။ ဆောက်လုပ်ရေး ကုမ္ပဏီအများစုက ဘဏ်ချေးငွေတွေနဲ့လည်ပတ်ကြတယ်။ အခု ဖြစ်တဲ့ ကွန်ဒိုတွေကြည့်မယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ အားလုံးက ချေးငွေနဲ့စီမံကိန်း မကင်းကြပါဘူး။ အဲဒီတော့ လတ်တလောသူတို့မလည်ပတ်နိုင်တော့ဘူးဆိုရင် လောလောဆယ် ဘဏ်တွေက သူတို့ ချေးငွေတွေကို ပြန်ပြီးတော့ တောင်းဖို့က အခက်အခဲတွေအများကြီးရှိလာနိုင်တယ်။ ဘဏ်တွေတောင်ငွေကြပ်နေတဲ့ တချို့အသံလေးတွေ ထွက်လာတာ ရှိတယ်။

မေး – ဒီအခြေအနေက ဘာဆက်ဖြစ်နိုင်လဲ။

ဖြေ – ဒါတွေကို ခြုံပြောမယ်ဆိုရင် ဆောက်လုပ်ရေး ကဏ္ဍတခုတည်းကိုပဲ ကြည့်လို့မရဘူး။ နောက်ဆက်တွဲအလုပ်အကိုင်အခွင့်အလမ်း၊ ပြီးရင် ငွေကြေးပြဿနာ၊ လက်ရှိကျပ်ငွေလည်ပတ်မှုအပေါ် လူတွေရဲ့ယုံကြည်မှု အားလုံးက အစစအရာရာ ဆက်စပ်ပြီးတော့ ထိခိုက်စေတာဖြစ်တဲ့အတွက်စီးပွားရေးအပေါ် ဆိုးဆိုးဝါးဝါးရိုက်ခတ်တယ်လို့ ပြောလို့ရပါတယ်။

မေး – လက်ရှိ သွင်းကုန်အခက်အခဲတွေနဲ့ ပြဿနာကွင်းဆက်တွေကို ရှင်းပြပေးပါဦး။

ဖြေ – သွင်းကုန်ပြဿနာကသွင်းကုန်ကို ပိတ်ဆို့တယ် ဆိုတာက ကိုယ့်မှာဒေါ်လာမရှိလို့ ပိတ်ဆို့တယ်ဆိုပေမယ့် ပြဿနာက ပြည်တွင်းမှာရှိတဲ့ တချို့လုပ်ငန်းတွေ ကုန်ကြမ်းပြတ်လပ်မှု ဖြစ်ပြီးမလည်ပတ်နိုင်တဲ့ လုပ်ငန်းစုတွေလည်းအများကြီးတွေ့ရတယ်။ ကုန်ပစ္စည်းတွေသွင်းကုန်ပိတ်ပေမယ့်မှောင်ခိုလမ်းကြောင်းပေါ့ ပိုပြီးကြီးထွားနေတာပေါ့။ အခု ဒီရက်ပိုင်း အများစုတွေ့ကြလိမ့်မယ့် ရေခဲသေတ္တာလိုဟာမျိုးပေါ့။ လူထု ဆိုရှယ်မီဒီယာမှာ ပြောကြတယ်ပေါ့။ ဥပမာ ထိုင်းမှာ မြန်မာငွေနဲ့ဆို ရှစ်သိန်းကိုးသိန်းလောက်ပေးရတဲ့ ရေခဲသေတ္တာက မြန်မာပြာ်မှာ သိန်းလေးငါးခြောက်ဆယ်လောက်ပေးရတဲ့အခါ ကိုယ့်ရဲ့ အိမ်နီးချင်းကပ်ရပ်နိုင်ငံတခုနဲ့ အဲဒီလောက် အဆပေါင်းများစွာကွာနေတဲ့ ကိစ္စက ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတဲ့ စီမံခန့်ခွဲမှု အလွဲတွေ အများကြီးပါမယ်လို့ သုံးသပ်မိပါတယ်။ သွင်းကုန်ပြဿနာတွေ အထိုက်အလျောက်ဖြေလျှော့ပြန်ရင်လည်းတဖက်မှာ ဒေါ်လာလိုအပ်ချက်မြင့်လာမယ်ဆိုတော့လတ်တလောမှာ ဘယ်ဘက်ကမှ သိပ်ပြီးတော့ ဒေါ်လာမှီခိုမှုက မလွတ်ဘူးလို့တော့ မြင်ရပါတယ်။

