ခါကာဘို ဘာသာပြန်သည်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းအနီး စစ်ဘေးရှောင်စခန်းတစ်ခုမှာ နေထိုင်သူတချို့ဟာ တစ်ချိန်က ချမ်းသာကြွယ်ဝခဲ့သူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ စခန်းအနီးဝန်းကျင်က လယ်ကွင်းတွေနဲ့ သစ်တောတွေထဲမှာ အစားအစာနဲ့ ထင်းတွေ ရှာဖွေရင်း အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်နေကြရပါတယ်။
စစ်ဘေးဒုက္ခသည်အဖြစ် ဘာကြောင့် ဒီကို ရောက်လာရတာလဲလို့ မေးလိုက်တဲ့အခါ ‘စန်းစန်း’က မျက်ရည်ဝဲပြီး ငိုကြွေးမိခဲ့ပါတယ်။ သူမက ရွာကနေ ထွက်ပြေးလာစဉ် သယ်ယူလာနိုင်ခဲ့တဲ့ တစ်ခုတည်းသော အဝတ်အစားနဲ့ အိမ်သုံးပစ္စည်းတွေကို လက်ညှိုးထိုးပြပါတယ်။ ပြီးတော့ အိတ်ထဲကနေ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဓာတ်ပုံတစ်ပုံကို ထုတ်ပြပါတယ်။
“ဒါက မီးမလောင်ခင်က ကျွန်မတို့အိမ်ပုံပါ” ဟု ဓာတ်ပုံထဲရှိ ကြီးမားကျယ်ဝန်းတဲ့အိမ်ကြီးကို လက်ညှိုးထိုးပြရင်း ‘စန်းစန်း’က ပြောပြပါတယ်။ “တစ်နေ့နေ့မှာ ဒုက္ခသည်စခန်းတစ်ခုကို ရောက်လာရမယ်လို့ အိပ်မက်တောင် မမက်ဖူးပါဘူး” ဟု သူမက ဆိုပါတယ်။

Public Service Announcement
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ကျားမသောက်ရွာကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်တွေမြို့အနီးမှာ အာရက္ခတပ်တော် (AA) အခြေစိုက်နိုင်ခြေ မရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီအနီးတဝိုက်က ကျေးရွာအများအပြားကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တည်ရှိတဲ့ စစ်တွေမြို့ဟာ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုထဲမှာ စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့နယ် ၃ ခုအနက် တစ်ခု ဖြစ်ပါတယ်။ စစ်တပ်က စစ်တွေပါတ်ဝန်းကျင် ရွာတွေမှာ နေထိုင်ကြသူတွေကို ကြောက်လန့်ပြီး ရွှေ့ပြောင်းသွားအောင် လုပ်တဲ့နည်းလမ်းနဲ့ စစ်တွေမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ကျားမသောက်ရွာ မီးရှို့ခံရတဲ့အချိန်မှာ စန်းစန်းရဲ့ မိသားစု (ခင်ပွန်းဖြစ်သူနဲ့ ကလေးနှစ်ဦး) အပါအဝင် ရွာသား ၆၅၀ ခန့်ထဲက အများစုဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေဘက်ကို ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမယ့် ရွာသား သုံးပုံတစ်ပုံခန့်ကတော့ အသက်ကြီးသူတွေနဲ့ မသန်စွမ်းသူ အများအပြား ပါဝင်ပြီး စစ်တွေမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေခဲ့ကြပါတယ်။
ကျားမသောက်ရွာက စန်းစန်းနဲ့ အခြားမိသားစု ၁၀ စုဟာ စစ်တွေမြို့ရဲ့ မြောက်ဘက် ကီလိုမီတာ အနည်းငယ်အကွာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို ရောက်ရှိလာခဲ့ကြပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ကို သီတင်းပတ်များစွာ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လလယ်မှာ AA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်စခန်းကို သွားရတဲ့ ခရီးစဉ်ဟာ အလွန်အန္တရာယ်များခဲ့ပြီး ကုလားတန်မြစ်ကြောင်း အတိုင်း ခရီးဆက်ခဲ့ရပါတယ်။ စစ်တွေဘက်က စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိလာတာကြောင့် စခန်းမှာ ခိုလှုံနေသူဦးရေဟာ ၁,၆၄၃ ဦးအထိ ရှိလာခဲ့ပါတယ်။
