Connect with us

Hi, what are you looking for?

ဝတ္ထုတို

နေပူပြင်းပြ ခရီးတစ်စ…နှင်….’

အမေ့စကားကို အမေ့နောက်ကွယ်မှာ ငြင်းပယ်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ကျွန်မ မလိမ်မာခဲ့ဘူးလို့ပဲ ဆိုပါတော့ အမေရယ်…

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'ဆိုဝ်ငြယ်'ရေးဖွဲ့တဲ့ “​​နေပူပြင်းပြ ခရီးတစ်စ...နှင်...."ဝတ္ထုတိုကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

◼️ဆိုဝ်ငြယ်

အမေ ကျွန်မ တအား မောနေပြီ အမေ…

အမေ့စကားကို အမေ့နောက်ကွယ်မှာ ငြင်းပယ်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ကျွန်မ မလိမ်မာခဲ့ဘူးလို့ပဲ ဆိုပါတော့ အမေရယ်…

ခွင့်လွှတ်ပါ အမေ ကျွန်မ အမေယူချင်တဲ့ ဂုဏ်ကို အမေ့မျက်နှာ‌ကိုထောက်ပြီးတောင် မယူပေးနိုင်ခဲ့တော့ဘူး…

Public Service Announcement

Public Service Announcement

မျက်ရည်တွေကို ဘယ်ညာသုတ်ပြီး ခြေသုတ်တင်နေမိသည်။ ခြေသလုံးလောက်တိုနေသည့် ထဘီ ခပ်နွမ်းနွမ်းကို လက်နှစ်ဖက်နှင့် ထပ်ပြီး မ တင်ထားသေးသည်။

ခြေလှမ်း တလွှားလွှားတွေက တစ်နေရာဆီသို့ ဦးတည်နေကြသည်။ခြစ်ခြစ်တောက်ပူနေသည့်နေရောင်အောက်တွင် မြူတွေက မှိုင်းလို့…သူ့ခေါင်းမှာ ဆောင်းစရာ ပါမလာ…

လက်ထဲမှာ ဆုပ်ကိုင်လာသည့် စာတစ်စောင်က ကျစ်ကျစ်ပါနေသည်။ ဖုန်အလူးလူး သဲတဖုံဖုံဖြင့် ယာခင်းထဲ သီးပင်စားပင်တွေကြား ပေါင်းနုတ်နေရာက ထလာခဲ့ခြင်း ဖြစ်သည်…

အမေလည်း မသိ။ ကိုကြီးလည်း မသိ။

ပြန်ချိန်တန်၍ ပြန်မလာရင်တော့ သူတို့ လိုက်ရှာ‌ကြပေတော့မည်။ သူ ထွက်လာခဲ့သည်ကို မြင်သူအချို့က သူ၏ ပုံပန်းသဏ္ဍာန်ကို ပြောပြ ခန့်မှနကြပေလိမ့်မည်။ ထိုပုံပန်းကို ကောက်ချက်ဆွဲ၍ ယောက်ျားနောက် လိုက်သွားတယ်လို့ ထင်ကြတော့မှာ မဟုတ်။

အဝတ်တစ်ထည် ကိုယ်တစ်ခုအပြင် လက်ထဲမှာပင် ငွေတစ်ပြား ပါမလာခဲ့သည့် ကိုယ်ဖြစ်ရပ်ကို လမ်းတစ်ဝက်ရောက်မှ သတိရသည်။ အရှိန်တို့ ရပ်တန့်မသွား….ဆက်သွားမြဲ သွားနေ၏။

တိုက်စားနေသည့် အချိန်တို့ကား တတို့တဆိတ်ဖြင့် တရိပ်ရိပ်ရှည်ကြာလွန်းနေကြသည်။

ခရီးကား ကြာလှပါဘိခြင်း…

ကားလမ်းပေါ်သို့ ရောက်လျှင်ပင် ယာဉ်တစ်စီးစီးမှာ လမ်းကြုံ စီးသွားဖြစ်တော့မည်။

ခြေလှမ်းတို့ကို အားသွန်ခဲ့သည်….အားတင်းခဲ့သည်…..ရေကလည်း ဆာသည်။

နေပူကျဲလှ၏…

အရိပ်တို့ကို မျက်စောင်း မထိုးနိုင်အား….

