ဇူလိုင်-၂၈၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၂၈ရက် မနက် ၁၁ နာရီခန့်မှာ မဘိမ်းမြို့ ရပ်ကွက်(၂)နဲ့ ရပ်ကွက်(၃)ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။
“မြို့ထဲကို ကြဲတာ။ လူတွေရော အိမ်တွေပါထိတာပါ။ လေယာဉ်တွေက မိုးမိတ်ဖက်ကနေ ဖြတ်တက်လာတာ”လို့ မဘိမ်းမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
မဘိမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးလာကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။
အခုသတင်းရေးသားနေချိန် မွန်းလွဲ ၃နာရီခန့်မှာလည်း စစ်တပ်ရဲ့ဂျက်ဖိုက်တာတစ်စီးဟာ မိုးမိတ်မြို့ကို ဖြတ်ပြီး မဘိမ်းမြို့ဘက်ကို ဦးတည်ပျံသွားသလို Y12 လေယာဉ်လည်း ဝဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
“မဘိမ်းမြို့ပေါ်ကို ဗုံးကြဲတာမှာ အထိအခိုက်တွေများတယ်။ လက်ရှိမှာ အသေးစိတ်အတည်မပြုနိုင်သေးဘူးဖြစ်နေတယ်။ ရွှေကူဘက်မှာ တိုက်ပွဲဖြစ်နေပေမယ့် မဘိမ်းမှာဘာမှမဖြစ်ဘူး။ တမင်ကြဲတာ”လို့ ဒေသတွင်းက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
မဘိမ်းမြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပြီး ရှမ်းပြည်နယ်ထဲက မိုးမိတ်၊ စစ်ကိုင်းတိုင်း ကသာမြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ ကသာနဲ့ မဘိမ်းမြို့ကြားမှာ ငါးအိုးရွာတည်ရှိပြီး ခလရ(၁၂၁)တပ်ရင်းတပ်စွဲထားပါတယ်။
လက်ရှိမှာ ကသာ၊ ရွှေကူမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ခလရ(၁၂၁) ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီက ရွှေကူနဲ့ မဘိမ်းမြို့ကြားမှာ KIA ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ စစ်ရေးတင်းမာနေစဉ် မဘိမ်းမြို့ပေါ်က တည်းခိုခန်းတစ်ခုကို စစ်တပ်က ဗုံးကြဲလို့ စစ်ဘေးရှောင် ၈ဦး သေဆုံးခဲ့ပါတယ်။

















