အဲဒီစခန်းဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၉၃ ခုထဲက တစ်ခု ဖြစ်ပါတယ်။ အခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ အဲဒီစစ်ဘေးရှောင်စခန်းကို ဆောင်းပါးရှင် ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။ အဲဒီစခန်းရဲ့ အခြေအနေဟာ ဝမ်းနည်းကြေကွဲမှုတွေနဲ့ မျှော်လင့်ချက်မဲ့စွာ စိတ်ပျက်မှုတွေ လွှမ်းမိုးနေပါတယ်။ စခန်းထဲမှာ တဲအိမ်များစွာကို တွေ့ရပြီး၊ သက်ကယ်၊ ဝါးနဲ့ တာပေါ်လင်စတွေကို အသုံးပြုပြီး ဆောက်ထားတဲ့ တဲငယ်တွေဟာ ကျဉ်းမြောင်းစွာ တည်ရှိနေကြပါတယ်။
စခန်းမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးသွားရတာ၊ အိမ်နီးချင်းအသိုင်းအဝိုင်းတွေနဲ့ အပြန်အလှန်ကူညီပေးတဲ့ ကွန်ရက်တွေ ပျက်စီးသွားတာ၊ အကူအညီပေးရေးစနစ်တွေ ထိခိုက်သွားတာ စတဲ့ ပြဿနာမျိုးစုံကို ရင်ဆိုင်ဖြေရှင်းဖို့ ရုန်းကန်နေကြရပါတယ်။
မောင်တင်လှ ဟာ စစ်တွေမြို့၊ မကျည်းမြိုင် (ရပ်ကွက် ၃) မှာ နေထိုင်တဲ့ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ မြို့စွန်မှာ ၅ ဧက ကျယ်ဝန်းတဲ့ လယ်မြေကို ပိုင်ဆိုင်ပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကာ ဝင်ငွေကောင်းကောင်း ရရှိခဲ့သူ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်အများစုဟာ စစ်တွေမြို့ပတ်ဝန်းကျင်က ကျေးရွာတွေကို ဦးတည်ခဲ့တာကြောင့် မကျည်းမြိုင်ရပ်ကွက်သားတွေက မြို့ထဲမှာရှိတဲ့ သူတို့ရဲ့ အိမ်တွေအထိ စစ်ဘေးအန္တရာယ် ရောက်လာမယ်လို့ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် ၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ စစ်တပ်က စစ်တွေမြို့ပေါ်က ရပ်ကွက်တချို့ကို ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးလာတဲ့အခါ အခြေအနေအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။
AA အဖွဲ့ဝင်တွေလို့ သံသယရှိခံရတာကြောင့် လူအများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ “စစ်တပ်နဲ့ ပူးပေါင်းထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) က အိမ်ထောင်စုတချို့ရဲ့ အချက်အလက်တွေကို စစ်တပ်ဆီ ပေးခဲ့တယ်လို့ ကြားရပါတယ်။ အဲဒီစာရင်းထဲမှာ ကျွန်တော့်နာမည်လည်း ပါသွားပြီလို့ ခံစားမိခဲ့ပါတယ်” ဟု မောင်တင်လှက အဲဒီအချိန်ကို ပြန်လည်ပြောပြပါတယ်။
မတ်လ ၁၇ ရက် သန်းခေါင်ယံအချိန်လောက်မှာ သူ့အိမ်အနီးက အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီးတဲ့နောက် မောင်တင်လှက ရွာကနေ ထွက်ခွာဖို့ အမြန်ပြင်ဆင်ခဲ့ပါတယ်။ သူ့ဇနီးနဲ့ သားဖြစ်သူတို့နဲ့အတူ ရွှေထည်ပစ္စည်းတွေ၊ ငွေကြေး၊ အဝတ်အစားနဲ့ အိမ်သုံးပစ္စည်းတွေ ထည့်ထားတဲ့ အိတ် ၇ အိတ်ကို သယ်ဆောင်ပြီး AA ထိန်းချုပ်ထားတဲ့ ဒေသဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။
၅ ရက်ကြာ ပင်ပန်းခက်ခဲစွာ ကီလိုမီတာ ၉၀ ခန့် ခရီးနှင်ခဲ့ပြီးနောက် အဲဒီမိသားစုဟာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒီစစ်ဘေးရှောင်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် မောင်တင်လှက သက်ကယ်တဲဆောက်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူပြီး မိသားစုအတွက် နေစရာတစ်ခု ဖန်တီးခဲ့သလို အစားအစာနဲ့ သောက်သုံးရေတွေကိုလည်း စီစဉ်ခဲ့ပါတယ်။
“ကျွန်တော့်မှာ ကျပ် ၁၀ သိန်းခန့် (ဒေါ်လာ ၄၇၆ ခန့်) ပါလာပေမယ့် အဲဒီငွေက တစ်လစာလောက်ပဲ ခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထည်တွေကို စရောင်းရတော့တာပါပဲ။ အိမ်ကနေ သယ်လာနိုင်ခဲ့တဲ့ စုစုပေါင်းပမာဏရဲ့ ထက်ဝက်လောက် ကုန်သွားပါပြီ” ဟု မောင်တင်လှက ပြောပါတယ်။ “ကျန်တဲ့ရွှေတွေကို ရောင်းရင်တော့ နောက်ထပ် တစ်နှစ်လောက် ဆက်ပြီး တောင့်ခံနိုင်ဦးမယ် ထင်ပါတယ်။”