ဤခရီးကို မရောက်မချင်း ပြီးဆုံးအောင် သွားရအုံးမည်….အရေးကြီးသည်။

…………….………………………..

မျက်ရည်တို့ တလိမ့်လိမ့် စီးကျနေသည့်မှ လွှဲ၍ အမေကြီး ဘာစကားမှ မပြောနိုင်ရှာ။ခပ်ရိုးရိုးဟန် အထင်းသား ပေါ်နေသည့် အစ်မ၏ အစ်ကိုကြီးကလည်း မျက်ရည်တို့ ရစ်ဝိုင်းနေသည်။

” သူက ငယ်ကတည်းက ငါတို့နဲ့ မတူတာပါကွာ…”

ယောက်ျားရင့်မကြီးတစ်ယောက်၏ တုန်ယင်အက်ကွဲနေသော အသံက သူတို့ အုပ်စုကို ဆို့နင့်စေသည်။ ခေါင်းတွေကို ကိုယ်စီ ငုံ့ထားကြသည့်မှာ ကျလုကျခင် မျက်ရည်တို့ကို ထိန်းနေကြခြင်းသာ ဖြစ်လေသည်။

ဝမ်းသာဖွယ်သတင်းစကားကို လမ်းကြိုလမ်းကြားမှာ ပြောလိုက်သည့်တိုင် ချိုသည်…မြိန်သည်။

အခုလို ကြေကွဲဖွယ် စကားတို့ကတော့ အိမ်ဦးခန်းမှာ တိုးတိတ်ညင်သာစွာ ပြော‌ကြရသည့်တိုင် နာကျင်ကြရသည်…။

အစ်မကို ချစ်သူတို့ထံမှ ရှိုက်သံသည်လည်း တမြေ့မြေ့ နာကျင်စေသည်။အစ်မကို လေးစားကြသည့် သူတို့တွေလည်း နှလုံးသားတို့ တုန်ယင် အက်ကွဲနေကြပြီ…။

နှလုံးသားဟူသည်ကား အားလုံးဆီမှာ တည်ရှိနေကြတာပဲ မဟုတ်လား….။

အမေကြီး မျက်ရည်တို့ကို တဘတ်စဖြင့် တို့သုတ်လိုက်သည်။

” အမေကြီး သမီးကို ဆိုးလွန်းပါတယ်….”

တောသူ မိခင်တစ်ယောက်၏ ခပ်ရိုးရိုး ‌စကားတစ်ခွန်းကို သူတို့ မနာနိုင်ကြ။ အကယ်၍ အခြားသူတစ်ယောက်ယောက်က ဒီလို လာပြောရင် သူတို့ ရန်ပွဲ ဖြစ်သွားလိမ့်မည်။ သူတို့ အားလုံး ပုဆစ်တုပ်လျက် ခေါင်းငုံ့လျက် ထိုင်နေကြသည်။

ကျွန်တော်တို့ တောင်းပန်ပါတယ် ဟူသော ဝစီကံ အမှုထက် ကာယကံမြောက် တောင်းပန်ခြင်းဖြစ်ကြောင်း သူတို့ကိုယ်သူတို့ ကောင်းကောင်းသိသည်။

” သူက ပညာတတ်ဘွဲ့ရဖြစ်လာရင် ငါတို့ကတော့ သူ့အတွက် ဂုဏ်ယူချင်တာပါပဲလေ….”

တွေးတွေးဆဆ ရေရွတ်နေသည့် အစ်ကိုကြီးစကားက သူတို့နားထဲ စူးခနဲ ဝင်သွားသည်။ သက်ပိုင်တစ်ယောက် လှုပ်ခနဲ ဖြစ်လာတော့ သူလက်ကုပ်ပြီး ခေါင်းခါပြလိုက်သည်။ ဒီအချိန်မှာ အစ်ကိုကြီးတို့ ဒီလိုစကားတွေကို နားလည်နိုင်မှာမှ မဟုတ်ပဲ….

