စက်တင်ဘာ-၁၆၊၂၀၂၆။ဇော်၀င်း/People’s Spring
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံနဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
ဒီကနေ့(စက်တင်ဘာ ၁၆ ရက်) ညနေ ၄နာရီခွဲ၀န်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်က ကာမီကာဇေဒရုန်း ၂စီးနဲ့ တိုက်ခိုက်ခဲ့ပြီး မိဘမဲ့ကျောင်းမှာ ဆော့ကစားနေတဲ့ ကလေးတွေ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ကာမီကာဇေဒရုန်း ထိမှန်ခဲ့တဲ့နေရာမှာပဲ (၉)နှစ်အရွယ် ကလေး ၁ဦး သေဆုံးခဲ့ရပြီး ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ၂ ဦးက စိုးရိမ်ရတဲ့အခြေအနေလို့ ကရင်နီစစ် ရှောင်အရေးကူညီနေသူတစ်ဦးက အသိပေးပါတယ်။

Public Service Announcement
“စကစကိုပြောချင်တာ အရပ်သားပြည်သူ ကလေးငယ်တွေကို သတ်ဖြတ်ပြနေတာက စစ်တိုက်တာမဟုတ်ဘူး။ မင်းတို့ ပြည်သူတွေကို သတ်ဖြတ်လာတာ မနည်းတော့ဘူး”လို့ သူက ပြောပါတယ်။
လက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းအပါအ၀၍် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေက ကရင်နီဒေသတွင်း ပိုးဆိုးရွာလာတာကြောင့် လုံခြုံရေးဂရုစိုက်ဖို့လည်း ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။
“သုံးလေးရက် ဆက်တိုက်ဖြစ်နေပြီ။လေယာဉ်ဝဲတာရော။လေယာဉ်ဗုံးကြဲတာရော နဲ့ လက်နက်ကြီး ပစ်တာ တွေလည်း ဖြစ်နေတာ။အနောက်ခြမ်းက ဘာတိုက်ပွဲမှ မရှိဘူးလေ။တခြားနေရာမှာ ခံနေရပြီဆို ဒီးမော့ဆို အနောက်ခြမ်းပဲ သူတို့(စစ်တပ်) အကြောင်းမဲ့ ကိုဖိတာ”လို့ သူက ကြုံတွေ့နေရတဲ့ လတ်တလော အခြေအနေကို ပြောပါတယ်။
အခုစက်တင်ဘာ အတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီး ဒေသမှာ ကလေးငယ်တွေအပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။
လက်ရှိ စစ်တပ်ဟာ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲရှိနေပါတယ်။
စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ စက်တင်ဘာ ၁၅ရက်က ဒီးမော့ဆို၊လွိုင်ကော်မြို့နယ် နေရာတချို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။


















































