Connect with us

Hi, what are you looking for?

ဆောင်းပါး

အီရန်စစ်ပွဲမှာ တောင်ကိုရီးယား ဝင်ပါမှာလား

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို မလုပ်သင့်ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို မလုပ်သင့်ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

တစ်ဖက်မှာတော့ တောင်ကိုရီးယား အစိုးရဟာ အီရန်စစ်ပွဲနဲ့ ခပ်ကင်းကင်း ဆက်နေဖို့ မလွယ်လောက်တဲ့ ဘေးကျပ်နံကျပ် အခြေအနေတွေ ကြုံနေရပါတယ်။ သမ္မတ လီဂျေမြောင်က ဒီကိစ္စကို တိတိကျကျ မဆုံးဖြတ်ရသေးဘူးလို့ ပြောပေမယ့်လည်း အစိုးရ အတွင်းပိုင်း သတင်းရင်းမြစ်တွေကတော့ အီရန်ကမ်းလွန် ရေပြင်ကို တောင်ကိုရီးယားက စစ်တပ်တွေ စေလွှတ်လိမ့်မယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

စစ်ပွဲကြောင့် အီရန်က ဟောမုဇ်ရေလက်ကြားကို ပိတ်ချလိုက်တဲ့အခါ တခြား ကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ တောင်ကိုရီးယားဟာလည်း စွမ်းအင်ကိစ္စ အကျပ်အတည်းတွေ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်ကိုရီးယား အပါအဝင် မဟာမိတ် နိုင်ငံတွေကို အီရန်စစ်ပွဲမှာ ပါဝင်ကူညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် အားလုံးက အသီးသီး လက်ရှောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတော့ တောင်ကိုရီးယားဟာ အီရန်စစ်ပွဲ ကာလအတွင်း ဟောမုဇ်တဝိုက်ကို စစ်တပ်တွေ စေလွှတ်မယ့် ပထမဆုံး အမေရိကန် မဟာမိတ်နိုင်ငံ ဖြစ်ဖို့ အလားအလာ တဖြည်းဖြည်း များလာနေပါတယ်။

ဒီအတွက် ခိုင်လုံတဲ့ အကြောင်းတရားတွေလည်း ရှိနေပါတယ်။ ထရမ့်ဟာ တောင်ကိုရီးယားကို အီရန်စစ်ပွဲမှာ ပါဝင်လာဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ သိသိသာသာ ဖိအားပိုပြီး ပေးလာပါတယ်။ တောင်ကိုရီးယားရဲ့ လုံခြုံရေး ကဏ္ဍအတွက် အရမ်းအရေးကြီးတဲ့ နှစ်နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု တစ်ခုကို စတင်ခါနီး ရက်အရမ်းကပ်တော့မှ အတိုင်းအတာ ပမာဏ လျှော့ချပစ်ဖို့ ထရမ့်က အမိန့်ပေးခဲ့ပါတယ်။ အဲဒီကိစ္စဟာ အတော်လေး ကမောက်ကမတွေ ဖြစ်စေသလို တောင်ကိုရီးယား အတွက်လည်း လုံခြုံရေးဆိုင်ရာ အချက်ပေး ခေါင်းလောင်းသံ ဖြစ်လာပါတယ်။ ဒါတင် မကသေးဘဲ ထရမ့်က တောင်ကိုရီးယားဟာ အမေရိကန်ရဲ့ အကူအညီ တောင်းခံမှုကိုတော့ မျက်ကွယ်ပြုပြီး အမေရိကန်ဆီက လုံခြုံရေး အစောင့်အရှောက်ကို ယူချင်နေတာလားဆိုတဲ့ သဘောမျိုး လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါတင်မကသေးဘဲ တောင်ကိုရီးယားရဲ့ အဓိက ဝင်ငွေ အရင်းအမြစ် တစ်ခုဖြစ်တဲ့ ဆီမီးကွန်ဒက်တာတွေ တင်ပို့ရောင်းချမှုအပေါ် အခွန်တိုးမြှင့် ကောက်ခံမယ်လို့ ထရမ့်က ကြေညာပြီး စီးပွားရေး အရပါ ဖိအားပေးလာပြန်ပါတယ်။ ဒီအခြေအနေတွေနဲ့ ကြုံတွေ့အပြီးမှာတော့ တောင်ကိုရီးယား အစိုးရဟာ ဟောမုဇ်ကို စစ်တပ်တွေ စေလွှတ်နိုင်တယ် ဆိုတာမျိုး လေသံပြောင်းလာခဲ့ပါတယ်။ သမ္မတ လီက သူဟာ ဘာဆုံးဖြတ်ချက်မှ အတည်တကျ မချမှတ်ရသေးပါဘူးလို့ ပြောပေမယ့်လည်း အရင်လိုမျိုး စစ်ပွဲနဲ့ ကင်းကင်းနေမယ်ဆိုတဲ့ စကားမျိုးတော့ ထွက်မလာတော့ပါဘူး။