သက်ပိုင် ပါးပြင်ထက်မှာ မျက်ရည်တွေ စီးကျလာတာကို လက်ဖဝါးနှင့် ပွတ်သုတ်ပစ်လိုက်တာ မြင်လိုက်ရသည်။ပြီးတော့ အံကို ကြိတ်လျက်…

သူတို့ အားလုံး အပြစ်ရှိထားလျက်နှင့် အပြစ်ဒဏ်ခံယူသင့်သည့် တရားခံများလို ဦးညွတ်နေပါလျက် တစ်ဖက်က အပြစ်မပေးတတ်မှုအပေါ် သူတို့ကိုယ်တိုင် စိတ်ယားနေကြရသည့် အဖြစ်နှင့်လည်း တူ၏…

ဒေါသမာန်မာန တန်ခိုးကြီးထွားသည့် နဂါးအုပ်စုသည် ယုန်ဖြူလေးတွေရှေ့တွင် ဦးညွတ်နေသည်နှင့်လည်း တူ၏….

ရင်တွင်း အနာချင်းတူလျှင်တောင် ခံစားကြပုံချင်းတော့ မတူနိုင်။

အစ်မသည် အမေကြီးအတွက် သမီးငယ်တစ်ယောက် အစ်ကိုကြီးတို့၏ ညီမငယ် တစ်ယောက်သာ ဖြစ်သည်။

သို့သော် သူတို့အတွက်မူ တိုက်ပွဲဝင် သူရဲကောင်းတစ်ယောက် ဖြစ်လေသည်။

…………….

ရိုးသားလွန်းကြသော တောနေအခြေခံ လူတန်းစား ဘဝမှ လာသည်။ ရှားရှားပါးပါးပညာတတ်လူတန်းစားလောင်းလျာ အဖြစ် တက္ကသိုလ်သို့ တက်ခွင့်ရသည်။ အစ်မသည်ကား လောဘကြီးပါဘိခြင်း…

ဖခင်ကြီး၏ စာအုပ်စာပေများမှ တဆင့် လောကပြတင်းကိုဖွင့်ခဲ့သည်။ စောစီးစွာ သေဆုံးသွားခဲ့သည့်တိုင် ဖခင်ဖြစ်သူက အစ်မတို့ ဒေသက တောသူဌေးတစ်ယောက်‌ဟုဆိုနိုင်သည်။ အစ်မ၏အစ်ကိုကြီးက စာတတ်ချင်သူမဟုတ် စာဖတ်လိုသူ မဟုတ်။ မိခင်ဖြစ်သူကား အစ်မတို့ဖခင်၏ ထားရာနေ စေရာသွားဘဝဖြင့် မိန်းမ ပီသခဲ့သူ….

အစ်မသည်ကား ထက်သော သွက်သော သမီးတစ်ယောက်ဘဝမှ တော်သော တတ်သော စူးရှသော ကျောင်းသူတစ်ယောက်အဖြစ်ဖြင့် ရန်ကုန်မြို့ပေါ်က တက္ကသိုလ်ကျောင်းသို့ ရောက်သည်။

ထိုမှ တော်လှန်သော သမဂ္ဂထဲမှ ဓားတစ်စင်း ဖြစ်လာသည်။

သိုသိပ်သော လျှို့ဝှက်သော သမီးတစ်ယောက်၊ မြို့ပေါ်မှာ ကျောင်း‌တက်နေသော မိန်းကလေးတစ်ယောက်အဖြစ် ရွာက သိကြသည်။

ထက်မြက်သော တိကျသော ပြတ်သားသော ခေါင်းဆောင်ပိုင်းထဲမှ အားကိုးရသူ တစ်ယောက်အဖြစ် သမဂ္ဂထဲ သိကြသည်…