စစ်ဘေးရှောင်တွေထဲက တံငါသည်တချို့ဟာ အနီးအနားက ကုလားတန်မြစ်ထဲမှာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းအတွက် ရောင်းချကြပါတယ်။ တချို့ကတော့ တောင်ကုန်းတွေပေါ်ကနေ ထင်း၊ ဝါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရှာဖွေယူပြီး ကိုယ်တိုင်စားသုံးကြသလို စခန်းနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာလည်း ပြန်လည်ရောင်းချကြပါတယ်။
ဒါပေမယ့် မောင်တင်လှဟာ တံငါသည်တစ်ဦး မဟုတ်သလို အစားအစာနဲ့ ထင်းရှာဖို့ တောင်ပေါ် တက်ရာမှာလည်း ကျွမ်းကျင်သူ မဟုတ်ပါဘူး။ သူ့ဇနီးကလည်း အိမ်မှုကိစ္စတွေနဲ့ တစ်နေ့လုံး မအားမလပ်ဖြစ်နေပြီး စခန်းကနေ ၂ ကီလိုမီတာခန့်အကွာရှိ ကျောင်းမှာ ပထမတန်းတက်နေတဲ့ အသက် ၇ နှစ်အရွယ် သားဖြစ်သူကို ပြုစုစောင့်ရှောက်နေရပါတယ်။
“အခုအချိန်ထိတော့ မိသားစုကို ရေရှည်ထောက်ပံ့နိုင်မယ့် ဝင်ငွေရလမ်းကို ရှာမတွေ့သေးပါဘူး”လို့ မောင်တင်လှက ပြောပါတယ်။ စစ်တွေမြို့က အိမ်ကို အမြန်ဆုံး ပြန်နိုင်မယ့်နေ့ကို မျှော်လင့်ရင်း စောင့်ဆိုင်းနေရုံပဲ ရှိတော့ပါတယ်။
ဒီစခန်းမှာ မောင်တင်လှလိုပဲ အရင်က အဆင်ပြေချမ်းသာခဲ့ရာကနေ အခုအခါ ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေရတဲ့ လူတွေရဲ့ အဖြစ်အပျက်တွေ အများကြီး ရှိနေပါတယ်။ သူတို့ရဲ့ အိမ်တွေဟာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေ ဒါမှမဟုတ် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပျက်စီးခဲ့ရပါတယ်။ ရွာတွေကို စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက် အခုတော့ စစ်ဘေးရှောင်စခန်းမှာ ခိုလှုံရင်း သစ်တောနဲ့ တောင်ကုန်းတွေကနေ အစားအစာနဲ့ ထင်းတွေကို ရှာဖွေပြီး အသက်ရှင်နေကြရပါတယ်။
စစ်ဘေးရှောင်စခန်းရဲ့ နေ့စဉ်ဘဝကို လိုအပ်ချက်တွေနဲ့ပဲ လည်ပတ်နေကြရပြီး နေမထွက်ခင်ကတည်းက စခန်းမှာ နေထိုင်သူတွေဟာ အစားအစာနဲ့ အသက်မွေးဝမ်းကျောင်းအတွက် ရှာဖွေဖို့ ပြင်ဆင်ကြရပါတယ်။ အများစုက စခန်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်ကုန်းတွေဘက် ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးကို လျှောက်သွားကြပါတယ်။ မွန်းတည့်ချိန်လောက်မှာတော့ ရှာဖွေရရှိလာတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ထင်းတွေကို သယ်ဆောင်ပြီး စခန်းကို ပြန်လာကြပါတယ်။
မောင်အေးထွန်းနဲ့ အသက် ၁၄ နှစ်အရွယ် သားဖြစ်သူအတွက်တော့ လွန်ခဲ့တဲ့ ၂ နှစ်က စစ်တပ်ရဲ့ မီးရှို့မှုကြောင့် စစ်တွေမြို့နယ်၊ မြစ်နားရွာကနေ ဒီစခန်းကို ရောက်လာခဲ့တဲ့အချိန်ကတည်းက တောင်ပေါ်ကို သွားရောက်ရှာဖွေရတာဟာ နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ “လွန်ခဲ့တဲ့ ၃ နှစ်အတွင်း စခန်းကလူတွေ အထိန်းအကွပ်မရှိ ရှာဖွေအသုံးပြုခဲ့ကြတာကြောင့် တောင်ပေါ်က သယံဇာတတွေ တဖြည်းဖြည်း ပြုန်းတီးလာနေပါပြီ” ဟု သူက ညည်းတွားပြောပါတယ်။
“လွန်ခဲ့တဲ့ ၂ နှစ်ကနဲ့ နှိုင်းယှဉ်ရင် အခု ဟင်းသီးဟင်းရွက်နဲ့ ထင်းရဖို့ ပိုပြီး အားစိုက်ရှာဖွေရပါတယ်။ တောင်တွေထဲကို ပိုနက်နက်ဝင်သွားရပြီး နေ့တိုင်း ဒီလောက်ပမာဏ ရနိုင်မယ်ဆိုတာလည်း မသေချာတော့ပါဘူး”လို့ မောင်အေးထွန်းက ပြောပါတယ်။
တောင်ကုန်းတွေပေါ်က သစ်တောတွေ အလျင်အမြန် ပြုန်းတီးလာတာကို စိုးရိမ်တဲ့အတွက် ULA က လွန်ခဲ့တဲ့ ၅ လကတည်းက သစ်ခုတ်မှုတွေကို ကန့်သတ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။
မောင်အေးထွန်းရဲ့ မိသားစု ၄ ဦးအတွက် အစားအစာတင် နေ့စဉ်ကုန်ကျစရိတ်က ကျပ် ၆၀,၀၀၀ ခန့် ရှိပါတယ်။ ဒါပေမယ့် ဟင်းသီးဟင်းရွက်နဲ့ ထင်းရောင်းရတဲ့ နေ့စဉ်ဝင်ငွေကတော့ တစ်ခါတလေ ကျပ် ၁၀,၀၀၀ တောင် မပြည့်ပါဘူး။ ရရှိလာသမျှ ငွေအများစုကိုတော့ အဓိကလိုအပ်တဲ့ ဆန်ဝယ်ယူဖို့ အသုံးပြုရပါတယ်။
