Connect with us

Hi, what are you looking for?

ဝတ္ထုတို

‘လွေးဆိုင်ပူး (သို့မဟုတ်) အတောင်မစုံသောငှက်ငယ်’

◼️ ငြိမ်းကိုငြိမ်း

ဆိုင်ပူးက ငါးတန်းကျောင်းသူ။ ငါးတန်းမှာရှိတာက ယောကျာ်းလေး တယောက် မိန်းကလေး လေးယောက်။ အဲ့ငါးယောက်ထဲမှာမှ သူကစာအတော်ဆုံးလို့ပဲ ပြောရမယ်။ မနှစ်က လေးတန်းတုန်းကလည်း ဆုပေးပွဲမှာ ပထမဆုရထားတာ။ စာသင်တဲ့အခါတိုင်း ဘာသာရပ်တိုင်းကို အမြဲအာရုံစူးစိုက်သင်ယူလေ့ရှိတဲ့ ကလေး။ စကားကို အမြဲနားထောင်ပြီး ပြောသမျှကိုလည်း ဂရုတစိုက်အမြဲနာခံတတ်သူ။ ချစ်တာပေါ့ ကိုယ့်သမီးလေးလိုပါပဲ။ အသားဖြူဖြူ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပြုံးလိုက်ရင် ညာဘက်ပါးပြင်ထက် ပါးချိုင့်လေးတခုက မသိမသာပေါ်လာ။ ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ရိုးသားဖြူစင်တဲ့ မျက်လုံးလုံးဝိုင်းဝိုင်းလေးတစုံက သူ့ရဲ့အမှတ်အသား။

နွေးထွေးပါစေတော့ရယ်လို့ ရင်ငွေ့နဲ့ မေတ္တာတွေပေးခဲ့တဲ့ နှစ်လတွေ။ ဒီလိုနဲ့ ရင်အုပ်မကွာ သံယောဇဉ်တွေ တိုးနှောင်ဖွဲ့ရင်း။

မြန်မာစာသင်ရင်း ဝါကျတွေ ကိုယ်စီဖွဲ့ခိုင်းတော့
“ဆရာကြီး ဦးငြိမ်းချမ်းသည် သမီးတို့အပေါ် စာသင်ပေးရုံမက ဗဟုသုတများစွာကိုလည်း အမြဲပြောပြလေ့ရှိပါသည်”

Public Service Announcement

Public Service Announcement

“ဆရာကြီးဦးငြိမ်းချမ်းကို သမီးတို့ အမြဲချစ်ခင်ရိုသေလေးစားပါသည်”

“ဆရာကြီးသည် သမီးတို့အတွက် စံပြတဦးဖြစ်ပါသည်” … စသဖြင့်။ စာစစ်ပေးရင်း ရင်နှင့်အမျှသော ပီတိများ။

ဆိုဆုံးမသမျှစကားများစွာအပေါ် လက်ကလေးပိုက်ရင်း အပြုံးချိုချို မျက်ဝန်းစိုစိုလေးတွေနဲ့ အမြဲနာယူလေ့ရှိတဲ့ကလေး။ တရက် နှစ်ရက်ကနေ တပတ်ကျော်ထိ ကျောင်းကိုရောက်မလာတော့ ကလေးတွေကိုမေးရ။ ဆိုင်ပူး နေမကောင်းလို့လား။ ဘာလို့ ကျောင်းမလာတာလဲဆိုပြီး။ အဲဒီရက်တွေထဲ ကျနော်လည်း အမျိုးစုံသော ကိစ္စတွေ စိတ်ခံစားမှုတွေအပါအဝင် စိတ်ရောလူပါ ပင်ပန်းမအားလပ်မှုတွေကြားမှာ သူ့အပေါ်မေ့မေ့ပျောက်ပျောက်။

တရက် ကလေးတယောက်က လာပြောလာ။ ဆရာကြီး ဆိုင်ပူးက ကျောင်းထွက်လိုက်ပြီတဲ့။

“ဟာ .. မထွက်ရပါဘူး။ သူ့ကို ဆရာ့ဆီခေါ်လာတွေ့ခိုင်း၊ မလာရင် ဆရာ အိမ်ထိလိုက်လာမယ်ပြောလိုက်”ဆိုပြီး။ အဲဒီရက်တွေထဲ မအားမလပ်နဲ့ ကျောင်းကထိန်ကျင်းပရေး အပါအဝင် အလုပ်ရှုပ်နေတဲ့ကြားက ကထိန်ရက်မှာ ဆိုင်ပူးကို သေချာခေါ်ခဲ့ဦးဆိုပြီး ကလေးတွေကို မှာမိ။