ဆိုးလ်မှာ ဆန္ဒပြတဲ့ ပြည်သူတွေကတော့ အီရန်စစ်ပွဲမှာ ပုံစံတစ်မျိုးမျိုးနဲ့ ဝင်ပါမိရာကနေ ပြဿနာတွေ မီးခိုးကြွက်လျှောက် တက်ပြီး ရုန်းထွက်လို့ မရဘဲ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ တောင်ကိုရီးယား အစိုးရကတော့ တကယ်လို့ အရှေ့အလယ်ပိုင်း ဒေသဆီ တပ်တွေ စေလွှတ်မယ် ဆိုရင်တောင် အီရန်ကို တိုက်ခိုက်မယ့် မစ်ရှင်တွေမှာ လုံးဝ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ လောလောဆယ် အစိုးရ အနေနဲ့ အလေးအနက် လေ့လာနေတာကတော့ ဟောမုဇ်မှာ အရပ်ဖက် ရေယာဉ်တွေ ဘေးကင်းဖို့အတွက် မိုင်းရှင်းလင်းရေး ဆောင်ရွက်ဖို့၊ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး မစ်ရှင်တွေမှာ ပါဝင်ဖို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

လဆန်းပိုင်းတုန်းကတော့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ဆင်ရေး လိုအပ်ချက်တွေကို ဆန်းစစ်ဖို့အတွက် အရှေ့အလယ်ပိုင်းဆီ ကွင်းဆင်းစုံစမ်းရေး အဖွဲ့တစ်ခု စေလွှတ်ခဲ့ကြောင်း အတည်ပြုသွားပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ်ဟာ စစ်တပ်ကိုပါ နောက်ဆက်တွဲ စေလွှတ်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မဟုတ်ဘူးလို့ ဝန်ကြီးဌာနက ရှင်းလင်းခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကိုရီးယားကျွန်းဆွယ် ပြင်ပမှာ စစ်တပ်တွေ ဖြန့်ကျက်ဖို့ဆိုရင် လွှတ်တော်ရဲ့ အတည်ပြု ထောက်ခံမှုကို လိုအပ်ပါတယ်။ လောလောဆယ်မှာတော့ အာဏာရရော၊ အတိုက်အခံဖက်ကပါ အမတ်တချို့က အီရန်စစ်ပွဲဆီ တောင်ကိုရီးယား စစ်တပ်တွေ စေလွှတ်ရေး ကိစ္စကို အတိအလင်း ကန့်ကွက်ထားပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်နဲ့ ဆက်ဆံရေးကို အရှည်တည်တံ့အောင် ဆက်လက် ထိန်းသိမ်းရာမှာ တချို့အရာတွေကို တောင်ကိုရီးယားဖက်က လိုက်လျောပေးဖို့ လိုလိမ့်မယ်လို့ နိုင်ငံရေး သုတေသီတွေက သုံးသပ်ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတကာ ရေကြောင်းသွားလာမှုကို ကာကွယ်ဖို့၊ နိုင်ငံရဲ့ စွမ်းအင် ဖူလုံရေးကို အာမခံချက် ရှိစေဖို့ ဆိုတာမျိုး အရှေ့အလယ်ပိုင်းမှာ စစ်တပ်တွေ ဖြန့်ကျက်ဖို့ တောင်ကိုရီးယား အစိုးရအတွက် လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိနေတယ်လို့ ကိုရီးယား အမျိုးသား သံတမန်ရေးရာ အကယ်ဒမီရဲ့ သုတေသီ တစ်ဦးဖြစ်သူ မင်ဂျောင်ဟွန်းက ပြောပါတယ်။ တောင်ကိုရီးယားအတွက် လိုအပ်တဲ့ ရေနံစိမ်း စုစုပေါင်းရဲ့ ၆၀ နဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ဟောမုဇ်ကို ဖြတ်သန်းပြီး တင်သွင်းနေရတာဖြစ်ကြောင်း သူက ထောက်ပြပါတယ်။