ဧပြီလကနေ စက်တင်ဘာလအထိ ကြာမြင့်တဲ့ မိုးရာသီမှာတော့ တောင်ပေါ်ကနေ အစားအစာ ရှာဖွေရရှိနိုင်မှု လျော့နည်းသွားပါတယ်။ စခန်းမှာ ထင်းတွေ ပိုများလာပေမယ့် ဝယ်ယူမယ့်သူတွေကတော့ နည်းပါးလာပါတယ်။ စခန်းထဲက အိမ်တိုင်းနီးပါးရဲ့ အဝင်ဝမှာ ခုတ်ထွင်ထားတဲ့ သစ်တုံးတွေကို စုပုံထားပြီး ဝယ်ယူနိုင်မယ့်သူကို စောင့်ဆိုင်းနေရပါတယ်။
မိသားစုဝင်များတဲ့ အိမ်ထောင်စုတွေကတော့ မိသားစုဝင်တချို့ကို အနီးအနားကျေးရွာတွေက ဈေးတွေကို စေလွှတ်ပြီး ပိုကောင်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ကြပါတယ်။ ဒါပေမယ့် အနီးအနား ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဒါမှမဟုတ် လက်နက်ကြီးပစ်ခတ်မှုတွေ ဖြစ်ပွားတာကြောင့် ဈေးတွေ ရက်ပေါင်းများစွာ ပိတ်ထားရတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်ရပ်တွေကြောင့် ဝင်ငွေထိခိုက်ခဲ့သလို မိသားစုတွေဟာလည်း အစားအစာစားသုံးမှုကို လျှော့ချခဲ့ရပါတယ်။
စခန်းမှာ သွားရောက်နေထိုင်စဉ်အတွင်း တနေ့ကို နှစ်နပ် ပုံမှန်စားနိုင်ဖို့ ဒါမှမဟုတ် ထမင်းနဲ့အတူ ဟင်းသီးဟင်းရွက်တွေ ထည့်စားနိုင်ဖို့တောင် ခက်ခဲနေတဲ့ မိသားစု ၃ စုကို တွေ့ဆုံခဲ့ပါတယ်။
ဒေါ်ဦးတင်ညွန့် (၇၅ နှစ်) ဟာ သားသမီးမရှိတဲ့ မုဆိုးမတစ်ဦး ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ စစ်တွေမြို့နယ်၊ ကရင်ဒေါရွာကို စစ်တပ်က ဘူဒိုဇာနဲ့ ဖြိုချပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သူမဟာ နေရပ်စွန့်ခွာခဲ့ရပါတယ်။ အဲဒီစခန်းကို သွားနေကြတဲ့ အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။ ကျပ်ရှစ်သောင်းခန့်ကလွဲရင် စခန်းမှာ ဆက်လက်အသက်ရှင်ရပ်တည်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် ဘာပစ္စည်းမှ သူမနဲ့အတူ မပါလာခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ်ကုန်အထိတော့ NGO အဖွဲ့ ၂ ခုနဲ့ ULA တို့ရဲ့ ထောက်ပံ့မှုတွေနဲ့ အသက်ရှင်ရပ်တည်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ စခန်းထဲက အခြားအိမ်ထောင်စုတွေရဲ့ အကူအညီကို မှီခိုနေရပါတယ်။ သူမဟာ ကိုယ်ခန္ဓာအားနည်းလွန်းတာကြောင့် တောင်ပေါ်တက်ပြီး အစားအစာရှာဖွေဖို့ မဖြစ်နိုင်သလို နေ့စားအလုပ်သွားလုပ်ဖို့လည်း အင်အားမရှိတော့ပါဘူး။
သူမရဲ့ ရှေ့ဆက်ဘဝအစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ ခဏတာ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် ပြုံးရင်း “ကျွန်မအတွက်တော့ ‘နေ့ရက်တစ်ရက်ချင်းစီကို ရင်ဆိုင်ရင်းပဲ ဖြတ်သန်းနေရပါတယ်။ မနက်ဖြန် ဘာဖြစ်လာမလဲဆိုတာကိုလည်း မသိနိုင်ပါဘူး”လို့ ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ ရင်ဆိုင်နေရတဲ့ မရေရာမှုတွေဟာ NGO အဖွဲ့တွေနဲ့ ULA တို့ထံက ဆန်ထောက်ပံ့မှုတွေ လျော့နည်းချိန်မှာတော့ ပိုမိုကြီးမားလာပါတယ်။
“လွတ်မြောက်နယ်မြေထဲက စစ်ဘေးရှောင်စခန်းတွေကို အကူအညီပေးနေတဲ့ NGO အဖွဲ့အစည်း ၅၀ ကျော် ရှိပါတယ်။ ဒါပေမယ့် ပေးနိုင်တဲ့ အကူအညီပမာဏက လိုအပ်ချက်နဲ့ ဘယ်တုန်းကမှ မလုံလောက်ခဲ့ပါဘူး။ ဘဏ္ဍာငွေစီးဆင်းမှု ကွန်ရက်တွေကို ကန့်သတ်နှိမ်နင်းတာတွေအပါအဝင် အကြောင်းရင်းများစွာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက ရရှိတဲ့ ရန်ပုံငွေဟာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်”လို့ ULA လက်အောက်ရှိ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ တာဝန်ရှိသူ လှနွယ်က ပြောပါတယ်။