မေး – ဈေးကွက်ကို စစ်အုပ်စုက လျစ်လျူရှုထားတဲ့အခြေအနေမျိုးဖြစ်နေလား။

ဖြေ – ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်လောက်ပဲ လုပ်ချင်လုပ်ချင် ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့ ဆိုတာ လက်ထဲမှာ ငွေရှိဖို့လိုတယ်။ နောက် ဒေါ်လာရှိဖို့လိုတယ်။ ငွေတွေ ရှိသမျှဒေါ်လာတွေ လတ်တလောမှာ ငွေဆိုလည်း လွှတ်တော်မှာတောင်တင်ပြီးတော့ ဘီလီယံ နှစ်ထောင်ကျော်လောက် အသုံးစရိတ်ချေးရတဲ့ ကိစ္စမျိုးတွေ၊ နောက်ပြီး ဘဏ်မှာ ထုတ်တဲ့အခါ အမြဲတမ်း ကျပ်ငွေ အသစ်တွေ ထွက်ထွက်လာနေတာက ဘယ် လောက်ထိငွေကြေးဈေးကွက်ထဲ ကျပ်ငွေတွေဖောင်းပွနေသလဲဆိုတာ စဉ်စားစရာရှိတယ်။ အခြေအနေတွေကို ခြုံပြောရမယ်ဆိုရင် လက်ထဲမှာငွေရယ် ဒေါ်လာရယ်မရှိတဲ့ ပြဿနာနဲ့က မလွယ်ဘူး။ ဒါတွေက ဘယ်မှာ ပိုများနေလဲဆိုတော့ စစ်အသုံးစရိတ်တွေမှာ။

မေး – အခြေခံလူထု နေ့စဉ် ပူပန်ရင်ဆိုင် နေရတဲ့ ကုန်ဈေးနှုန်းတွေ တက်နေတာ ကုန်စည်ပြတ်လပ်နေတာတွေ ကို ဘယ်လို ဖြေရှင်းနိုင်လဲ။

ဖြေ – ကုစားနိုင်ဖို့ဆိုရင်ထုတ်ကုန်တွေတိုးမြှင့်ဖို့လိုတယ်။ နောက်ပြီး လုပ်သားအင်အားတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြည်ပဝင်ငွေရလမ်းတွေ၊ FDI လို့ခေါ်တဲ့ နိုင်ငံတကာတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့။ အခုက အဲဒါတွေအားလုံးနဲ့က ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ဒီအခြေအနေက လတ်တလောမှာ ကုစားဖို့သိပ်တော့ လွယ်မယ့် အခြေအနေမရှိဘူး။

မေး – အောက်တိုဘာ ၈ ရက်က UNDP ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံသား ၃၇ သန်းကျော်က ဆင်းရဲမွဲတေမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖော်ပြထားပါတယ်။ ဒါက ဆင်းရဲချမ်းသာကွာဟမှုအရမ်းကြီးလာမှုတွေနဲ့ ဆက်စပ်မယ် ထင်ပါတယ်။ ဒါကိုရော အကျယ်တဝင့် ဆွေးနွေးပေးပါဦး။

