Connect with us

Hi, what are you looking for?

ဝတ္ထုတို

“အိမ်ကြီးရှင်”

◼️မောင်မိုးအေး

မိုးရွာ လမ်းကြမ်း မှောင်နဲ့မည်းမည်းထဲ ကြာမြင့်စွာ ဆိုင်ကယ်စီးခဲ့ရပြီးနောက် ခရီးတထောက် အနားယူရမည်ဟူသော အိမ်ကြီးသို့ ရောက်ခဲ့ချေပြီ။ နာရီကလည်း မပါ။ ဖုန်းတွေကလည်း အားကုန်ချေပြီ။ တောကြီးမျက်မည်းထဲ တနေကုန် မိုးထဲ ဗွက်ထဲက လာခဲ့ရသည်မို့ လူတွေလည်း မောဟိုက် နုံးခွေနေကြပြီ။ ရွာစွန်တောင်ထိပ် အမှောင်ထဲက အိမ်မည်းမည်းကြီးရှေ့ လေးယောက်သား ရပ်မိပြီး ထုတ်မပြောမိကြသော ခံစားချက်များ ကိုယ်စီနှင့်။

တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ကြယ်ရောင် လရောင်လည်းမရှိ။ တမိုးလုံးဖျောက်ဆိတ်။ နေ့လည်စာ စားထားခဲ့သည်က နေ့ခင်း ၁၁:၃၀။ ခုအချိန်ကား အဘယ်နည်းနှင့်မျှ ည ၁၀ နာရီအောက် မရောက်ဟု ခန့်မှန်းရသည်။

အိမ်မည်းကြီးရှေ့က စိုးရိမ် ဆာလောင် ပင်ပန်းနုံးခွေနေသော လူငယ် ၄ ဦး။

Public Service Announcement

Public Service Announcement

အရေးပေါ်မစ်ရှင်တခုကြောင့် ကောက်ကာငင်ကာ ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။ သွားရမည့်လမ်းက တောလမ်း ခရီးကြမ်း။ ရွာစဉ်မနီး စကားမပေါက်။ မနက်စောစော ၆ နာရီလောက် လေးယောက်သား ထထွက်ခဲ့ကြပြီး အစစအရာရာ အဆင်ပြေပြေပင်။ နေ့ခင်းတထောက်နားရာ ရွာလေးတွင် ထမင်းစားပြီး ခရီးအဆက် နွားအုပ်ကိုအရှောင်တွင် ကားဘီးချော်ပြီး ကားက ချောက်ထဲထိုးကျခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ချောက်ကတိမ်၍ လူတွေမထိခိုက်။ ကားကလည်း ပြန်ဆွဲတင်မရတော့ လေးဦးသား ကုန်းကြောင်းသွားပြီး မမိတမိဖုန်းလိုင်းဖြင့် သက်ဆိုင်ရာလူကြီးတွေကို အကူအညီလှမ်းတောင်းရသည်။ တနေကုန် မိုးထဲရေထဲတောထဲ။ လူကြီးတွေ၏ ချိတ်ဆက်ပေးမှုဖြင့် ဆိုင်ကယ်အကြိုများရောက်လာပြီး အိမ်မည်းကြီးရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ချေပြီ။

ဒါကဘယ်အရပ်လဲ …

ဒါကဘယ်သူ့အိမ်လဲ …

ငါတို့အတွက် ထမင်းလေးများရှိမလား …

မေးခွန်းတွေက ပလုံစီလျက်။

လိုက်ပို့ပေးသော ဆိုင်ကယ်သမားများကလည်း ထားပြီး ပြန်လှည့်သွားကြချေပြီ။ သူတို့ကလည်း မြန်မာစကား မရေလည်ကြ။ သူတို့လည်း ပင်ပန်းလှချေရော့ပေါ့။

“ဒေါက် … ဒေါက် … ဒေါက်… အိမ်ရှင်တို့” အိမ်မည်းကြီးအား လှုပ်နိုးလိုက်သည်။

လှုပ်နိုးလိုက်တော့မှ အရာရာဟာ ပိုပြီး တိတ်ဆိတ်သွားသလိုပင်။

ဘာမှတုံ့ပြန်မလာသော အိမ်မည်းကြီးရှေ့တွင် လေးဦးသားမှာလည်း တိတ်ဆိတ်။

ကမ္ဘာတည်သရွေ့လောက်ကြာသော တအောင့်လောက်တွင် အိမ်မည်းကြီးအတွင်းမှ ခြေသံ တဖျပ်ဖျပ်ကြားလိုက်ရသည်။ ခြေသံနှင့်အတူ အလင်းရောင် ဖျော့ဖျော့လေး တံခါးကြားက တိုးထွက်လာသည်။

“ဂျွီ … ကျွိ… ဂလောက်… ကျွီ …” သံချေးကိုက်ပြီး ကျွတ်ဆတ်နေသော တံခါးတို့ကို ဖွင့်သည့်အသံနှင့်အတူ အိမ်မည်းကြီး တံခါးပွင့်လာသည်။