တရက်။

အဲဒီတရက်မှာတော့ ကလေးတွေကျောင်းအလာမှာ သတင်းစကားတခုနဲ့။

“ဆရာကြီး ဆိုင်ပူးက မနက်ဖြန်အလုပ်သွားတော့မို့”တဲ့။

မဟုတ်တာ။ ငါ့သမီးလေး ပညာလည်း မစုံ၊ အရွယ်လည်းမရောက်တရောက်၊ သူက ဘယ်သွားပြီး ဘာလုပ်မှာလဲဆိုပြီး။ အိမ်ပြန်ပြီး ဆိုင်ကယ်ယူ၊ သူ့သူငယ်ချင်းကလေးတယောက်အတူခေါ်ပြီး ရွာထဲကိုထွက်ခဲ့။ ကျောင်းကနေ ရွာထဲ လမ်းကြမ်းကြမ်းတွေကို ဂရုစိုက်မောင်း နေရင်း လမ်းမှာ ဆိုင်ကယ်တစီးနဲ့အရှောင်။ အတူပါလာတဲ့ကလေးက

“ဆရာကြီး၊ ဟိုဆိုင်ကယ်ပေါ်မှာ ဆိုင်ပူးတို့”တဲ့။

ဆိုင်ကယ်ကို အရှိန်သတ်၊ ပြန်ကွေ့။ ခေါ်မကြားနိုင်လောက်တဲ့ အကွားအဝေးမို့ လမ်းကြမ်းကြမ်းအဆင်းအတက်တွေကြားကနေ အရှိန်တင်ပြီး မီအောင် လိုက်ရ။

ရွာနဲ့မနီးမဝေး စစ်ရှောင်စခန်းအနားအရောက် သူတို့ဆိုင်ကယ်ကိုမီတော့မှ ခဏရပ်ခိုင်းရ။ ဆိုင်ပူးနဲ့အတူ သူနဲ့ငါတန်းအတူက အေမုပ်ရယ် ရွာထဲက အမျိုးသမီးတယောက်ရယ်။

ဆိုင်ပူးရော အေမုပ်ကိုရောခေါ်ပြီး

“သမီးတို့ ဘယ်ကိုသွားမို့လဲ” မေးတော့

အလုပ်သွားကြမို့တဲ့။ ဘာအလုပ်လုပ်ကြမှာ၊ ဒီပညာ ဒီအရွယ်နဲ့ ငါ့သမီးတို့ကဆိုတော့ မူဆယ်ဘက်မှာ အိမ်ဖော်တဲ့။ ရင်ထဲ တစစ်စစ်နာလာ။ သမီးတို့ ကျောင်းမတက်ချင်တော့လို့လား၊ ဒီအရွယ်က ပညာကြိုးစားသင်ရမယ့်အရွယ်၊ ငါ့သမီးတို့ကို ဆရာ စိတ်မချဘူးပြောရင်း ကိုယ်တိုင်လည်း မျက်ရည်က ဝဲတက်လာ။ ကျနော့်မျက်နှာကြည့်ရင်း ကလေးတွေက ငိုရော။

“သမီးတို့ အကိုတွေ စစ်သားကောက်တဲ့ထဲ ပါသွား၊ အဖေတို့အမေတို့ကလဲ တောင်ယာမှာ၊ စားဝတ်နေရေး မပြေတော့တာမို့ အမေတို့က အလုပ်သွားခိုင်းတာမို့”တဲ့။

ခေတ်ပျက် စနစ်ပျက်၊ ခေတ်ဆိုး စနစ်ဆိုးကြီးကြား နယ်စပ်ဒေသတ​နေရာမှာ အိမ်ဖော်တဲ့လေ။ ဒီအရွယ် မိန်းမငယ်လေးတွေ တရုတ်ဘက်မှာ ရောင်းစားခံတဲ့သတင်းတွေ၊ ပွဲစားတွေရဲ့ လိမ်လည်ခေါ်ဆောင်မှုတွေကြားက နားမလည်ပါးမလည် လူကုန်ကူးခံခဲ့ရတာတွေ။ အသိပညာဗဟုသုတနည်းပါးတဲ့ တိုင်းရင်းသားတွေမို့ ငွေအနည်းငယ်ရရုံနဲ့ ဘဝတခုလုံး ရင်းစားမရတော့ရင်ဆိုတဲ့ အတွေးတွေ စိုးရိမ်ပူပန်မှုတွေနဲ့ ကျနော့်ခေါင်းထဲ မူးဝေနောက်ကျိလာ။ သူတို့ကို ဆိုင်ကယ်နဲ့ တင်ခေါ်လာခဲ့တဲ့ ရွာထဲက အမျိုးသမီးကို စိတ်လိုက်မာန်ပါနဲ့ပြောမိ။