NGO တစ်ခုကို ဦးဆောင်နေတဲ့ ဝင်းမြင့်ကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေထံက ရရှိတဲ့ ရန်ပုံငွေပမာဏဟာ အလွန်အမင်း လျော့ကျသွားတယ်လို့ အတည်ပြုပါတယ်။
ဒီလို ခက်ခဲလာတဲ့ အခြေအနေတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က လာရောက်ခိုလှုံနေသူတချို့ဟာ စိုက်ပျိုးရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်ဖို့အတွက် မိမိတို့ရဲ့ လယ်ကွင်းတွေရှိရာကို ပြန်သွားကြရပါတယ်။
စစ်တပ်ရဲ့ ဆက်တိုက်ပစ်ခတ်မှုတွေကြောင့် ငြိမ်းငြိမ်းထွန်းနဲ့ သူမရဲ့ မိသားစုဝင် ၅ ဦးဟာ ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ ကျေးသိုးရွာကနေ ထွက်ခွာခဲ့ရပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူက လက်နက်ကြီးထိမှန်ထားတာကြောင့် နေ့စားအလုပ်လုပ်ဖို့ မဖြစ်နိုင်သလို ထင်းနဲ့ ဟင်းသီးဟင်းရွက်ရှာဖို့ တောင်ပေါ်ကိုလည်း မသွားနိုင်တော့ပါဘူး။
လွန်ခဲ့တဲ့ တစ်နှစ်နီးပါးအတွင်း အဲဒီမိသားစုဟာ တစ်နေ့ကို ထမင်းတစ်နပ်သာ စားခဲ့ရပြီး အခြား အဖွဲ့အစည်းတွေရဲ့ အကူအညီကိုပဲ အပြည့်အဝ မှီခိုခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ငြိမ်းငြိမ်းထွန်းရဲ့ ခင်ပွန်းဟာ ပုဏ္ဏားကျွန်းမြို့နယ်က တခြားသူတွေ နည်းတူ လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ သွားရောက်ခဲ့ပါတယ်။ သူဟာ စခန်းနဲ့ ကီလိုမီတာ ၅၀ ခန့် အကွာမှာရှိတဲ့ လယ်ကွင်းတွေမှာ ၂ လခန့် သွားရောက်နေထိုင်ပြီး၊ ၅ လအကြာမှာ ရိတ်သိမ်းဖို့ ပြန်သွားခဲ့ရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ရိတ်သိမ်းမှုကတော့ အဆင်မပြေခဲ့ဘူးလို့ ငြိမ်းငြိမ်းထွန်းက ပြောပါတယ်။ “ဒီနှစ်မှာ စိုက်ပျိုးသီးနှံဈေးတွေ အရမ်းမကျဘူးဆိုရင် အခြေအနေ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလိုဖြစ်ရင် ကျွန်မတို့ တစ်နေ့ကို ထမင်းနှစ်နပ်စားနိုင်မှာပါ”လို့ သူမက ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းအားလုံးဟာ ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေရပါတယ်။ အဲဒီဒေသရဲ့ မြေအောက်ရေအနက်ဟာ အနီးအနားဒေသတွေထက် ပိုနက်ရှိုင်းပါတယ်။ စခန်းတွင်းတူးဖော်ထားတဲ့ ရေတွင်းတွေနဲ့ အနီးအနားက ကန်နှစ်ခုမှာရှိတဲ့ ရေပမာဏဟာ ဆောင်းရာသီလတွေမှာ အလွန်လျော့နည်းသွားတတ်ပါတယ်။
ULA တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရ စခန်းအနီးဝန်းကျင်မှာ မြေအောက်ရေကို ရှာဖွေရဖို့ ပေ ၆၀၀ ခန့်အနက်ထိ တူးဖော်ရပါတယ်။ အသုံးပြုလို့ရတဲ့ ရေတွင်းတွေ တူးဖော်ဖို့အတွက် စက်ပစ္စည်းတွေ လိုအပ်ပေမယ့် အဲဒီပစ္စည်းတွေကို အလွယ်တကူ ရရှိနိုင်ခြင်း မရှိပါဘူး။
နှစ်စဉ် ဒီဇင်ဘာလကနေ ဧပြီလအထိ စခန်းမှာရှိတဲ့ အိမ်ထောင်စုတိုင်းဟာ အကွာအဝေး မီတာ ရာချီတဲ့ ကုလားတန်မြစ်ကို ရေခပ်ဖို့ သွားကြရပါတယ်။ ဒါဟာ အသက်ကြီးသူတွေအတွက်၊ အထူးသဖြင့် ကူညီပေးမယ့် လူငယ်ဆွေမျိုးမရှိသူတွေအတွက် အလွန်ခက်ခဲပါတယ်။ ဒါကြောင့် သူတို့ဟာ နေ့စဉ် လိုအပ်တဲ့ ရေကို အနည်းငယ်စီနဲ့သာ ချွေတာသုံးစွဲနေကြရပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ULA ရဲ့ အကူအညီနဲ့ NGO တစ်ခုက စခန်းမှာ ရေလှောင်ကန်ကြီး ၅ ကန်ကို တပ်ဆင်ပေးခဲ့ပါတယ်။ အရင်ကတော့ မြစ်ကနေ ရေကို ရေဘောက်ဆာကားတွေနဲ့ သယ်ယူပေးခဲ့ပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေထံက ရန်ပုံငွေ လျော့နည်းလာတဲ့အတွက် ဒီနှစ်အစပိုင်းမှာ အဲဒီဝန်ဆောင်မှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။
