Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောလုံခြုံရေးလုပ်​နေတဲ့ Y-12လေယာဉ်ပစ်ခတ်ခံရပြီးထိမှန်ဟုကနဦးသတင်းရ

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

(စစ်တပ်ရဲ့ Y-12 ​လေယာဥ်တစ်စီး။ ဓါတ်ပုံ-စစ်​ကောင်စီ)

စက်တင်ဘာ-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြား စစ်သင်္ဘောလုံခြုံရေးအတွက်ဗုံးလိုက်ကြဲ​​နေ တဲ့ စစ်တပ်ရဲ့ Y12လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ကပစ်ခတ်ခဲ့ရာ ထိမှန် မီးခိုးအူသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၁၆ရက်မနက်မှာ စစ်သင်္ဘောတွေဟာ ဗန်းမော်ဘက်ကနေ ရွှေကူမြို့ဘက်ကို စုန်းဆင်းလာတာရှိသလို ရွှေကူကနေလည်း ဗန်းမော်မြို့ဘက်ကို ဆန်တက်တာရှိကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တာရှိသလို စစ်တပ်ရဲ့သင်္ဘောလမ်းကြောင်းလုံခြုံရေးအတွက် လာတဲ့ လေယာဉ်ကိုလည်း တိုက်ခိုက်ခဲ့တာလို့ ကနဦးသတင်းရရှိခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ဒီမနက် Y12 ၁စီးကတော့ ထိသွားတာ ထိသွားပြီး စောင်းသွားတယ်။ မီးခိုးတလူလူနဲ့။ ရွာသားတွေမြင်တာကတော့ ကျသွားပြီလို့ ပြောတယ်။ တောင်ပေါ်ဘက်မှာ။ ရွာမရှိဘူး အဲဒီ တောင်ပေါ်ဘက် အဝေးကြီး အဲဒါ သွားစစ်ဆေးနေတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်အနေနဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ်ကို လာကတည်းက သင်္ဘောတွေကို တိုက်ခိုက်ခဲ့သလို သင်္ဘောလုံခြုံရေးလိုက်ပါလာတဲ့ လေယာဉ်တွေကို စက်သေနတ်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာရှိခဲပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း စစ်တပ်လေယာဉ်ကို KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့တဲ့ ရုပ်သံတွေထွက်ပေါ်ခဲ့ဖူးပေမဲ့ ထိခိုက် ထိမှန်တဲ့ သတင်းတွေမကြားရဘဲစက်တင်ဘာ ၁၆ရက်မှာတော့ လေယာဥ် ၁စီးကို ထိမှန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်က သယ်ယူပို့​ဆောင်​ရေး​လေယာဥ်အဖြစ်အများဆုံးအသုံးပြုတဲ့ တရုတ်နိုင်ငံထုတ် Y-12 ​လေ​ယာဥ်ကို အာဏာသိမ်းပြီး​နောက်မှာ ပြန်လည်ပြုပြင်ပြီး ဗုံးကြဲ​လေယာဥ်အဖြစ်အဓိကအသုံးပြု​နေတာဖြစ်ပါတယ်။ ​ကောင်ကင်အမြင့်မှာပဲပျံသန်း​ဗုံးကြဲလေ့ရှိတာ​ကြောင့်​တော်လှန်​ရေးတပ်​တွေကပစ်ချဖို့ခက်ခဲခဲ့ပါတယ်။ဒါ​ကြောင့် KIA ကပစ်ချနိုင်ခဲ့ရင် အာဏာသိမ်းပြီး​နောက်ပိုင်း Y-12 ​လေယာဥ်ကိုပထမဆုံးပစ်ချနိုင်တာဖြစ်လာမှာဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက်စစ်သင်္ဘောတွေ တိုက်ခိုက်ခံရမှု၊ လေယာဉ် ထိမှန်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေ နဲ့ လေယာဉ်​တွေကို​တော်လှန်​ရေးတပ်​တွေက ပစ်ခတ်ဖျက်ဆီးတာမှာ KIA ကအစီး​ရေးအများဆုံးပစ်ချထားတာ ဖြစ်ပါတယ်။

၂၀၂၄ နှစ်ဆန်းပိုင်းက ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲမှာ စစ်တပ် တိုက်လေယာဉ် ၁စီးကို KIAက ပစ်ချခဲ့ဖူးပါတယ်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA ပူး​ပေါင်းတပ်ပစ်ခတ်ဖျက်ဆီးနိူင်ခဲ့တဲ့ တိုက်​လေယာဥ် ၊ရဟတ်ယာဥ်အနည်းဆုံး ၆ စီးရှိပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ပျက်စီးသွားတဲ့ သင်္ဘောပေါ်က စစ်သားတွေ အခြားသင်္ဘောပေါ်ပြောင်းရွှေ့၊ စစ်တပ်က သင်္ဘောပျက် ဆွဲသွားရန်ကြိုးပမ်းနေဟုဆို

သတင်း

ဖမ်းမိ စစ်မှုထမ်းတပ်သားသစ်တွေမှာ အသက်မပြည့်သေးသူတွေလည်း ပါဝင်