သို့သော် သူသည် မိန်းမသား

သို့သော် တော်လှန်ရေးသမား ဖြစ်သည်။

ထိုနေ့

ထိုနေ့ မတိုင်ခင် ဆယ်ရက်လောက်ကတည်းက ခွင့်ယူပြီး အိမ်ပြန်ရောက်နေသည်။ အမေနေမကောင်းဟု အစ်ကိုကြီးက သံကြိုးရိုက်လိုက်၍ ဖြစ်သည်။

ခွင့်ရက်မပြည့်ခင် ယာခင်းထဲက အစ်ကိုကြီး စိုက်ပျိုးထားသည့် သီးပင်စားပင်တွေကို ပေါင်းနုတ်ပေးနေသည်။

” အစ်မရေ စာရောက်တယ် “

စာတိုက်နှင့်ဝေးသော သတင်းစာနှင့် ဝေးသော အရပ် ရေဒီယိုပင် မရှိသော အရပ်တွင် သတင်း ပြတ်နေသည့် သူ့ထံသို့ ကျောက်တုံးတစ်တုံးစာ ဝုန်းခနဲ သတင်းတစ်ပုဒ် ပြုတ်ကျလာခဲ့သည်။

ဆိုက်ဆိုက်မြှိုက်မြှိုက်‌ေရာက်လာသည့် လတ်လတ်ဆတ်ဆတ်သတင်းသည်ကား သူ၏ ရဲဘော်လေးတွေ ဒဏ်ရာပြင်းထန်စွာရ၍ ဆေးရုံတင်ထားရသည် တဲ့….

အသက်သေဆုံးသည်လည်း ရှိသည်တဲ့….

ရှစ်ရက်နေ့တုန်းက သမဂ္ဂ အဆောက်အဦး ဖောက်ခွဲခံရသည်….တဲ့။

ဒီနေ့ ဇူလှိုင်လ ဆယ့်ငါးရက်….။တစ်ထောင့်ကိုးရာ ခြောက်ဆယ့်နှစ် ခုနှစ်…။

သူ့နားတွေ ကားထွက်သွားသည်။

သူ့ရင်တွေ တုန်လှိုက်နေသည်…..သူ့လက်ထဲမှ စာရွက်သည် ဆုပ်ကျစ်ခံလိုက်ရသည်။

ငေါက်ခနဲ မတ်တပ်ရပ်သည်။ ထဘီတိုတိုကို ဝတ်သည်။ မတ်တပ်အရပ်တွင် လွှင့်ကျသွားသော ခမောက်ကို မကောက်ဖြစ်ခဲ့….

ခြေလှမ်းတို့ စတင်ခဲ့သည်….

………………

သူတို့တွေ ငြိမ်သက်စွာ ရပ်နေကြသည်။

လေပြေက ငြိမ့်ငြိမ့်လေး တိုက်နေသည်။ မြက်ရိုင်းတွေက တလှုပ်လှုပ်…

ညနေခင်းဆီမှ ကိုသက်ပိုင်၏ အသံက ခပ်မှန်မှန်…

” အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ ဆေးရုံတက်ရတယ်။ ကျွန်တော်တို့နောက်ကို အစ်မ လိုက်လာတယ်….။ ဆေးရုံရောက်တော့ သူ့ရုပ်က လူရုပ်မပေါက်တော့ဘူး…။သူ ဖြစ်ကြောင်း ကုန်စင်ကို မေးတယ်….ကျွန်တော်တို့ကို လူနာစောင့် လုပ်နေရင်းကနေပဲ အစီအစဉ်တွေကို ဆွဲတယ်။ ခေါင်းဆောင်ပိုင်းကတွေကို တင်ပြတယ်….

နောက်တော့ ကျွန်တော်တို့ ဆေးရုံ မဆင်းရခင်မှာပဲ သူ ပျောက်သွားတယ်….”

ကိုသက်ပိုင် သက်ပြင်းချလိုက်သည်….။

ပြီးနောက်

” ကျွန်တော်တို့ လိုက်လို့မမီနိုင်လောက်အောင် သူ လှုပ်ရှားခဲ့တယ်။ပြီးတော့ သူ အဖမ်းခံခဲ့ရတယ်….