အိမ်ရှင်ကို မြင်ရတော့ လေးဦးသား ပိုမိုမင်သက်သွားခဲ့။အဘွားကြီးတဦး။

အဘွားအိုကြီးတဦးဟု ပြောလျှင် ပိုမှန်ပေမည်။

မျက်နှာတွင် တွန့်ခေါက်လိမ်ယှက်နေသော အရေးအကြောင်းများကြောင့် သူမ၏အသက်ကို မှန်းဆရန် မဖြစ်နိုင်လောက်အောင်ပင်။ သူမအသက်သည် ၈၀ လား၊ ၉၀ လား၊ ၁၀၀ ပင်ကျော်ပြီလား။

အရပ်က ပုပုလေးနှင့် အလွန်ပင်ကိုင်းနေသော ခါးကြောင့် အရပ်က ပို၍ပုနေတော့သည်။ လက်တဘက်က ဖရောင်းတိုင်ကိုင်လျက်။ မီးရောင်ဖျော့ဖျော့အောက်တွင် မြင်ရသည်က သူမခေါင်းတွင် ခေါင်းပေါင်းစတခုကို အုပ်ပတ်ထားသည်။ သို့သော်လည်း သိသာနေသည်က သူမတွင် ဆံပင် တမျှင်မှ ရှိမနေခြင်းပင်။မှောင်ကြီးမည်းကြီး မိုးတအိအိနှင့် အိမ်မည်းကြီးမှ အဘွားအိုကြီး တဦး။

အရေးအကြောင်းတွေနှင့် ပြုံးပြသည့် သူမမျက်နှာက ဖယောင်းတိုင်မီးရောင်အောက်တွင် ပြုံးပြသည်ဟု မခံစားရ။ လေးဦးသားအား လက်

ယပ်ခေါ်ပြီး အိမ်ထဲဝင်ခိုင်းသည်။ သူမအမူအရာက ကြိုဆိုသည်ထက် အမိန့်ပေးနေသလိုပင်။ နှုတ်ကလည်း တခွန်းသာဆိုသည်။

“လာ”

သူမက ကျနော်တို့ လေးဦးသားကို မျှော်လင့်ထားပြီး ဖြစ်သည်မှာ သိသာသည်။

လူတွေလည်း ပင်ပန်းနုံးခွေ မောလှပြီ။ အိမ်ထဲဝင်လိုက်သည်နှင့် တပြိုင်နက် တိုက်ဆိုင်စွာပင် မိုးက ပိုသည်းထန်လာသည်။ သွပ်မိုးပေါ်ကျသော မိုးသံတဖြောင်းဖြောင်းကြောင့် စကားသံတို့ သဲကွဲစွာမကြားရတော့။ အဘွားကြီးကလည်း ဘာမှ ဆက်မပြော။ တံခါးကို စိတ်ရှည်လက်ရှည် ပြန်ပိတ်နေသည်။

“ကျွီ … ဂျီ…”

အဘွားကြီးက တံခါးကို အကျအနပိတ်ပြီးနောက် ဘာမှမပြောဘဲ ကျနော့်တို့အား တချက်သာကြည့်ပြီး ထွက်သွားသည်။ လေးယောက်သား ယောင်နနနှင့် နောက်ကလိုက်သွားရသည်။ မှောင်ထဲ စမ်းတဝါးဝါး။ အိမ်နောက်ဘက် အကန့်လေးထဲ ဝင်လိုက်တော့ ဖယောင်းတိုင် မီးရောင်အောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လေးယောက်သား မင်သက်သွားရသည်။

ထမင်းဝိုင်း …။ ဟုတ်သည် အငွေ့ပင် မသေသေးသည့် ထမင်းပူပူ ဟင်းပူပူများဖြင့် ထမင်းဝိုင်းကိုတွေ့လိုက်ရတော့ အလွန်ပျော်သွားပြီးနောက် ဗလုံးဗထွေးအတွေးများက နောက်ကလိုက်လာသည်။ အဘွားကြီးက တခွန်းသာ ပြောပြန်သည်။

“စား”

တောကြီးမျက်မည်း အစွန်အဖျားက ရွာလေးတရွာ … ခြောက်ခြားစရာ အိမ်အိုမည်းကြီး … ညကြီးသန်းခေါင်မှာ အသက်အရွယ်ခန့်မှန်းမရသော အဘွားအိုကြီးက တည်ခင်းဧည့်ခံသည့် ထမင်းပူပူ ဟင်းပူပူ။ ဘဝတလျှောက်လုံး ကြားဖူး ဖတ်ဖူး ကြီးပြင်းခဲ့သည့် ဇာတ်လမ်းပေါင်းစုံ ခေါင်းထဲဝင်လာသည်။ ဗိုက်ကလည်း ဆာလှချေပြီ။

