ဇူလိုင်-၃၁၊၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ ရက် ၁၀၀ စီမံချက်အတွင်းမှာ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) နဲ့ဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပြီးနောက် အဲဒီကိစ္စနဲ့ပတ်သက်ပြီးတပ်ဖွဲ့တွင်း ရှုပ်ထွေးနေတဲ့ အခြေအနေလို့ CNO ခေါင်းဆောင်တဦးက လူထုနွေဦးကိုပြောပါတယ်။
CNO/CNDF ဆိုတာ ချင်းမြောက်ပိုင်း ဖလမ်းမြို့နယ်အခြေစိုက်ဖြစ်ပြီး လတ်တလောမှာ စစ်ကောင်စီကို အပြင်းအထန် ခုခံတိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ရဲ့ အဖွဲ့ဝင်တခုဖြစ်ပါတယ်။
စစ်တပ်က လက်နက်ကိုင် ၁၃ဖွဲ့နဲ့ ဆွေးနွေးခဲ့ကြောင်း ရက် ၁၀၀ စီမံချက်ပြည့်တယ်ဆိုတဲ့ဇူလိုင် ၃၁ရက်မှာအသိပေးခဲ့ရာ အဲဒီထဲမှာ CNO/CNDF ပါဝင်နေမှုနဲ့ပတ်သက်ပြီး တပ်ဖွဲ့တာဝန်ရှိသူ တဦးကိုမေးမြန်းရာ အဖွဲ့အစည်းထဲမှာ မရှင်းမလင်း ရှုပ်ထွေးနေဆဲလို့ ဇူလိုင် ၃၁ ရက်နေ့လည်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမြန်ဆုံးရှင်းလင်းချက်တွေ လုပ်သွားမယ်လို့လည်း သူကဆက်ပြောပါတယ်။
CNO/CNDFဟာ ချင်းညီနောင်အဖွဲ့ဝင် မဟာမိတ်တွေအပါအဝင် အခြားသော မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ၂၀၂၅ ဧပြီမှာ ဖလမ်းမြို့ကို သိမ်းပိုက်ခဲ့တာပါ။ ဒါ့အပြင် ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ချင်းမြောက်ပိုင်း ထိုးစစ်ကိုလည်း မဟာမိတ်တွေနဲ့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဝက်ခန့် ကြာတဲ့အထိတိုက်ပွဲတွေအပြင်းအထန် ဖြစ်ခဲ့ပြီး ၂၀၂၆ ဧပြီလမှာဖလမ်းမြို့ကို ပြန်လည် လက်လွှတ်ခဲ့ရတာပါ။
CNO အဖွဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးတယ်ဆိုတာနဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ဝင် စစ်ရေးခေါင်းဆောင်တဦးဖြစ်သလို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ တာဝန်ရှိသူတဦးကသတင်းတက်လာမှသာတွေ့ရပြီး ကျန်တဲ့အခြေအနေတွေမသိရသေးဘူးလို့ ပြောပါတယ်။
CNOက အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “လုပ်ရပ်ကြတယ်ကွာ ခင်ဗျားတို့” ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် CNO/CNDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီကဇူလိုင် ၃၁ ရက်ညပိုင်းမှာ “CNO/CNDF သည် လူမျိုးနွယ်စု (သို့) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ရပ်တည်တဲ့အဖွဲ့ မဟုတ်ပါ။ CNO/CNDF သည် တော်လှန်ရေးကိုလုပ်ဆောင်နေဆဲဖြစ်ပြီး၊ အနာဂတ်မှာလည်း Chin လူမျိုးအားလုံးရဲ့ သဘောတူညီမှု၊ စည်းလုံးညီညွတ်မှုနဲ့ ပေါ်ပေါက်လာသည့် ဆွေးနွေးမှုများမရှိမချင်းတော်လှန်ရေးကိုဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါသည်။ အွန်လိုင်းမှာ တွေ့နေရသည့် သတင်းများနဲ့ ပတ်သက်ပြီး အများ ပြည်သူသိရှိနိုင်ရန် မကြာမှီတရားဝင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါသည်”လို့ရေးသားထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး ဟန်ပြဖွဲ့စည်းထားတဲ့ စစ်အုပ်စုရဲ့ ရွေးတုအစိုးရ ရက် ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ် ၁၃ ဖွဲ့နဲ့ ဆွေးနွေးနိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်မှာပြောကြားခဲ့ပါတယ်။