သူလှုပ်ရှားခဲ့သမျှ သူတောင်းဆိုခဲ့သမျှ သူ ရေးဆွဲခဲ့တဲ့ အစီအစဉ်တွေထဲမှာ နိုင်ငံရေးတောင်းဆိုသံတွေ မပါခဲ့ဘူး။ ဒီမိုကရေစီနည်းကျကျပညာရေးစနစ်ကို

ကာကွယ်ဖို့ကိုပဲ သူ လှုပ်ရှားခဲ့တာ….ဒါပေမယ့် သမဂ္ဂအဆောက်အအုံ ဖောက်ခွဲခံလိုက်ရတဲ့နောက်မှာ သူ ပြင်းထန်သွားတယ်…. သူ့တောင်းဆိုသံတွေထဲမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်သံတွေ ညည်းတွားသံတွေ ပါလာတယ်။ သူကိုယ်တိုင်လည်း သံတိုင်ကြားထဲ ရောက်နေခဲ့ပြီလေ….”

ညနေသည် တိတ်ဆိတ်သွားပြန်၏….

သူတို့ ခြေလှမ်းတို့သည် နှေးကွေးနေစွာ လျှောက်နေကြသည်။

” ကျွန်တော်တို့ အ‌စ်မရဲ့ အမေကြီးတို့ကို သွားပြောကြတဲ့ ညက အားလုံး မအိပ် ဖြစ်ကြဘူး။ ပြောရရင် ကျွန်တော်တို့ ငိုခဲ့ကြတယ်… ကျွန်တော်တို့ ဘုန်းကျောင်းမှာ တည်းခဲ့ကြတာလေ….

တကယ်တော့ အစ်မက နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်နေခဲ့တာ …. သူ တော်လှန်နေခဲ့တာ တစ်ချိန်လုံးပါပဲ…..”

သူတို့ လှည့်ထွက်လာခဲ့ကြသော သင်္ချိုင်းတွင် တော်လှန်ရေးသမားတစ်ယောက်၏ အုတ်ဂူတည်ရှိလေသည်….

အုတ်ဂူ၏ ကမ္ဗည်းစာတွင် အသက်နေရာက ပျက်နေသည့်တိုင် နာမည်ကိုကား ကောင်းစွာ ဖတ်၍ ရနေဆဲ….

ရဲဘော်မခင်ဝယ်

အသ… ………..

……………………..

ဆက်စပ်သတင်းများ

ဝတ္ထုတို

ဆရာပြား ကျေးဇူးကြောင့် ခုတော့ ဖုန်းကိုင်ရပြီ။ သူလည်း ဝယ်လာတာတော့ မဟုတ်။ တနေ့ညက အခန်းကို ပြန်လာတုန်း လမ်းမှာ ကောက်ရခဲ့တာ။ ပိုင်ရှင်လိုက်လာမှာစိုးလို့ SIM Card ဖြုတ်ထားတယ်၊ ကိုယ့်ဖာသာ ထည့်သုံး ဟု ပြောသည်။ သူ့မှာက ဟန်းဆက်သုံးလုံးရှိတာမို့ မင်းကိုပေးတာဆိုပြီး ပေးသွားသည်။...

ဝတ္ထုတို

​နေချို​သွေး ရောက်ရှိလာမယ့် နွေနေ့ရက်တွေက မြေအောက်ခန်းမှာ နှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ ဝိုင်အရက်ချိုလို ပြင်းရှနေရင် သိပ်ကောင်းမှာပါပဲ။ နွေပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ လူတယောက်အတွက် တခါတလေမှာ လဲမှို့ပွင့်လို လွင့်နေချင်မိတယ်။ မျှော်လင့်မှုတွေက မီးခိုးမဆုံး မိုးမဆုံးနဲ့ ကျယ်ဝန်း ပြန့်ကားလို့နေတယ်။ အရာရာကို လွှတ်ချထားလိုက်ချင်‌ပေမယ့် ရေလိုက်ငါးလိုက် မနေတတ်တဲ့...