မေ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်စဉ် ပေါက်ကွဲသံနဲ့ တုန်ခါမှုကြောင့် ၄ရက်သား မွေးကင်းစကလေးငယ် သေဆုံးခဲ့ရကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်က မေလဒုတိယပတ်မှ အခုရက်ပိုင်းအထိ ချင်းတောင်ပိုင်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အခြေအနေတွေကို အသိပေး ထုတ်ပြန်ရာမှာ မွေးကင်းစကလေးငယ် သေဆုံးခဲ့ရတဲ့ အခြေအနေကို အသိပေးတာပါ။
မေလ ၁၉ရက်ညအချိန်မှာ မတူပီမြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ရာမှာ မွေးကင်းစကလေးငယ် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

Public Service Announcement
စစ်တပ်ဟာ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် အစရှိတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ရာ မေလ ၁၃ရက်မှ ၂၂ရက်နေ့အထိ ၁၀ရက်တာအတွင်း တိုက်ခိုက်မှု စုစုပေါင်း ၂၅ ကြိမ်ရှိခဲ့တယ်လို့ အသိပေးပါတယ်။ မေလ ၁၁ရက်နဲ့ ၁၂ရက်မှာလည်း မင်းတပ်မြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၁၁ ကြိမ်ပြုလုပ်ခဲ့သလို မေလ ၂၃ရက်ညပိုင်းမှာလည်း ကန်ပက်လက်မြို့ကို ၂ကြိမ် ထပ်မံ ဗုံးကြဲခဲ့ပါတယ်။
ဒါကြောင့် မေလ ၁၁ရက်ကနေ ၁၃ရက်ညပိုင်းအထိ နှစ်ပတ်တာ အတွင်း စစ်တပ်က ချင်းတောင်ပိုင်းမြို့နယ်သုံးခုကို လေကြောင်း တိုက်ခိုက်မှု ၃၈ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာပါ။
အဲဒီ လေကြောင်းတိုက်ခိုက်မှုများတွင် လူနေအိမ် များ၊ ဆိုင်ခန်းများ၊ အစိုးရအဆောက်အဦ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူ (၂) ဦး ထိခိုက်သေဆုံးကာ အပြစ်မဲ့ ပြည်သူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CPU/CPAက ထုတ်ပြန်ပါတယ်။
ပြည်သူတွေအနေဖြင့် လက်ရှိအချိန်အတောတွင်း လူစုလူဝေးများရှောင်ရှားကာ မိမိတို့နေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိပြီး ထောက်လှမ်းရေး ဒရုန်းများ၊ ကင်းထောက်လေယာဉ်များ၊ လေကြောင်းသတင်းများကို အချိန်နဲ့အမျှ နားစွန့် လေကြောင်း သတိပြု နေထိုင်ကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
မင်းတပ် ၊ မတူပီ၊ ကန်ပက်လက်မြို့နယ် သုံးခုအနက် စစ်ကောင်စီဟာ ကန်ပက်လက်မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေလို့ မေလ ၁၈ရက်ကနေ အခုအချိန်ထိ ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ချင်းပြည်သူ့အစည်းအရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ရေး အခြေအနေ အသိပေးချက်မပါဝင်ပါဘူး။ ဒေသခံအချို့ရဲ့ ပြောပြချက်အရ ကန်ပက်လက်မှာ တိုက်ပွဲ နေ့စဉ်ဖြစ်နေတာလို့ ဆိုပါတယ်။ စစ်တပ်ကလည်း အခုရက်ပိုင်း ကန်ပက်လက်မြို့အနီးတ၀ိုက်ကို လေကြောင်းက အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေတာကိုလည်း တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေချိန်မှာ ချင်း-မကွေးအစပ် နယ်မြေတွေကို စစ်အင်အားထပ်မံ ဖြည့်တင်းတာတွေ လုပ်ဆောင်လျက်ရှိလို့ ယောဒေသတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီ အကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။





















