ရေရှားပါးမှုအပြင် စစ်ဘေးရှောင်စခန်းတွေဟာ မြစ်၊ ရေတွင်းနဲ့ ရေကန်တွေက ရရှိတဲ့ နောက်ကျိနေတဲ့ ရေတွေကိုလည်း အဆင်ပြေသလို အသုံးပြုနေကြရပါတယ်။ NGO ဝန်ထမ်းတွေက စခန်းတချို့မှာ ရေစစ်ထုတ်စက်တွေ ထောက်ပံ့ပေးထားပေမယ့် လိုအပ်ချက်ကတော့ အလွန်များပြားနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ စခန်းအများအပြားရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရန်ပုံငွေနဲ့ စက်ပစ္စည်းတွေ ပိုမိုလိုအပ်နေပါတယ်။
ညစ်ညမ်းတဲ့ရေကြောင့် ဖြစ်တဲ့ အရေပြားရောဂါကနေ လွန်ခဲ့တဲ့ ၅ လက ပြန်လည်သက်သာလာတဲ့ မျိုးအောင်က အချို့မိသားစုတွေဟာ သောက်ရေကို ကျိုချက်သောက်ကြပေမယ့် “အများစုကတော့ မကျိုကြပါဘူး” လို့ ပြောပါတယ်။ “စခန်းမှာ ဖြစ်နေတဲ့ ရောဂါအများစုရဲ့ အဓိကအကြောင်းရင်းက ရေပါပဲ” ဟု သူက ဆိုပါတယ်။ အရေပြားရောဂါတွေအပြင် မိုးရာသီမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါတွေကိုလည်း စခန်းနေသူတွေ ခံစားကြရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ရောဂါတွေကြောင့် စခန်းမှာ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
စခန်းကနေ သိတ်မဝေးလှတဲ့ ကျေးရွာတစ်ရွာမှာ ULA က ဖွင့်လှစ်ထားတဲ့ ကျန်းမာရေးဌာနက ဆရာဝန်တစ်ဦးဟာ လူနာတွေကို စစ်ဆေးပေးပြီး လိုအပ်တဲ့ ဆေးဝါးတွေ ညွှန်ကြားပေးပါတယ်။ ဒါပေမယ့် ဆေးဝါးတွေကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် ထောက်ပံ့ရရှိရာ နေရာအမျိုးမျိုးကနေ တင်သွင်းနေရတာကြောင့် အချိန်တိုင်း အလွယ်တကူ ရရှိနိုင်တာတော့ မဟုတ်ပါဘူး။
စစ်ဘေးရှောင်စခန်းတွေမှာ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေတွေက စခန်းနေသူ တချို့ကို ပုံမှန်ဝင်ငွေရနိုင်မယ့် နည်းလမ်းအသစ်တွေ ရှာဖွေဖန်တီးဖို့ တွန်းအားပေးခဲ့ပါတယ်။ မမြဦးဟာ ပြီးခဲ့တဲ့နှစ် လယ်ပိုင်းလောက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာရွာကနေ မိသားစုဝင် ၆ ဦးနဲ့အတူ ဒီစခန်းကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီရွာဟာ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ရွာသားအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
မမြဦးဟာ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့တွေက ဆိုင်တွေမှာ ရောင်းချတဲ့ ရိုးရာခြုံထည်တွေနဲ့ လုံချည်တွေကို ရက်လုပ်တဲ့ နာမည်ရ ယက်ကန်းသမားတစ်ဦး ဖြစ်ပါတယ်။ စခန်းကနေ ကီလိုမီတာ ၆၀ ခန့်အကွာမှာရှိတဲ့ ရွာကနေ ထွက်ပြေးလာရတဲ့အချိန်မှာတော့ အဝတ်အစားနဲ့ အိမ်သုံးပစ္စည်းလို မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကိုပဲ သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ ရက်ကန်းစင်အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကိုတော့ ရွာမှာပဲ ချန်ထားခဲ့ရပေမယ့် ကံကောင်းစွာနဲ့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မီးလောင်ပျက်စီးခြင်း မရှိခဲ့ပါဘူး။
“စခန်းရောက်ပြီး ၃ လလောက်ကြာတော့ စခန်းထဲက ကျွန်မတို့တဲမှာ ယက်ကန်းစင် တပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခင်ပွန်းရဲ့ နေ့စားဝင်ငွေက မမှန်တဲ့အတွက် အပိုဝင်ငွေရဖို့ လိုအပ်လာခဲ့တာပါ” ဟု မမြဦးက ပြောပါတယ်။
အဲဒီနောက် သူမဟာ ရွာကို ၂ ခေါက် ပြန်သွားပြီး ယက်ကန်းစင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စခန်းဆီ သယ်ဆောင်လာခဲ့ပါတယ်။ “ယက်ကန်းစင်အတွက် ခြေနင်းတံကိုတော့ စခန်းမှာပဲ သစ်သားနဲ့ ကိုယ်တိုင် ထုဆစ်လုပ်ခဲ့ရပါတယ်” ဟု သူမက ပြောပါတယ်။