ကဲ မတတ်နိုင်သည့်အဆုံး ထမင်းဝိုင်းထိုင်ပြီး လွေးတော့သည်။ ဆီဝဝနှင့် အိနေအောင်ကြော်ထားသည့် ကြက်ဥမွှေကြော်၊ ဂေါ်ရခါးညွန့်နှင့် အမည်မသိအရွက်တချို့ခပ်ထားသည့် ဟင်းချို၊ ဆီတို့ဟူးနှင့် ငရုတ်သီးဆားထောင်း။ ကောင်းလိုက်သည့် ဖြစ်ခြင်း။ စားကောင်းနေတုန်း သတိ

ထားမိတော့ ထမင်းဝိုင်းထိပ် မှာ အဘွားအိုက ငူငူကြီးထိုင်ကြည့်နေသည်။ ခါးရိုးကြောထဲထိ စိမ့်တက်သွားသလိုပင်။ မသိချင်ယောင်ဘဲ ဆောင်ထားလိုက်တော့သည်။ ဆာလောင်မှုတွေက ထိန်းမရ။

လေးယောက်သား ဘာစကားမှမပြောဘဲ ပြောင်နေအောင်သာ တီးကြသည်။ ထမင်းစားပြီး ပန်းကန်ခွက်ယောက်ဆေးပြီးနောက် အဘွားကြီးက လက်ယပ် ခေါ်သည်။

အိမ်အပေါ်ထပ်ကိုရောက်တော့ လေးယောက်သားအိပ်ရန် အဆင်သင့်ပြင်ထားပြီး ဖြစ်နေသည်။ အိပ်ယာပြင်ထားသော နေရာကို လက်ညှိုးထိုးပြပြီး အဘွားကြီးက အောက်ပြန်ဆင်းသွားသည်။ အမှောင်ထဲ လေးယောက်သား အတွေးကိုယ်စီနှင့်။ အဘွားအိုကြီးအား ကူသူမတွေ့ရ။ ထမင်းဟင်းများ အိပ်ယာပြင်ဆင်ထားမှုများကို ဘယ်သူ ပြင်ဆင်ပေးတာလဲဆိုတာ တွေးမရ။

နံနက်လင်းတော့ လူက တကိုယ်လုံးကိုက်ခဲနေ

သည်။ သူငယ်ချင်းရဲဘော် သုံးယောက်ကမရှိတော့။လူက မနည်းကုန်းရုန်းထပြီးနောက် အောက်ထပ်ဆင်းလာတော့ ရဲဘော်သုံးယောက်က ရွာသားများနှင့် စကားပြောနေသည်။ အဘွားကြီး၏ အရိပ်အယောင်ကိုကား မတွေ့ရ။ အဘွားကြီး ဘယ်ရောက်သွားသလဲ။

ခဏကြာတော့ ရွာသားများဆီက ကားအကူအညီရသည်။ ချောက်ထဲကျသွားသောကားကို ဆွဲတင်ရန် သရီးဂရောင်းတစီးရလာသည်။ အချိန်မဆိုင်းဘဲ ကားသွားဆွဲရန် စီစဉ်ကြတော့သည်။

ကားထိုးကျသည့် ချောက်နေရာသို့ နေ့ခင်းလောက် ရောက်ခဲ့ကြသည်။ ကံကောင်းစွာဖြင့် ကားကိုဆွဲတင်ရန် သိပ်မကြိုးစားလိုက်ရ။ ကားကလည်း ဆိုးဆိုးဝါးဝါး ထိခိုက်တာမရှိ။ ခဏနား စားသောက်ပြီးနောက် ရွာသားများ၏ သရီးဂယောင်းနှင့် ရှေ့နောက် မောင်းလာခဲ့လိုက်ကြသည်။ တအိအိ တရွေ့ရွေ့။

ရွာထိပ်အဝင်ရောက်တော့ နေလုံး စုံးစုံး မြုပ် မိုးချုပ်လေပြီ။ ရွာထိပ်ကနေပြီး ခရီးလမ်းခွဲ လမ်းဆုံကိုရောက်တော့ ရွာသားတွေကို ကျေး

ဇူးတင်စကားပြော လမ်းခွဲဖို့ ပြင်ကြသည်။ လုပ်

ငန်းပြီးပြတ် လက်စသတ်ဖို့ ခရီးဆက်ရဦးပေမည်။ ရွာကိုလှမ်းကြည့်တော့ ရွာစွန်တောင်ဖျားထိပ်လေးက အိမ်မည်းကြီးကို မှုန်ဝါးဝါးမြင်ရသည်။ တညအိပ်ခဲ့ ခိုနားခဲ့သော နေရာ။ ထမင်းပူပူ ဟင်းပူပူကျွေးခဲ့သော အဘွားအိုကြီး။ နံနက်ခင်းရောက်တော့ အရိပ်အယောင်ကိုမျှ မမြင်ရတော့တဲ့ သူမ။ ကျေးဇူးတင်ကြောင်း ရွာထိပ်ကနေသာ စိတ်အတွင်းမှ ပြောပြ နှုတ်ဆက်ခဲ့ရသည်။ အတွေးများစွာ ပဟေဠိများစွာနှင့် …။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘မောင်မိုးအေး’ရေးဖွဲ့တဲ့ “​အိမ်ကြီးရှင်” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...