ဖြေ – ဆင်းရဲချမ်းသာကွာဟမှုကိစ္စကလည်း တချို့ပြောကြတာပေါ့နိုင်ငံတကာမှာ ရှိတယ်ပေါ့။ သို့သော်လည်းပဲ မြန်မာပြည်ရဲ့ ဆင်းရဲချမ်းသာကွာဟမှုက တခြားနိုင်ငံတွေနဲ့မတူဘူး။ အဲဒီတော့ သူများနိုင်ငံတွေရဲ့ အခြေခံကုန်ဈေးနှုန်းက ဆင်းရဲတဲ့အခြေခံလူတန်းစားတွေမှာသူ့ဝင်ငွေနဲ့သုံးစွဲမှုပမာဏကို ဖန်တီးနိုင်တယ်။ ကျွန်တော်တို့မှာကအဲဒီလိုမဖန်တီးနိုင်ဘူး။ အခြေခံကုန်ဈေးနှုန်းနဲ့ အခြေခံလူတန်းစားတွေရဲ့ မျှတမှုမရှိတာကို ကျွန်တော်တို့က အဓိကထောက်ပြနေတာပေါ့။ ဒါကြောင့် UNDP တို့ဘာတို့ကလည်း CPI လို့ခေါ်တဲ့ ဈေးကွက်ထဲက ကုန်းဈေးနှုန်းအညွှန်းကိန်းတွေကို တွက်ချက်တယ်လို့ နားလည်ပါတယ်။

မေး – ကုန်စည်နဲ့ အခြေခံလူထုအပေါ် အပေါ် အဓိက သက် ရောက်တဲ့ ဒေါ်လာဈေးတက်တာ တနည်းအားဖြင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာကဘယ်လောက်ထိဖြစ်လာနိုင်မယ်ထင်လဲ။

ဖြေ – ရှေ့ဆက်ပြီးတော့ ဒေါ်လာဆက်အားကောင်းမယ်လို့ ယူဆတယ်။ နောက်ဆက်တွဲကတော့ကုန်းဈေးနှုန်းပါပဲ။ ငွေကြေးဖောင်းပွမှုက ၂၀၂၆ ထက်မလျော့တဲ့ နှုန်း ဖြစ်မယ်။ UNDP ရဲ့ အစီရင်ခံစာမှာလည်း ကျွန်တော်တို့ တွေ့တယ်။ အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေအစီရင်ခံစာတွေမှာလည်း အခု လာမယ့် ၂၀၂၇ က နှစ်ဆန်းပိုင်းဆိုရင် စူပါအယ်နီညို ရဲ့ သက်ရောက်မှုပေါ့။ ဒါလည်း အန္တရာယ်တော်တော်ကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံတင်မဟုတ်ဘူး။ ထိုင်းနိုင်ငံဆိုလည်း သက်ရောက်မှုကြီးတဲ့နိုင်ငံထဲမှာပါတာတွေ့ရတယ်။ ထိုင်းကလောလောဆယ်ပြည်တွင်းမှာ ပြဿနာမရှိဘူး။ နောက်ပြီး စီးပွားရေးကိုထိန်းနိုင်တယ်။ ကျွန်တော်တို့က ဘာပြဿနာရှိလာလဲဆိုတော့ လတ်တလောမှာကို ငွေကြေးပြဿနာတွေ ရင်ဆိုင်နေရတယ်။ နောက်ပြီးကုန်ဈေးနှုန်းပြဿနာ၊ သွင်းကုန်ပစ္စည်းပြတ်လပ်မှုတွေ ပိုဆိုးတာက အယ်နီညိုကြောင့် အပူပြင်းတဲ့အခါမှာ ထိုင်းမှာပူရင်အဲယားကွန်းဖွင့်နေလို့ရပေမယ့် မြန်မာနိုင်ငံမှာ ဖွင့်ချင်လို့လည်း မီးကလုံလောက်စွာမရဘူး။ နောက်တချက်က သီးနှံအထွက် လျော့လာမှာဖြစ်တဲ့အတွက်ကြောင့်တဖက်က ဝင်ငွေထိခိုက်လာမယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ အရေးပေါ် ဖြစ်လာရင် အခုကိုပဲဆေးဝါးတွေကလုံလုံလောက်လောက်ရှိမနေတဲ့အခါ အများကြီးစဉ်စားရမယ့် အခြေအနေတွေ ရှိတယ်။