အဲဒီနောက် ယက်ကန်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပြီး စစ်ဘေးရှောင်စခန်းမှာ ယက်လုပ်ခဲ့တဲ့ ပထမဆုံးခြုံထည်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် လအနည်းငယ်အတွင်းမှာတော့ နောက်ထပ် ၅ ထည် ထပ်မံ ထွက်ရှိခဲ့ပါတယ်။ “အိမ်မှာ ထုတ်လုပ်ခဲ့တုန်းကနဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းသွားပါတယ်” ဟု မမြဦးက ပြောပါတယ်။ ဒါ့အပြင် ခြုံထည်တွေရဲ့ အရည်အသွေးလည်း ကျဆင်းလာသလို ဈေးနှုန်းတွေလည်း လျော့နည်းသွားခဲ့ပါတယ်။
နောက်ပိုင်းမှာ မမြဦးဟာ ကျောက်ဖြူက ရက်ကန်းသမား အမျိုးသမီးတစ်ဦးကိုလည်း စခန်းမှာ ယက်ကန်းစင် တပ်ဆင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ ပစ္စည်းအားလုံးကို အလွယ်တကူ ရှာမရတာကြောင့် ထုတ်လုပ်မှုအပိုင်းမှာ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့ပါတယ်။
မမြဦးရဲ့ အဖြစ်အပျက်လိုပဲ စစ်တွေက ပန်းပုထုဆစ်တဲ့ ပညာရှင်တစ်ဦးဟာလည်း စခန်းမှာ သစ်သားတွေနဲ့ ရုပ်တုတွေ ထုဆစ်လုပ်ကိုင်နေပါတယ်။ သူ့တဲအိမ်အပြင်ဘက်မှာတော့ ထုဆစ်ဖို့ ခုတ်ထားတဲ့ သစ်တုံးငယ်တွေကို စုပုံထားပါတယ်။ အခုအချိန်ထိ သူဟာ လှေနဲ့ ဆင်ပုံစံ ရုပ်တု ၃ ခုကို ထုဆစ်ပြီးစီးထားပါပြီ။
မရေရာတဲ့ အနာဂတ်အခြေအနေကြောင့် ကျားမသောက်စခန်းမှာ နေထိုင်သူတွေအကြား စိုးရိမ်ပူပန်မှုနဲ့ ဝမ်းနည်းမှုတွေ လွှမ်းမိုးနေပါတယ်။ အထူးသဖြင့် ကျောင်းမတက်နိုင်တော့တဲ့ ကလေးတွေရဲ့ မိဘတွေကြားမှာ ဒီခံစားချက်ကို ပိုပြီး တွေ့ရပါတယ်။ မိဘတွေက ကိုယ့်ကလေးတွေကို စာသင်စေချင်ပေမယ့် ခက်ခဲတဲ့ အခြေအနေတွေကြောင့် ကလေးတွေကို အလုပ်လုပ်ဖို့ စေလွှတ်နေရပါတယ်။ စခန်းမှာ နေထိုင်သူတွေရဲ့ လေးပုံတစ်ပုံခန့်ဟာ ကလေးသူငယ်တွေဖြစ်ပြီး အဲဒီထဲက သုံးပုံတစ်ပုံခန့်ဟာ ကျောင်းထွက်ထားရသူတွေ ဖြစ်ပါတယ်။
စခန်းအတွင်း လှည့်လည်ကြည့်ရှုစဉ် ရေခပ်ခြင်း၊ သစ်တုံးခုတ်ခြင်း၊ ဟင်းသီးဟင်းရွက်နဲ့ ထင်းရောင်းခြင်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ ဆယ်ကျော်သက် လူငယ်တချို့ကို တွေ့ခဲ့ရပါတယ်။ ဒီလူငယ်အများစုဟာ မိသားစုဝင်အရေအတွက် နည်းပါးတဲ့ အိမ်ထောင်စုတွေက ဖြစ်ပြီး မိသားစုဝင်ငွေ ရရှိရေးအတွက် သူတို့ရဲ့ ပါဝင်ကူညီမှုက အလွန်အရေးကြီးနေပါတယ်။
စာသင်ခန်းထဲမှာ ရှိနေရမယ့်အစား သူတို့ရဲ့ နေ့စဉ်ဘဝဟာ ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ အသက်ရှင်ရပ်တည်ဖို့ လိုအပ်ချက်တွေကပဲ ပုံဖော်ပေးနေပါတယ်။ စစ်တွေက လာတဲ့ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးရဲ့ ဖခင်ဖြစ်သူက “သားကို ကျောင်းမလွှတ်နိုင်သေးပါဘူး။ ပိုကောင်းတဲ့ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းတွေ ရလာရင်တော့ အခြေအနေ ပြောင်းလဲနိုင်ပါတယ်” ဟု ပြောပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ မိဘတွေရဲ့ ကလေးတွေ ပညာသင်ကြားနိုင်ဖို့ ULA က သူတို့ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းလခတွေကို လျှော့ချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ NGO အဖွဲ့အများအပြားကလည်း မိဘတွေကို ကလေးတွေ ကျောင်းပြန်တက်နိုင်အောင် တိုက်တွန်းခဲ့ပေမယ့် ရလဒ်ကတော့ မျှော်လင့်ထားသလောက် မဖြစ်ခဲ့ပါဘူး။ မိသားစု ၄ စုကသာ ကလေးတွေကို ကျောင်းသွင်းဖို့ သဘောတူခဲ့ပြီး ကျန်တဲ့မိသားစုတွေကိုတော့ စည်းရုံးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ဘဏ္ဍာရေးအခက်အခဲတွေအပြင် အနည်းဆုံး ကလေး ၂၀ ခန့်ဟာ လေကြောင်းတိုက်ခိုက်မှု ဖြစ်လာမှာကို ကြောက်ရွံ့တာကြောင့် ကျောင်းကနေ ထွက်ခဲ့ကြရပါတယ်။ သူတို့ဟာ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပျက်စီးသွားတဲ့ ရွာတွေကနေ ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။ သေဘေးနဲ့ နီးစပ်တဲ့ အတွေ့အကြုံတွေ၊ နေအိမ်တွေကို စွန့်ခွာခဲ့ရတဲ့ စိတ်ဒဏ်ရာတွေဟာ သူတို့ရဲ့ မှတ်ဉာဏ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ကျန်ရှိနေပြီး ဘဝရဲ့ ကဏ္ဍပေါင်းစုံကို ထိခိုက်စေခဲ့ပါတယ်။
