ကိုသုညံရေးသားသည်။
လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့သည် ကုလသမဂ္ဂအဖွဲ့ကြီး တည်ထောင်ခဲ့သည့် (၈၁) နှစ်ပြည့်မြောက် မွေးနေ့ဖြစ်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး၊ နောင်လာမည့်မျိုးဆက်များကို စစ်ပွဲ၏ ဆိုးကျိုးများမှ ကာကွယ်ရန်နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကုလသမဂ္ဂကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်းနှစ်ရှည်ကြာလာသည်နှင့်အမျှ၊ ယနေ့ကမ္ဘာ့မြေပြင်အခြေအနေများသည် ထိုစဉ်က ရည်မှန်းချက်များနှင့် အလွန်ကွာဟလွန်းနေပြီး ကမ္ဘာ့ကုလသမဂ္ဂကြီးသည် အစွယ်မရှိတော့သည့် “စက္ကူကျား” တစ်ကောင်သဖွယ် ဖြစ်လာနေပြီ ဖြစ်သည်။

Public Service Announcement
ကုလသမဂ္ဂသည် သမိုင်းတလျှောက်တွင်ကမ္ဘာ့အရေးအခင်းအချို့၌ အတိုင်းအတာတစ်ခုအထိ ဝင်ရောက်ဖြေရှင်းနိုင်ခဲ့ဖူးသည့် သာဓကများ ရှိခဲ့ဖူးပါသည်။
ကိုရီးယားစစ်ပွဲကာလက နိုင်ငံတကာတပ်ဖွဲ့များ စေလွှတ်ခဲ့ခြင်း၊ ၁၉၆၀ ပြည့်လွန်နှစ်များကကွန်ဂို အကျပ်အတည်းကိုကိုင်တွယ်ခဲ့ခြင်း၊ အရှေ့တီမော၏ လွတ်လပ်ရေးအကြိုကာလများတွင် တာဝန်ယူပေးခဲ့ခြင်းတို့မှာ ထင်ရှားသော နမူနာများ ဖြစ်ကြသည်။
မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကိုယ်တိုင်လည်း ၁၉၆၂ ခု ကျူးဘားဒုံးကျည်အကျပ်အတည်းနှင့် အခြားသော အရေးကြီးသည့် နိုင်ငံတကာပဋိပက္ခများတွင် ကြားဝင်စေ့စပ်၍ ကမ္ဘာကြီးကို တတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခြင်းအန္တရာယ်မှ တားဆီးဖြေရှင်းပေးနိုင်ခဲ့ဖူးသည်။
လက်ရှိ ကမ္ဘာ့အခင်းအကျင်းကို ကြည့်လျှင် ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည် နေရာမရ၊ အသုံးမဝင်တော့သည့်မှာပိုသိသာလာသည်။
ရုရှားနှင့်ယူကရိန်းတို့အကြားဖြစ်ပွားနေသည့် စစ်ပွဲကြီးသည် နှစ်နှင့်ချီ ကြာမြင့်လာခဲ့ပြီဖြစ်ကာ အသက်ပေါင်းများစွာ သေဆုံးပျက်စီးနေရသော်လည်း လုံခြုံရေးကောင်စီ၏ ဗီတိုအာဏာ သုံးပိုင်ခွင့် လုပ်ထုံးလုပ်နည်းကြောင့် ကုလသမဂ္ဂသည် ဘေးမှရပ်ကြည့်နေရသည့် အနေအထားသာ ရှိနေသည်။
အလားတူပင် အီရန်၊ အမေရိကန်နှင့် အစ္စရေးတို့အကြား အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးတင်းမာမှုများနှင့် ပဋိပက္ခများသည် ဒေသတွင်းကိုသာမကကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသော်လည်း ကုလသမဂ္ဂအနေဖြင့် ထိရောက်သော အပစ်အခတ်ရပ်စဲရေးကိုပင်အာမခံနိုင်ခြင်းမရှိပါ။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အခြေအနေတွင်လည်း ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည် ထင်ထင်ရှားရှား မရှိချေ။ အာဏာသိမ်း စစ်တပ်ကြောင့်အရပ်သားပြည်သူများအသက်ပေါင်းများစွာ ဆုံးရှုံးနေရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားနေခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေချိန်တွင် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရခြင်းတို့အပေါ် ကုလသမဂ္ဂက ထိရောက်သည့် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မလုပ်နိုင်ဘဲ ရှိနေသည်။