မေး – ကားဈေး၊ ရွှေဈေး၊ အိမ်ခြံမြေ အစရှိတဲ့ ဈေးကွက် တွေ ဖောင်းပွနေတာကရော လက်ရှိ မြန်မာ့စီးပွားရေး ဈေးကွက်တစုံလုံးကို ထိန်းချုပ်နေတဲ့ အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့်ပဲလား။

ဖြေ – ကားဈေး၊ အိမ်ဈေး၊ ရွှေဈေး ကွက်ဖောင်းပွမှုကြောင့်တိုင်းပြည်က ဒီလို ဖြစ်နေတာ မဟုတ်ဘူး။ တိုင်းပြည် ဒီလိုဖြစ်နေလို့ အိမ်ခြံမြေဈေးတွေ၊ ကားဈေးတွေ ရွှေဈေးတွေတက်ကြတာ။ ဒါကိုကြည့်ချင်အားဖြင့်စီမံခန့်ခွဲမှု နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ ဒါတွေကို ကုစားနိုင်ဖို့နည်းလမ်းက ငွေကြေးဖောင်းပွမှုကျဆင်းဖို့လိုသလို အလုပ်အကိုင် အခွင့်အလမ်း လူထုရဲ့စားဝတ်နေရေးပုံမှန်အခြေအနေ လည်ပတ်လာရင် ဒါတွေက သူ့နေရာသူ ပြန်ရောက်သွားမှာပါ။

မေး – ကျပ်ထရီလီယံချီတဲ့ ဘက်ဂျက် လိုငွေ ပြမှုကြောင့်ကျပ်ငွေအသစ်တွေထွက်လာနိုင်လား၊ ထုတ်လာနိုင်လား။

ဖြေ – ကျပ်ငွေအသစ်တွေ ထပ်ထွက်လာမလား သို့မဟုတ် ရှိပြီးသားကျပ်ငွေတွေကိုပဲထပ်ပြီး တိုးထုတ်လာမလား ဆိုတာမျိုးတွေပေါ့။ ဒါက ယူဆချက်တွေပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီငွေတွေကို ဘယ်နေရာမှာ ပြန်အစားထိုးမလဲ ဆိုတဲ့ မေးခွန်းရှိတာပေါ့။

မေး – ဖြည့်စွက် ပြောကြားပေးပါဦး။

ဖြေ – လာမယ့် စူပါအယ်နီညိုသက်ရောက်မှုရယ် ပြီးရင် ကမ္ဘာမှာ ရိုက်ခတ်နေတဲ့ ပထဝီနိုင်ငံရေးကနေ စီးပွားရေးကြောင့်ဒေါ်လာသက်ရောက်မှုရယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုရယ် ဒါတွေ ပေါင်းစုံပြီးကြည့်မယ်ဆိုရင် ရှေ့ဆက်ပြီးတော့မြန်မာကျပ်ငွေနလန်ထူဖို့အင်မတန်ခက်ခဲသေးတယ်။ လူထုက ပိုပြီးတော့ ကြပ်တည်းမှု နဲ့ စိန်ခေါ်မှု များလိမ့်မယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေကြား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သတင်း

စစ်အုပ်စုကကျပ်​ငွေ ၂၀၀၀ ဘီလီယံ​ကျော်အသစ်ရိုက်ထုတ်မယ့်သတင်း​ကြောင့်ကျပ်​ငွေတန်ဖိုးကျပြီး ​ဒေါ်လာအပါအဝင်နိုင်ငံခြား​ငွေတန်ဖိုးတက်

ဆောင်းပါး

ALNAP ၏ မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုစနစ် အခြေအနေ အစီရင်ခံစာ

အတွေးအမြင်

“စာဥစစ်ဆင်ရေး”ဆိုတဲ့ဖြစ်ရပ်တစ်ခု မြန်မာ့အတိတ်သမိုင်းမှာ ရှိခဲ့ပါတယ်။