ယခုနှစ် အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ပုဏ္ဏားကျွန်းမြို့နယ်ထဲက သီးခြား စစ်ဘေးရှောင်စခန်း ၂ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့မှုအတွင်း အနည်းဆုံး စစ်ဘေးရှောင် ၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒေသရှိ စစ်ဘေးရှောင်စခန်းတွေဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ကို ကြုံတွေ့ခဲ့ရပါတယ်။
ပုဏ္ဏားကျွန်းမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မတိုင်မီကတည်းက ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင် ၁၆ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ULA က ပြောပါတယ်။
ဒါကြောင့် ဒေသတွင်းမှာရှိတဲ့ စစ်ဘေးရှောင်အများအပြားဟာ စိတ်ဒဏ်ရာတွေနဲ့ လေကြောင်းတိုက်ခိုက်မှု ကြောက်ရွံ့စိုးရိမ်မှုတွေကို ခံစားနေကြရပါတယ်။ ပြီးခဲ့တဲ့နှစ် လယ်ပိုင်းမှာ စစ်တွေမြို့နယ်၊ ချေလေးသန်းရွာကနေ ထွက်ပြေးလာတဲ့ ခင်မောင်က စခန်းမှာ လုံခြုံတဲ့ ခိုလှုံစရာနေရာ အားနည်းတာကြောင့် စစ်ဘေးရှောင်တွေအကြား ကြောက်ရွံ့မှု ပိုမိုမြင့်မားနေတယ်လို့ ပြောပါတယ်။
“ကြောက်ရွံ့မှုက အရမ်းများလွန်းလို့ အသံတစ်ခုခု ကြားလိုက်တာနဲ့ တချို့စစ်ဘေးရှောင်တွေဟာ ကလေးတွေကို ပွေ့ချီပြီး တဲထဲကနေ အပြင်ကို ပြေးထွက်ကြပါတယ်”လို့ သူက ပြောပါတယ်။
ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းမှာ တိုက်လေယာဉ်အသံ ကြားရတဲ့အချိန် စခန်းအတွင်း “အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှု” ဖြစ်ပွားခဲ့ပုံကို သူက ပြန်ပြောင်းပြောပြပါတယ်။ စစ်ဘေးရှောင်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်လာမယ်လို့ စိုးရိမ်တာကြောင့် လူတွေဟာ စခန်းအပြင်ဘက်ကို ထွက်ပြေးကြပြီး တစ်ညလုံး အပြင်မှာပဲ နေခဲ့ကြပါတယ်။
စခန်းထဲက နေအိမ်တော်တော်များများမှာ တဲတွေနဲ့ ချိတ်ဆက်ထားတဲ့ ချိတ်ပါ အလျားရှည် ဝါးလုံးတွေကို တွေ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်လာခဲ့ရင် အဲဒီဝါးလုံးတွေကို အသုံးပြုပြီး မီးလောင်နေတဲ့ သက်ကယ်အပိုင်းအစတွေကို အမြန်ဆွဲချပြီး တဲတစ်လုံးလုံး မီးလောင်ကျွမ်းသွားတာကို ကာကွယ်ဖို့ ဖြစ်တယ်လို့ စခန်းနေသူတွေက ပြောပြပါတယ်။
စန်းစန်းပြောသလိုပဲ “စစ်ဘေးရှောင်စခန်းမှာ အသက်ရှင်ရပ်တည်ဖို့ဆိုတာ နောက်ဆုံးမှာ ကံတရားပေါ်လည်း အများကြီး မူတည်နေပါတယ်။ တစ်ရက်ချင်းစီ အသက်ရှင်ကျန်ရစ်ဖို့အတွက် အရာရာတိုင်း အဆင်ပြေနေဖို့ လိုပါတယ်” လို့ သူမက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ သူတို့အတွက် ဆုံးရှုံးခဲ့ရတဲ့ အိမ်တွေ၊ အသက်မွေးဝမ်းကျောင်းတွေနဲ့ အရင်ကလို ဘဝတွေကို ဘယ်အချိန်မှာ ပြန်လည်တည်ဆောက်နိုင်မလဲဆိုတာ မသိနိုင်သေးပေမယ့်၊ ရှိသမျှအားအင်နဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ရင်း တစ်ရက်ပြီးတစ်ရက် ရှင်သန်နိုင်ဖို့ ဆက်လက် ရုန်းကန်နေကြဆဲ ဖြစ်ပါတယ်။ ။
ကိုးကား – The Diplomat




















































