Connect with us

Hi, what are you looking for?

အတွေးအမြင်

သင်တို့ အကူအညီ လိုအပ်နေပါတယ်

ယောက်ျားရင့်မာကြီး တစ်ယောက် လူပုံအလယ်မှာ ဝမ်းနည်း မျက်ရည်ကျနေတာကို ကြည့်ရင်း ကျွန်တော်တို့လည်း သူနဲ့အတူ မျက်ရည်တွေ ကျခဲ့ရပါတယ်။

— ကိုး ရေးသားသည်။

ယောက်ျားရင့်မာကြီး တစ်ယောက် လူပုံအလယ်မှာ ဝမ်းနည်း မျက်ရည်ကျနေတာကို ကြည့်ရင်း ကျွန်တော်တို့လည်း သူနဲ့အတူ မျက်ရည်တွေ ကျခဲ့ရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတို့ရဲ့ ရက်စက် ယုတ်မာမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ အသက် ၂ လသားကနေ အသက် ၁၀၅ နှစ်အရွယ်အထိ ပါဝင်တဲ့ ပြည်သူတို့ရဲ့ အမည်နဲ့ အသက်တွေကို ရေးထိုးထားတဲ့ တော်လှန်ရေး ထုတ်ကုန် ပုဝါ (scarf) တစ်ထည် အကြောင်း ပြောရင်း အဲဒီ မျက်ရည်တွေ ကျခဲ့ရတာပါ။

ဦးကျော်မိုးထွန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မှတ်မှတ်ထင်ထင် ရှိခဲ့တာက အခုမှ မဟုတ်ပါဘူး။ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းကပါ။ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် တစ်ယောက် အာဏာသိမ်းပြီး ၂၅ ရက်မြောက်နေ့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မိတ်ဆွေတို့ မှတ်မိကြဦးမယ် ထင်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်။ အဲဒီနေ့မှာ ကျင်းပတဲ့ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ “ပြည်သူသာ အဓိကပါ။ အရေးတော်ပုံ အောင်ရမည်” ဆိုတဲ့ စကားတစ်ခွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြတ်သားစွာ ပြောဆိုခဲ့ပြီး လက်သုံးချောင်း ထောင်ပြကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကမ္ဘာသိ ကြေညာခဲ့တဲ့ ဖြစ်ရပ်ပါ။

ဦးကျော်မိုးထွန်းရဲ့ ဒီလှုပ်ရှားမှုဟာ မြန်မာလူထုအတွက် မှတ်မှတ်သားသား ဖြစ်စေခဲ့သလို အာဏာသိမ်းမှုကို မလိုလား၊ အာဏာရှင်ကို တော်လှန် ဆန့်ကျင်သူတို့အတွက် အားတက်စေခဲ့တဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်စေခဲ့ပါတယ်။ တစ်နည်းပြောရရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုဟာ ကုလသမဂ္ဂမှာရှိတဲ့ မြန်မာ့ ထိုင်ခုံအထိ သက်ရောက်မှု မရှိဘဲ ကျရှုံးသွားတယ်ဆိုတဲ့ သဘောပါပဲ။ နောက်တစ်နည်း ပြောရရင်တော့ အာဏာရှင်အတွက် ကမ္ဘာနဲ့ချီတဲ့ ပါးစပ်ပေါက် တစ်ခု ဆုံးရှုံးသွားတယ် ဆိုပါတော့။

အမှန်တကယ်လည်း အဲဒီနေ့ကစပြီး ဒီကနေ့ကာလ အာဏာသိမ်း သက်တမ်း ငါးနှစ်ကျော် ခြောက်နှစ်အထိ ကုလသမဂ္ဂမှာ အာဏာရှင် လိုချင်တဲ့ အသံတွေ ပျောက်ဆုံးခဲ့ရပြီး မြန်မာလူထုရဲ့ အသံတွေသာ ထွက်ပေါ်စေခဲ့ပါတယ်။