အာရှ မူဝါဒ လေ့လာရေး အင်စတီကျုရဲ့ အကြီးတန်း သုတေသီ တစ်ဦးဖြစ်တဲ့ ဂျန်ဂျီဟွမ်းကလည်း အီရန်စစ်ပွဲမှာ တိုက်ခိုက်ရေး ကဏ္ဍမျိုး မဟုတ်ဘဲ ပါဝင်ခြင်းဟာ တောင်ကိုရီးယား အစိုးရရဲ့ အင်ဒို-ပစိဖိတ် နိုင်ငံခြားရေး မူဝါဒမှာ ကာလရှည်ကြာ လက်ကိုင်ပြုခဲ့တဲ့ လွတ်လပ်စွာ ခုတ်မောင်းသွားလာမှုကို ကာကွယ်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ သင့်တော် ညီညွတ်ကြောင်း ပြောပါတယ်။ ဟောမုဇ်မှာ အရပ်ဖက် ရေယာဉ်တွေ ဘေးကင်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့တွေ စေလွှတ်တာဟာ အိမ်ဖြူတော်ထဲမှာ ထိုင်နေတဲ့ ထရမ့်ကို မျက်နှာလိုအားရလုပ်တဲ့ အဓိပ္ပါယ်လို့ ယူဆစရာ မလိုကြောင်း ဂျန်က ဆိုပါတယ်။ ပြီးတော့ ပင်လယ်ကွေ့ ဒေသတွင်းက မိတ်ဖက် အာရပ်နိုင်ငံတွေကို အကူအညီပေးရာလည်း ရောက်တယ်လို့ သူက ရှင်းပြပါတယ်။

ဒါပေမဲ့ စစ်ရေးနဲ့ နိုင်ငံရေး ပညာရှင် အားလုံးကတော့ အီရန်စစ်ပွဲမှာ ဝင်ပါမယ် ဆိုရင်တောင် တောင်ကိုရီးယားဟာ တိုက်ခိုက်ရေး ကဏ္ဍနဲ့ လုံးဝ ကင်းကင်းရှင်းရှင်း ရပ်တည်မယ် ဆိုတာကို ထင်ရှားမြင်သာအောင် ပြသထားဖို့ အရေးကြီးကြောင်း ပြောပါတယ်။ စစ်ပွဲမှာ ဝင်ပတ်သက်တယ်၊ စစ်တပ်တွေ စေလွှတ်တယ်ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းတွေကအစ အထူးသတိထား ကိုင်တွယ်ဖို့ လိုတယ်လို့လည်း ဂျန်က သတိပေးခဲ့ပါတယ်။

ဆီဂျောင်အင်စတီကျုရဲ့ နိုင်ငံရေး သုတေသီ ရှင်ဘွမ်ချူလ်က တောင်ကိုရီးယား အစိုးရက အီရန်စစ်ပွဲထဲ ဝင်ပါတာကို မူအားဖြင့် ထောက်ခံပေမယ့် တပ်တွေ အလောတကြီး စေလွှတ်တာမျိုးတော့ မလုပ်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်တို့လို နိုင်ငံတွေကလည်း ဟောမုဇ်ရဲ့ ရေလမ်းကြောင်း လုံခြုံရေး ကိစ္စကို အလေးအနက် စဉ်းစားနေပြီး လိုအပ်တဲ့ အားထုတ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြောင်း၊ အဲဒီလို လုပ်ငန်းစဉ်မျိုးမှာ တောင်ကိုရီးယားက ပူးပေါင်းတာမျိုး ပိုပြီး ဖြစ်သင့်ကြောင်း သူက ပြောပါတယ်။

ဒါပေမဲ့ ဗြိတိန်၊ ပြင်သစ်တို့ရဲ့ အစီအမံတွေဟာ အီရန်နဲ့ အမေရိကန်ကြား စစ်ပွဲရပ်စဲပြီးမှသာ အကောင်အထည် ပေါ်လာဖွယ် ရှိနေတာကြောင့် ထရမ့်လိုလားသလို စစ်ကာလမှာ တပ်တွေ ဖြန့်ကျက်တဲ့ အခြေအနေမျိုးတော့ မဖြစ်နိုင်ပါဘူး။

လောလောဆယ် ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်နေတာကတော့ တောင်ကိုရီးယားဟာ တိုက်ခိုက်ရေး မစ်ရှင်အတွက် မဟုတ်ဘဲ ရေကြောင်း ကင်းလှည့် လေယာဉ်တွေနဲ့ မိုင်းရှင်းတာဝန်တွေပါ ယူနိုင်တဲ့ သယ်ယူပို့ဆောင်ရေး စစ်ရေယာဉ် တစ်စီးကို ဟောမုဇ်ဆီ စေလွှတ်ဖို့ ပြင်ဆင်နေတယ် ဆိုတာပါပဲ။ အဲဒီလောက် ပမာဏမျိုး တပ်အင်အား ပို့လွှတ်တာက ထရမ့်ရဲ့ အမြင်မှာ လုံလောက်ပါ့မလား ဆိုတာကိုတော့ အတပ်မပြောနိုင်ပါဘူး။