ကမ္ဘာတစ်ဝန်းက မျှော်လင့်နေကြသည်မှာ လက်တွေ့ကျသောစစ်ရေး သို့မဟုတ် နိုင်ငံရေး ဖိအားပေးမှုများဖြစ်သော်လည်း၊ ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်ဟူသမျှမှာ အစည်းအဝေးထိုင်ခြင်း၊ စိုးရိမ်ကြောင်း ဖော်ပြသည့် ကြေညာချက်များ ထုတ်ပြန်ခြင်းနှင့် သတိပေးချက်များ ပေးရုံသာ တတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကမ္ဘာ့ပဋိပက္ခအများအပါအဝင် တတိယကမ္ဘာစစ်ကိုပါ မဖြစ်ပွားအောင်ဦးဆောင်ပြီး စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည့် မြန်မာနိုင်ငံသား အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဇာတိနိုင်ငံဖြစ်သော မြန်မာပြည်၏ လက်ရှိပြည်တွင်းစစ်ပြဿနာကိုမူ ကုလသမဂ္ဂက ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်သည်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ဖူးသည့် ဦးသန့်၏ မျက်နှာကို ကုလသမဂ္ဂက အိုးမည်းသုတ်သလိုဖြစ်နေသည်မှာ အလွန်ပင် ရှက်ဖွယ်ကောင်းလှပေသည်။
မြန်မာ့ပြည်တွင်းတွင် စစ်အာဏာရှင် ကြီးစိုးမင်းမူနေသည်ကို မည်သို့မျှ ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်ဘဲ၊ ကြေညာချက်ထုတ်ပြီး စိုးရိမ်ကြောင်း၊ တိုက်တွန်းကြောင်း ကန့်ကွက်ရှုတ်ချကြောင်းသာ ရှေ့ဆက်ပြီး ကြေညာချက်တွေသာ ထုတ်ပြန်နေဦးမည်ဆိုလျှင်တော့ (၈၁) နှစ်သက်တမ်းရှိ ကုလသမဂ္ဂသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများအတွက် အရေးမပါတော့သည့် အဖွဲ့အစည်းတစ်ခု အဖြစ်သာ ရှိနေတော့မည်ဖြစ်သည်။
လက်ရှိ ကုလသမဂ္ဂအဖွဲ့ကြီးသည် ဒုတိယကမ္ဘာစစ်မတိုင်ခင်က ရှိခဲ့သော နိုင်ငံပေါင်းချုပ်အသင်းကြီး(League of Nations) နှင့် အတူတူလိုဖြစ်နေသည်။နိုင်ငံပေါင်းချုပ်အသင်းကြီးသည်လည်း ထိုစဥ်အခါကလူ့အခွင့်အရေး၊ လက်နက်မပြန့်ပွားရေး၊ စစ်မက်တားဆီးရေး၊ နိုင်ငံများအကြားကွာဟချက်များကို သံတမန်နည်းလမ်းအရ ညှိနှိုင်းဖြေရှင်းရေး စသည့် ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းခဲ့သော်လည်း ထိုအသင်းကြီးသည် ဒုတိယကမ္ဘာစစ်ကို မတားဆီနိုင်ခဲ့ချေ။
သွားမရှိ အစွယ်မရှိတော့သည့်ကျားလိုဖြစ်နေသည့် ကုလသမဂ္ဂအဖွဲ့ကြီးသည်ယခုအခါ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ အချိန်တန်ပါပြီ။ အထူးသဖြင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၏ ဖွဲ့စည်းပုံနှင့် အဖွဲ့ကြီး၏စည်းမျဉ်းဥပဒေများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်သင့်သည်။
နိုင်ငံအနည်းငယ်၏ ဗီတိုအာဏာတစ်ခုတည်းကြောင့်ကမ္ဘာ့ငြိမ်းချမ်းရေးတစ်ခုလုံး ဓားစာခံဖြစ်နေရသည့် လက်ရှိစနစ်ကို မဖျက်သိမ်းနိုင်သမျှ ကာလပတ်လုံး ကုလသမဂ္ဂသည် စက္ကူကျားဘဝမှ လွတ်မြောက်မည် မဟုတ်ပေ။
ကုလသမဂ္ဂအဖွဲ့ကြီး၏ (၈၁)နှစ်မြောက်မွေးနေ့နှင့်အတူအဖွဲ့၏ ၁၀ ဦးမြောက် အထွေထွေအတွင်းရေးမှူးချုပ် အသစ်လည်း ရှိလာမည်ဖြစ်သည်။ စက္ကူကျားဖြစ်နေသည့် ၊ အစွယ်တုံးနေသည့် အဖွဲ့ကြီးကို ဆက်လက်တာဝန်ယူမည့် အထွေထွေအတွင်းရေးမှူးချုပ် အသစ်သည် ကမ္ဘာ့တဝှမ်းရှိ စိန်ခေါ်မှုများ ပြဿနာများက စောင့်ကြိုနေပါသည်။
တဖြည်းဖြည်း ရှုပ်ထွေး ကြီးမားလာသောကမ္ဘာ့အရေးအခင်းများ၊ ပြဿနာများကိုမကိုင်တွယ်နိုင်၊ မဖြေရှင်းနိုင်တော့ဘဲ ယခုအတိုင်းသာ ဆက်လက်ပြီး ဘေးမှထိုင်ကာ လက်ပိုက်ကြည့်နေဦးမည်ဆိုလျှင်၊ ကမ္ဘာကြီးအတွက် မည်သို့မျှ အကျိုးမျှ မပြုတော့သည့် ကုလသမဂ္ဂအဖွဲ့ကြီးသည် မရှိတော့သည်ကပင် ပို၍ တရားမျှတပေလိမ့်မည်။



















