ဇော်မဲလုံးလို့ အမည်ပြောင် ခေါ်ခဲ့ကြတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ အလိမ်အညာ ဝါဒဖြန့်မှုတွေအပေါ် တန်ပြန် ထောက်ပြ ချေဖျက်နိုင်မှု၊ လေယာဉ်နဲ့ ဗုံးကြဲတာ၊ တိုက်ခိုက်တာ၊ လူ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်တာ၊ ဒေသအနှံ့က နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာ စတဲ့ စစ်ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်ခဲ့တဲ့ အာဏာရှင် လက်ပါးစေ စစ်တပ်ရဲ့ အကြမ်းဖက်မှု၊ ရက်စက်မှု၊ ယုတ်မာမှုတွေအပေါ် ကမ္ဘာသိ အောင် မီးမောင်း ထိုးပြနိုင်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အဲဒီ ထိုင်ခုံတစ်နေရာကို အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူ့ဘက်တော်သား ဦးကျော်မိုးထွန်းက အရယူ ထားနိုင်ခြင်းဟာ မတရားမှု၊ ဖိနှိပ်မှု၊ ဥပဒေမဲ့ ပြုမူမှု၊ စစ်မှုထမ်းကိစ္စ၊ ပေါ်တာ ဆွဲတဲ့ကိစ္စလိုတွေအထိ စစ်တပ်ရဲ့ ရက်စက် ယုတ်မာမှု အထွေထွေကို ကုလသမဂ္ဂမှာ ထင်ထင်ရှားရှား ဖွင့်ထုတ် ပြနိုင်ခြင်းက အာဏာရှင်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီထိုင်ခုံမှာ သူတို့ ထိန်းချုပ်လို့ရမယ့် လူကို အစားထိုးနိုင်ဖို့ အာဏာသိမ်း ကာလတစ်လျှောက် စစ်တပ်ဘက်က အကြိမ်ကြိမ် ကြိုးပမ်းခဲ့သလို သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံ သတ်ဖြတ်ဖို့အထိပါ ကြိုးပမ်းခဲ့တာပါ။

အကယ်၍ အဲဒီ ထိုင်ခုံနေရာကိုသာ စစ်အာဏာရှင်ဘက်က ရရှိခဲ့မယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲဆိုတာမျိုးဘက်ကလည်း ကျွန်တော်တို့ စဉ်းစားကြည့်ကြရအောင်ပါ။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်ပါးစေ တစ်ယောက်ယောက်က ဦးကျော်မိုးထွန်းကို ဖယ်ရှားပြီး အဲဒီ ထိုင်ခုံနေရာကို အရယူသွားနိုင်မယ်ဆိုရင် ကုလသမဂ္ဂမှာ ပထမဆုံး အသံထွက်လာမှာက “အခုလို အာဏာထိန်းရတာဟာ NLD ဘက်က မဲမသမာမှုတွေ ပြုလို့ပါ။ ကျွန်တော်တို့က လုချင်လို့ လုရတာ မဟုတ်ပါဘူး။ ခေါင်းဆောင်ကြီး သမ္မတ ဖြစ်ချင်လို့ လုပ်တယ်ဆိုတာလည်း လုံးဝ (လုံးဝ) မဟုတ်ရပါဘူး။ ကောလာဟလပါ” ဆိုတဲ့ အသံတွေ အရင်ဆုံး ကြားကြရပါမယ်။

နောက် သိပ်မကြာတဲ့ ကာလတစ်ခုမှာတော့ “သူတို့က လက်သုံးချောင်း ထောင် လမ်းပေါ်တက်လာလို့ ကျွန်တော်တို့ဘက်က မိုးပေါ် ထောင်ပစ် ခြောက်လှန့်ရုံ သက်သက်ပါ”၊ “သူတို့က ဆန္ဒတွေပြတော့ အများသူငှာတွေ ဆူညံတာကို ကြောက်လန့်မှာစိုးလို့ အရေးယူ ဆောင်ရွက်ရတာပါ”၊ “သူတို့က အသံတိတ် သပိတ်လုပ်တော့ အများသူငှာတွေ တိတ်ဆိတ်တာကို ကြောက်လန့်မှာစိုးလို့ အရေးယူ ဆောင်ရွက်ရတာပါ”၊ “သူတို့က ပန်းပန်ပြတော့ ပန်းဈေးတွေ ကြီးပြီး ပန်းတွေ ရှားပါးသွားမှာစိုးလို့ အရေးယူ ဆောင်ရွက်ရတာပါ” ဆိုတဲ့ စကားမျိုးတွေတောင် ဖြစ်လာနိုင်ပါတယ်။