ဒါပေမဲ့ အမေရိကန်ကို ဖိအားပေးဖို့အတွက် စစ်ပွဲကာလ တလျှောက်လုံးနီးပါး ဟောမုဇ်ကို ပိတ်ဆို့ထားတဲ့ အီရန်အတွက်ကတော့ ဒီလုပ်ရပ်မျိုးဟာ အမေရိကန်ကို အားပေးကူညီတယ်လို့ပဲ ရှုမြင်ပါလိမ့်မယ်။ အီရန် အစိုးရကတော့ တိုက်ခိုက်ရေးနဲ့ မပတ်သက်ရင်တောင် တောင်ကိုရီးယားက ဟောမုဇ်တဝိုက်ဆီ စစ်တပ်စေလွှတ်ပြီ ဆိုတာနဲ့ အမေရိကန်ရဲ့ ကျူးကျော်မှုမှာ အားပေးအားမြှောက် လုပ်တယ်လို့ သတ်မှတ်ရလိမ့်မယ်လို့ အတိအလင်း သတိပေးထားပါတယ်။ အဲဒီအခါ ကြုံလာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို တောင်ကိုရီးယား အစိုးရက ကျိန်းသေ ရင်ဆိုင်ရမယ်လို့လည်း အီရန်က ခြိမ်းခြောက်ထားပါတယ်။

တောင်ကိုရီးယား အစိုးရ အနေနဲ့ အရှေ့အလယ်ပိုင်းဆီ တပ်တွေ မစေလွှတ်ချင်ဘူး ဆိုရင်တော့ ထရမ့်စိတ်ပြေအောင် အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်တာမျိုး တခြားနည်းတွေကို စဉ်းစားရပါလိမ့်မယ်။ ဒါပေမဲ့ အမေရိကန်ဆီက ဖိအားပေး ခံနေရတဲ့ အခြေအနေတွေ၊ ကိုယ်တိုင်က ရေနံစိမ်း တင်သွင်းမှုမှာ ထိခိုက်နေတဲ့ အခြေအနေတွေကြောင့် အစိုးရဟာ ဟောမုဇ်ရေလက်ကြား လုံခြုံဘေးကင်းရေးကို ဝင်ရောက် ပံ့ပိုးပေးသင့်ကြောင်း ဓမ္မဓိဋ္ဌာန်ကျကျ ထောက်ပြမှုတွေကလည်း ရှိနေပါတယ်။ သမ္မတ လီအတွက်တော့ ရွေးချယ်မှုတိုင်းမှာ အကျိုးကျေးဇူးရော၊ စိန်ခေါ်မှုတွေပါ ရောပြွန်းနေတာကြောင့် အတော်လေး ခေါင်းခဲရမယ့် အခြေအနေ ဖြစ်ပါတယ်။

လုံခြုံရေးအတွက် အမေရိကန်ကို မှီခိုနေပြီး အမေရိကန်က လိုအပ်တဲ့ အချိန်မှာတော့ ခေါင်းရှောင်နေတယ်ဆိုတဲ့ ထရမ့်ရဲ့ စကားနာထိုးမှုတွေကိုရော၊ လူငယ်တွေကို သေတွင်းထဲ မပို့နဲ့လို့ ကြွေးကြော်နေတဲ့ ဆန္ဒပြ ပြည်သူတွေရဲ့ အသံကိုပါ လီအနေနဲ့ နားစွင့်ဖို့ လိုပါတယ်။ စက်တင်ဘာ ၉ ရက်နေ့က ဆိုးလ်မှာ ဆန္ဒပြတဲ့ လူဦးရေက မများလှပေမယ့် ပြည်သူ အများစုရဲ့ ဆန္ဒကိုတော့ ထင်ဟပ်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

တောင်ကိုရီးယားဟာ ၂၀၀၉ ခုနှစ်တုန်းက ပင်လယ်ဓားပြတွေ သောင်းကျန်းရာ အေဒင် ပင်လယ်ကွေ့မှာ လုံခြုံရေး မစ်ရှင်တွေအတွက် တပ်တွေ စေလွှတ်ခဲ့ဖူးပါတယ်။ နောက်ထပ် ၁၇ နှစ် အကြာမှာတော့ ပင်လယ်ရပ်ခြား စစ်ရေးဖြန့်ကျက်မှုတွေ နောက်တစ်ကြိမ် လုပ်ဆောင်မလား ဆိုတာကို အိမ်ပြာတော်က ပုဂ္ဂိုလ်တွေ သေသေချာချာ ဆန်းစစ် ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။