Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကာမြို့ကို တိုက်ခိုက်ဖို့ ဟိုသီတပ်တွေ ကြိုးစားခဲ့ကြောင်း ဆော်ဒီစွပ်စွဲ

အစ္စလာမ်မစ် ဘာသာရေးရဲ့ အထွဋ်အမြတ် နယ်မြေဖြစ်တဲ့ မက္ကာမြို့ကို ဟိုသီတွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း ဆော်ဒီအာရေးဘီးယားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

အစ္စလာမ်မစ် ဘာသာရေးရဲ့ အထွဋ်အမြတ် နယ်မြေဖြစ်တဲ့ မက္ကာမြို့ကို ဟိုသီတွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း ဆော်ဒီအာရေးဘီးယားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ယီမင်အခြေစိုက် ဟိုသီတပ်တွေဟာ ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ် တပ်ပေါင်းစုက ပံ့ပိုးပေးထားတဲ့ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရနဲ့ စစ်ခင်းတိုက်ခိုက်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နှစ်ဖက်ကြားက ရင်ဆိုင်တိုက်ပွဲတွေ ပိုမို အရှိန်မြင့်လာပြီး ဟိုသီတွေဟာ ပင်လယ်နီ ရေပြင်နဲ့ ထိစပ်ရာ ယီမင်အနောက်ဖက် ကမ်းရိုးတန်း တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ပါတယ်။

ဆော်ဒီဟာ ဟိုသီတွေရဲ့ စစ်ရေးပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်အဟုန် မြှင့်တင်လာသလို ဟိုသီတွေကလည်း ဆော်ဒီပိုင်နက်ထဲက မြို့ရွာတွေ၊ ပင်လယ်နီမှာရှိတဲ့ ဆော်ဒီ ရေယာဉ်တွေကို လက်တုံ့ပြန် ပစ်ခတ်နေပါတယ်။

ဟိုသီတွေရဲ့ ဒရုန်းတစ်စီးဟာ မက္ကာမြို့ဆီ ဦးတည် ပျံသန်းလာတာကြောင့် ကြားဖြတ် ပစ်ချခဲ့ရကြောင်း ဆော်ဒီက စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မက္ကာဟာ နှစ်စဉ် ကမ္ဘာတဝှမ်းက မွတ်ဆလင် ဝတ်ပြုသူ သန်းနဲ့ချီ သွားရောက်လေ့ရှိတဲ့ ဘာသာရေး အထွဋ်အမြတ် နယ်မြေလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆော်ဒီဖက်က စွပ်စွဲချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ဟိုသီတွေကလည်း မက္ကာကို ပစ်မှတ်ထားခဲ့တယ်ဆိုတာ လုံးဝ မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဟိုသီက မက္ကာကို တိုက်ခိုက်တယ်ဆိုတဲ့ မုသားစကားမျိုးကို ဆော်ဒီဟာ အရင်ကလည်း သုံးခဲ့ဖူးကြောင်း၊ ဒီလို မဟုတ်မမှန် စွပ်စွဲချက်မျိုးနဲ့ ဘယ်သူ့ကိုမှ အရူးထပ်လုပ်လို့ မရကြောင်း ဟိုသီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဟာဇမ် အယ်လ် အာဆတ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ် အဖွဲ့ကတော့ ဟိုသီတွေ အနေနဲ့ ကျော်လို့မရတဲ့စည်း (red line)တွေ ရှိတာကို နားလည်ဖို့လိုကြောင်း၊ အခုကိစ္စအတွက်လည်း ကျိန်းသေပေါက် လက်စားချေမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မက္ကာကို ပစ်မှတ်ထားတယ် ဆိုတာဟာ ဆိုးယုတ်လှတဲ့ တိုက်ခိုက်မှု တစ်ခုလို့ အဖွဲ့ဝင် ၅၇ နိုင်ငံ ပါဝင်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဆော်ဒီဟာ မက္ကာမြို့နဲ့ နိုင်ငံတောင်ပိုင်း ဒေသတွေမှာ တိုက်ခိုက်မှုတွေ ကြုံလာနိုင်ခြေ သတိပေးချက်တွေကို ထုတ်ပြန်ခဲ့ပြီး မကြာခင်မှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။ မက္ကာမှာတော့ အခုလို ကြေညာချက် ထုတ်ပြန်တာဟာ အီရန်စစ်ပွဲ စတင်တဲ့နေ့ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့တုန်းကတော့ ယီမင်ဖက်ကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲတာကြောင့် ဆော်ဒီတောင်ပိုင်းမှာ လူ ၁၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယီမင်အခြေစိုက် ဟိုသီပြောက်ကျား တပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ ပင်လယ်နီ ကမ်းရိုးတန်း ဒေသတလျှောက်လုံးကို ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ယီမင် အခြေစိုက် ဟိုသီ ပြောက်ကျားတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယားက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုသီတင်းပတ် အစောပိုင်းက ဆော်ဒီအာရေးဘီးယား ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်လို့ သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

ဆော်ဒီအာရေးဘီးယား နိုင်ငံက လေဆိပ်တစ်ခုနဲ့ ရေနံသိုလှောင်ရုံတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ယီမင် အခြေစိုက် ဟိုသီ လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့ပါတယ်။