ပြီးတော့ “ခေတ်ကို ပြောင်းဖို့ ခေါင်းကို ပစ်ဆိုတာလည်း မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ဘက်က အရင် အကြမ်းဖက်တာ မဟုတ်ပါဘူး။ သူတို့ဘက်က ရေသန့်ဘူးနဲ့ စပစ်တာပါ” ဆိုတဲ့ စကား။ အဲဒီစကားတွေ နောက်ကနေ ထပ်ပါလာမှာက “ကျည်အစစ်နဲ့ ပစ်တယ်… ပစ်တယ်နဲ့ လုပ်ကြံ ပြောနေကြပါတယ်။ တကယ်က ရာဘာကျည်နဲ့ပဲ ပစ်တာပါ” ဆိုတဲ့ ဗြောင်ကျကျ လိမ်ညာတဲ့ စကားတွေ ကုလသမဂ္ဂထဲမှာ မလွဲဧကန် ကြားလာရမှာပါ။

အဲဒီကနေ လေယာဉ် အသုံးပြု ဗုံးကြဲ၊ ပစ်ခတ် တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ရာ ကာလဆီ ရောက်လာပါမယ်။ လက်ထဲမှာ ခဲတံပဲ ရှိတဲ့ လူမမယ် အရွယ် ကလေးငယ်တွေ စာသင်ကြားနေတဲ့ လက်ယက်ကုန်းက ဘုန်းတော်ကြီး သင် စာသင်ကျောင်းကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ အချိန်တစ်နာရီကျော် ကြာအောင် တရစပ် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်၊ အနန့်ပါကျေးရွာက ဂီတ ဖျော်ဖြေပွဲတစ်ခုအပေါ် လေယာဉ်အုပ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ၈၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်၊ ပဇီကြီးရွာ အလှူကို လေယာဉ်နဲ့ ဗုံးလာကြဲလို့ ကလေးငယ် ၃၀ ကျော်၊ ကိုယ်ဝန်ဆောင် နှစ်ဦးနဲ့ နို့တိုက်မိခင် လေးဦး အပါအဝင် အရပ်သား ပြည်သူ ၁၇၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်၊ မုန်လိုင်ခက် စစ်ရှောင် စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ကလေးငယ် ၁၁ ဦး အပါအဝင် စစ်ဘေးရှောင် ဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ရင်လည်း PDF တွေ၊ လက်နက်ကိုင် အဖွဲ့တွေ ရှိလို့ ဗုံးကြဲတာ၊ ပစ်ခတ် နှိမ်နင်းတာဆိုပြီး ဆင်သေကို ဆိတ်ရေနဲ့ မရမက ဖုံးပြပါလိမ့်ဦးမယ်။

ဘယ်လို ဖုံးဖိကြမလဲဆိုတော့ ၂၀၂၄ ခုနှစ်က ဖြစ်ခဲ့တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ပြီးမှ “အဲဒါ ငါပစ်တာ မဟုတ်ဘူး။ သူပစ်တာ… သူပစ်တာ” ဆိုပြီး PDF ဘက်လှည့်ချ ဗြောင်ငြင်း၊ ဗြောင်လိမ်၊ ဗြောင်ဖုံးဖိ ကြသလိုမျိုးပေါ့။ အဲဒီတုန်းက ဗြောင် လိမ် ဝါဒဖြန့်တာ မအောင်မမြင် ဖြစ်၊ လိမ်သမျှ ဘူးပေါ်သလို ပေါ်လာတဲ့အခါ မျက်နှာငယ်နဲ့ ထွက်ရှင်းရတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း မျက်နှာကြီးတောင် မြင်ယောင် နေမိပါသေးတယ်။