ဆွေးနွေးခဲ့တယ်ဆိုတဲ့ အဖွဲ့အားလုံးနီးပါးဟာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့တဲ့ အဖွဲ့တွေဖြစ်တဲ့ အပြင်စစ်တပ်လက်အောက်ခံ အဖွဲ့တွေ ပါဝင်နေတာကိုလည်းတွေ့ရပါတယ်။
စစ်တပ်နဲ့ ဆွေးနွေးခဲ့တယ်ဆိုတဲ့အဖွဲ့တွေထဲမှာ အာဏာသိမ်းစက စစ်တပ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့ပေမယ့်စစ်အုပ်စုနဲ့ တိုက်ပွဲမရှိဘဲဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ ရှမ်းတပ် RCSS၊ ကရင်ငြိမ်းချမ်းရေးကောင်စီလို့ ခေါ်တဲ့ စစ်တပ်နဲ့ တိုက်ပွဲမရှိတဲ့ KNLA-PC တပ်ဖွဲ့၊ အာဏာသိမ်းပြီးနောက် သဘောထား ကွဲလွဲမှုတွေကြောင့် နှစ်ဖွဲ့ကွဲသွားတဲ့ မွန်တပ် NMSP ၊ အဲဒီလိုပဲ စစ်အုပ်စုနဲ့တွေ့ဆုံမှုကြောင့် အဖွဲ့နှစ်ခြမ်းကွဲသွားတဲ့ လားဟူ LUD အဖွဲ့၊ လက်နက်ကိုင်တပ်အင်အားမရှိသလို အဖွဲ့နှစ်ခု ကွဲနေတဲ့ ရက္ခိုင် ALPတပ် တို့ ပါဝင်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးနည်းအရ ပြဿနာဖြေရှင်းမယ်ဆိုတဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲမရှိတဲ့ ရှမ်းတပ် SSPP၊ ဘက်မလိုက် ကြားနေမယ်ဆိုတဲ့ ၀တပ် UWSA နဲ့ မိုင်းလား NDAA တပ်၊ အရင်က စစ်အုပ်စုနဲ့ ဆွေးနွေးခဲ့ဖူးခြင်းမရှိဘဲ အာဏာသိမ်းပြီးနောက် စစ်အုပ်စုလက်အောက်ခံအဖြစ် လုပ်နေတဲ့ ရှမ်းနီတပ် SNA၊ တရုတ်ဖိအားကြောင့် စစ်တပ်နဲ့ အပစ်ရပ်စဲလိုက်ရပါတယ်ဆိုတဲ့ တအာင်းတပ် TNLA၊ နာဂတပ် NSCN-Kနဲ့ နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ ချင်းတပ်ဖွဲ့များစွာထဲက CNO/CNDFတို့ဟာစစ်အုပ်စုက ဆွေးနွေးခဲ့တယ်ဆိုတဲ့ ထုတ်ပြန်တဲ့ စာရင်းထဲမှာ ပါဝင်ပါတယ်။
ဒါကြောင့် စစ်တပ်နဲ့ဆွေးနွေးတယ် ဆိုတဲ့ ၁၃ ဖွဲ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ကိုခုခံတိုက်ခိုက်ခဲ့တဲ့အဖွဲ့ ၂ ဖွဲ့သာ ပါဝင်သလို CNO/CNDF အနေနဲ့ ဆွေးနွေးတယ်ဆိုပေမယ့် အဖွဲ့အတွင်းရှုပ်ထွေးနေဆဲအခြေအနေဖြစ်ပါတယ် ။
တဖက်မှာ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေတဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ချင်း နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တို့ဟာလည်း SCEF လို့ခေါ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို ဖွဲ့စည်းပြီး စစ်အုပ်စုကို နိုင်ငံရေးစစ်ရေးအရ ပူးပေါင်းတွန်းလှန်ဖို့ ပြင်ဆင်နေသလို SCEFမှာ ပါဝင်ခြင်းမရှိသေးတဲ့ အာရက္ခတပ်တော်(AA) အပါအဝင် တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်တိုက်တွေ့ဆုံပြီး စစ်ရေးနိုင်ငံရေး ပူးပေါင်းမှု မြှင့်တင်ဖို့ ဆွေးနွေးလျက်ရှိပါတယ်။SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက SCEF နဲ့တော်လှန်ရေးအဖွဲ့တွေ တွေ့ဆုံဆွေးနွေးမှုတွေဟာအဆင်ပြေတယ်လို့ ပြောပါတယ် ။

















































