Connect with us

Hi, what are you looking for?

သတင်း

ကပစ(၁၆)အနီး တိုက်ပွဲဆက်ပြင်းထန်နေ

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

(ရခိုင်-ပဲခူးအစပ်က စစ်တပ်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk)

စက်တင်ဘာ-၁၆၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကပစ(၁၆)အနီးက မသုန်ရွာနဲ့ ညောင်ကျိုးရွာပတ်ဝန်းကျင်မှာ စက်တင်ဘာ ၄ရက်ကစပြီး ဒီနေ့ စက်တင်ဘာ ၁၆ရက်အထိ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာလို့ သိရပါတယ်။

“ကျတော်တို့ သတိထားမိသလောက် စစ်တပ် တယ်လီဂရန်တွေကနေ ၄၉၂၆ စစ်ဆင်ရေးလို့ ပြောတဲ့ စက်တင်ဘာလ၄ရက်နေ့ကနေစပြီး တိုက်ပွဲ ပြန်ပြင်းထန်တာ။ တစ်ရက်မှကို မနားဘူး။ ဒီနေ့လည်း လေယာဉ် သုံးစီးမကဘူး လာတယ်”လို့ ပန်းတောင်းမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၅ရက် မနေ့ မနက်ပိုင်းက တိုက်ပွဲမှာ စစ်တပ်ဘက်က ဗိုလ်မှူးဝေကမ္ဘာစိုး ဆိုသူအပါအဝင် ငါးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ညောင်ကျိုးကျေးရွာက စစ်တပ်စခန်းကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက စနိုက်ဘာ၊ လက်နက်ကြီး‌တွေနဲ့ပစ်ခတ်စဥ် သေဆုံးတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဗိုလ်မှူးဝေကမ္ဘာစိုးဟာ စစ်တပ်အသိုင်းအဝိုင်းမှာ ဗေဒင်ဆရာဝေကမ္ဘာစိုးလို့ လူသိများပါတယ်။ သူက ဗေဒင်ဟောပြီး နှစ်လုံးထီဂဏန်းပေးနေတာလို့ စစ်တပ်အသိုင်းအဝိုင်းက ဆိုပါတယ်။

အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ(၁၆)ဟာ ပန်းတောင်းမြို့နဲ့ ၂၅မိုင်ခန့်အကွာမှာ ရှိတာပါ။ ပန်းတောင်းမြို့ဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာ စစ်ရေးအရ အဓိကကျတဲ့ နေရာမှာရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ AAနဲ့ မဟာမိတ်တွေက ကပစ(၁၆)ကို ဦးတည်တိုက်ခိုက်ခဲ့တာရှိပါတယ်။

အဲဒီတုန်းက စစ်တပ်ဟာ စကခ-၁၀ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ တပ်တွေအပြင် စစ်မှုထမ်းသင်တန်းဆင်းတွေပို့ပြီး ခုခံခဲ့တာပါ။

AA ထိုးစစ်စတင်တဲ့ ဇန်နဝါရီလထဲမှာပဲ ကပစ(၁၆)ရဲ့ ကာကင်း ၆၆၆ ပွိုင့်ကုန်းနဲ့ မေလထဲကတိုက်ပွဲတွေမှာ ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်း အချို့ကို သိမ်းယူခဲ့ပါတယ်။ ၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စကခ-၁၀ စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

AA နဲ့ မဟာမိတ်တွေက ကပစ(၁၆)အပြင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အခြေစိုက် ကပစ(၆)ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရေးတွေဖော်ဆောင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး စစ်တပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့ပါတယ်။ ပန်း‌တောင်းမြို့နယ်အပါအဝင် မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်ထဲက ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေရာတွေကနေ စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာလို့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ AAက ဩဂုတ်လထဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ AAက သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ အာဏာသိမ်းစစ်တပ်ကလည်း စစ်ရေးအခြေအနေကို သတင်းအမှောင်ချထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့