ဒီတော့ အခု နောက်ပိုင်း ဖြစ်စဉ်တွေဘက်ကို ကြည့်မယ်ဆိုရင်လည်း အနီးဆုံး ကျောက်တော် ဖြစ်စဉ်ကို ကုလသမဂ္ဂမှာ ဘယ်လို ပြောမလဲဆိုတာ စဉ်းစားကြည့်ရအောင်။ “တကယ်တော့ အဲဒီနေရာဟာ အများသူငှာ သွားလာ ရောင်းဝယ် ဖောက်ကားနေတဲ့ ဈေးနေရာ ဆိုတာ မဟုတ်ပါဘူး။ အဲဒီနေရာဟာ ကျွန်တော်တို့ စစ်တပ်ဘက်က စုံစမ်းသိရတာတော့ စစ်လက်နက်ပစ္စည်းတွေ သိုလှောင်ထားတဲ့ စစ်ရေး ပစ်မှတ်နေရာ စစ်စစ်သာ ဖြစ်ပါတယ်။ အဲဒီက ပြည်သူတွေဆိုတာဟာလည်း အယောင်ဆောင်ထားတဲ့ အေအေ တွေပဲ ဖြစ်ပါတယ်” ဆိုတာမျိုး ကုလသမဂ္ဂ မြန်မာထိုင်ခုံပေါ်ကနေ လိမ်ညာတဲ့ အသံ ထွက်ပြလာစရာ ရှိပါတယ်။

အာဆီယံကိုလည်း သူ့ရဲ့ ဝါဒဖြန့် မီဒီယာတွေ၊ သူ အတင်းအဓမ္မ ခေါ်ယူထားတဲ့ လွှတ်တော်တွေထဲကတင် မက ကုလသမဂ္ဂ ထိုင်ခုံပေါ်ကနေပါ လှမ်းပြီး ရန်တွေ့ပါလိမ့်ဦးမယ်။ ကြက်ဥဈေး ၇၀၀ ဖြစ်တာ ကြက်မတွေ အလျဉ်မမီအောင် မအုနိုင်လို့၊ စားသုံးဆီ ဈေးတက်တာ ဆီကို အလွန်အကျွံ စားနေကြလို့၊ စက်သုံးဆီ ဈေးတက်တာ၊ မလောက်မင ဖြစ်တာဟာ စုံမကား အားလုံး လမ်းပေါ်တက်နေကြလို့ ဆိုပြီး ကုလသမဂ္ဂထဲကနေ ပြည်တွင်းကို လှမ်းပြီး အပြစ်တင်တာလည်း ခံရပါလိမ့်ဦးမယ်။

ပြီးတော့ “ဒီလိုလေး ငတ်နေရတာကိုက အရသာရှိတာ” တို့၊ “မလုပ်ရဲတာ ဘာမှ မရှိဘူး” တို့၊ “ဟပေးတုန်းလေး ဓာတ်ပုံဝင် ရိုက်သွားတာ” တို့ဆိုတဲ့ အပြောတွေကိုလည်း ကုလသမဂ္ဂထဲကနေ ပြောလာတာကို နားထောင်ကြရဦးမှာပါ။ ပြောရရင် မိုးလုံးပြည့် အလိမ်အညာ၊ ဝါဒဖြန့်မှုတွေကို ကမ္ဘာနဲ့ချီပြီး ခံကြရဖို့သာ ရှိပါတယ်။ သူတို့ရဲ့ ရက်စက် ယုတ်မာမှုတွေကို ဆိတ်သရေနဲ့ မရမက ဖုံးဖိတာကို ခံကြရဖို့ပဲ ရှိပါတယ်။

ဒီစာအစက အကြောင်းအရာဆီ ပြန်သွားကြရအောင်ပါ။ ဦးကျော်မိုးထွန်း တစ်ယောက် ကုလသမဂ္ဂထဲကနေ လက်သုံးချောင်း ထောင်ကာ အာဏာရှင် မင်းအောင်လှိုင်ကို ဆန့်ကျင်ခဲ့ပြီး ငါးနှစ်နဲ့ ရှစ်လအကြာ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ နောက်ထပ်တစ်ဖန် ကုလသမဂ္ဂထဲမှာ အာဏာရှင် မင်းအောင်လှိုင်နဲ့ လက်ပါးစေတွေရဲ့ ရက်စက် ယုတ်မာမှု ပြယုဂ်တစ်ခုကို ထုတ်ဖော် ပြသခဲ့ပြန်ပါတယ်။

အဲဒါကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါ လက်ပါးစေတို့ရဲ့ ရက်စက် ယုတ်မာမှုကြောင့် သေဆုံးသွားခဲ့ရသူ ပြည်သူတို့ရဲ့ အမည်နဲ့ အသက်တွေ ရေးထိုးထားတဲ့ တော်လှန်ရေး ထုတ်ကုန် ပုဝါ (scarf) တစ်ထည်ကို မျက်ရည်တွေကြားကနေ ကိုင်မြှောက်ပြခဲ့တာပါ။ ဒီလို ကိုင်မြှောက် ပြရင်းကနေ စကားတချို့ကိုလည်း ပြောဆိုခဲ့ပါသေးတယ်။

ဒီပုဝါပေါ်မှာ နောက်ထပ် အမည်တွေ ထပ်မံ ရေးထိုးရတာမျိုး မဖြစ်စေလိုတော့ကြောင်း၊ သူရဲကောင်းတွေ၊ အပြစ်မဲ့ ပြည်သူတွေကို နောက်ထပ် အဆုံးရှုံး မခံနိုင်တော့ကြောင်း၊ မြန်မာပြည်သူလူထုဟာ အခက်အခဲတွေကြားမှာ ကြံ့ကြံ့ ခံရပ်တည်နေကြရကြောင်းတို့ ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အစည်းအဝေး တိုင်းလိုလိုမှာ ထည့်ပြောတတ်တဲ့ စကားတစ်ခွန်းဖြစ်တဲ့ အာဏာသိမ်း စစ်တပ်ကို အထောက်အပံ့ ဖြစ်စေမယ့် အကူအညီတွေ ကမ္ဘာ့နိုင်ငံများက မပေးကြဖို့ဆိုတဲ့ ကန့်ကွက် တားမြစ်တဲ့ စကားကိုလည်း ထည့်သွင်း ပြောဆိုသွားပါသေးတယ်။

အဲဒီ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီ အစည်းအဝေးမှာပဲ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ဖြေရှင်းဖို့ ခက်ခဲသွားတဲ့ အခြေအနေ မရောက်ခင် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကုလသမဂ္ဂ အနေနဲ့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုတဲ့ အကြောင်း ပြောဆိုသွားသလို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကူမ့်ဂျန်ကလည်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ အရင်းအမြစ် ၁၆၀၀ ကျော်ကနေ အချက်အလက်တွေ ရရှိထားပြီး ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

ဒီလို အာဏာသိမ်း စစ်တပ်ရဲ့ နေ့စဉ်နဲ့အမျှ လေကြောင်း တိုက်ခိုက်မှု၊ မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှု၊ အကြမ်းဖက် သတ်ဖြတ်မှု၊ အဓမ္မ ဖမ်းဆီး ချုပ်နှောင် ညှဉ်းပန်း နှိပ်စက်မှု၊ နေအိမ် မီးရှို့မှု စတဲ့ ရက်စက် ယုတ်မာမှုတွေနဲ့အတူ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်း ဒဏ်ကို ခက်ခက်ခဲခဲ ရင်ဆိုင် ဖြတ်ကျော်နေရတဲ့ မြန်မာပြည်သူလူထုအတွက် ကုလသမဂ္ဂ အစည်းအဝေးထဲကနေ ကမ္ဘာ့နိုင်ငံ အသီးသီးထံ ဦးကျော်မိုးထွန်း ပြောသွားတဲ့ သတင်းစကား တစ်ခွန်းလည်း ရှိနေပါသေးတယ်။

အဲဒါကတော့ “သင်တို့ရဲ့ အကူအညီကို မြန်မာလူထု လိုအပ်နေတယ်” ဆိုတဲ့ သတင်းစကားပါပဲ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေမှာသေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ (UN)ရဲ့ တတိယကော်မတီအစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာ UN ကျွမ်းကျင် အရာရှိတွေကပြောကြားခဲ့ပါတယ်။

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးမှာ ကိုင်ပြောခဲ့တဲ့ ပဝါပေါ် ရေးထားတဲ့ အမည်တွေကတစ်ဆင့် ထွက်ပေါ်လာတဲ့ အသံတွေကို နားထောင်ပေးကြဖို့၊ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာစိတ် ရှိကြဖို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ဒီကနေ့မှာ ပြောကြားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။