“ငါ့ကလေးတွေ တခုခုဆို နင်တာဝန်ယူရမယ်နော်၊ ငါ့ကလေးတွေ တခုခုဖြစ်ခဲ့ရင် နင့်ကိုလာရှာမယ်ဆိုပြီး” ။

ကလေးတွေကငို ။ ကျနော်လည်း မျက်ရည်အဝဲသား။

“ဆရာကြီးကို သမီးတို့ ကန်တော့ခဲ့ပါတယ်”တဲ့။

ကြမ်းနေတဲ့ လမ်းမထက် ဘဝကြမ်းကြမ်းတွေကြားက နူးညံ့တဲ့ စိတ်နှလုံးသားကိုယ်စီနဲ့။ အဲဒီ အခိုက်အတန့်လေးမှာ ထိမ်းမရအောင် စီးကျခဲ့ရတဲ့ မျက်ရည်စတွေ။ ကိုယ့်မျက်ရည်တွေကို မေ့ထားပြီး ကလေးတွေရဲ့ ပါးပြင်ပေါ်က မျက်ရည်စတွေ အသာသုတ်ပေးရင်း တတွတ်တွတ်မှာမိ။

ဆရာ့ဖုန်းမှတ်ထား၊ ဟိုရောက်လို့ တခုခုအဆင်မပြေခဲ့ရင် ဆရာ့ဆီ ဖုန်းဆက်၊ အမြဲ အဆက်သွယ်မပြတ်စေနဲ့ကအစ။ ဒီလိုနဲ့ တရွေ့ရွေ့ထွက်ခွာဝေးသွားတဲ့ ကလေးတွေကို မျက်စိတဆုံးငေးကြည့်ရင်း။ ကြေကွဲစတွေက မဆံ့မပြဲ။

တကယ်တော့ နုနယ်ငယ်ရွယ်တဲ့ သူတို့ဘဝလေးတွေမှာ ကြမ်းတမ်းတဲ့ ဘဝပေးတွေနဲ့ အခြေအနေမပေးခဲ့ပုံတွေ။ အတောင်မစုံသေးဘဲ ကောင်းကင်တခွင် ကြိုးစားပျံသန်းကြရမယ့်ခရီးမှာ ကိုယ်တိုင်လည်း မတတ်သာလို့ ရင်နာနာနဲ့လက်လွှတ် ငေးကြည့်ခဲ့ရတာတွေ။ အတောင်မစုံသေးသော ငှက်ငယ်လေးတွေ အဆုံးမစမရှိတဲ့ ဝေဟင်ထက် ဘယ်လို ရှေ့ဆက်ကြမှာလည်းဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့။

ကျနော် မတတ်သာလို့ လက်လွှတ်ခဲ့ရလည်း လက်မလျှော့သေးပါဘူး။ တနေ့နေ့ တချိန်ချိန်မှာ ဒီငှက်ငယ်လေးတွေကို ရင်ဝယ်ပိုက်ထွေး လောကကောင်းကင်တခွင် ဘယ်လိုပျံသန်းရမယ်လို့ သင်ကြားပေးရင်း အကောင်းဆုံးတွေပေးချင်ခဲ့မိတာ။

ခုတော့ ငါသမီးတွေရယ် …

အတောင်မစုံခင် အဝေးဆီ ပျံသန်း

သမီးလေးတို့ရဲ့ ဘဝလမ်းမှာ အန္တရာယ်ကင်းစွာနဲ့ လိုရာခရီးဆီပေါ့။

အတောင်အလက်တွေဖြန့်ပြီး

အားမာန်အစုံနဲ့ လေဟုန်ခွင်းနိုင်ဖို့ ဆုတောင်းပေးရုံသာ … ။ ။။။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ငြိမ်းကိုငြိမ်း’ ရေးဖွဲ့တဲ့ “​​​လွေးဆိုင်ပူး (သို့မဟုတ်) အတောင်မစုံသောငှက်ငယ်” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...