နောင်နောင်ရေးသားသည်။
ယနေ့ခေတ်မှာ ChatGPT လိုမျိုး ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) တွေဟာလူတို့ရဲ့ နေ့စဉ်ဘဝထဲကို လျင်လျင်မြန်မြန် ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ စာရေးသားခြင်း၊ ဘာသာပြန်ခြင်း၊ ပညာသင်ကြားခြင်း ကနေ အလုပ်အကိုင်၊ ကျန်းမာရေး၊ ငွေကြေးနှင့် မိသားစုအရေးကိစ္စတွေအထိလူအများကAIကိုအကြံဉာဏ်တောင်းခံလာကြပါတယ်။
ChatGPTကိုအသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့အခက်အခဲတွေကို နားလည်ပေးနိုင်တဲ့ မိတ်ဆွေတယောက် နဲ့ စကားပြောနေရသလိုမျိုး ခံစားမှုကိုလည်း ရတတ်ကြတယ််။ ဒါပေမယ့် အရေးကြီးတာတစ်ခု ရှိနေပါတယ်။
ChatGPT နဲ့ ပြောဆိုထားသမျှ စကားတွေဟာ အမှန်တကယ် လုံခြုံမှုရှိပါရဲ့လား။ ကိုယ်တစ်ဦးတည်းသာ သိနိုင်မည့် လျှို့ဝှက်စကားတွေလို့ရော ယုံကြည်ထားနိုင်ပါသလား။

Public Service Announcement
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ The Washington Post သတင်းစာက ဖော်ပြခဲ့တဲ့ “Your boss, tech companies and police can read your chatbot conversations” ဆိုတဲ့ ဆောင်းပါးက ဒီမေးခွန်းတွေကို စဉ်းစားစရာဖြစ်စေခဲ့ပါတယ်။ ဆောင်းပါးမှာ AI chatbot တွေနဲ့ ပြောဆိုထားတဲ့ စကားတွေဟာ တချို့အခြေအနေတွေမှာ တရားရုံးမှတ်တမ်းတွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ အလုပ်ခွင်ဆိုင်ရာ စီမံခန့်ခွဲမှုတွေအတွင်းမှာ ပေါ်ထွက်လာနိုင်တယ်ဆိုတာကို နမူနာတွေနဲ့ ရှင်းပြထားပါတယ်။
လူတယောက်က ChatGPT ကို မေးခွန်းတခု မေးလိုက်တဲ့အခါ ကိုယ့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေတဆင့် မေးခွန်းကို အင်တာနက်ပေါ်က ChatGPT စနစ်ဆီ ပို့ပေးပါတယ်။ ChatGPT က အဲဒီမေးခွန်းကို လက်ခံပြီး အ
ဖြေထုတ်ပေးတဲ့အတွက် ကိုယ်အသုံးပြုနေတဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာပေါ်မှာ အဖြေကို ပြန်လည်မြင်တွေ့ရတာသိကြပြီးဖြစ်ပါတယ်။
အသုံးပြုတဲ့သူက အကောင့်ဝင်ထားရင်အရင်ကပြောထားမေးထားတဲ့စကားတွေကို နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
နားလည်ထားရမယ့်အချက်တခုက AIကို အသုံးပြုခြင်းက ကိုယ့်ရဲ့ စကားတွေကို ဘယ်သူမှ မမြင်နိုင်အောင် အပြည့်အဝလျှို့ဝှက်ထားနိုင်မယ်မဟုတ်ဘူး ဆိုတာပါပဲ။
The Washington Post ရဲ့ ဖော်ပြချက်အရ သတင်းစာက စိစစ်ခဲ့တဲ့ မှတ်တမ်းတွေနဲ့ ဒေသတွင်းသတင်းတွေမှာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း AI chatbot စကားဝိုင်းမှတ်တမ်းတွေကို တရားရုံးအမှုတွေမှာ ကိုးကားအသုံးပြုခဲ့တဲ့ ဖြစ်ရပ် ၁၂ ခုကို တွေ့ရှိခဲ့ပါတယ်။
ဖြစ်ရပ်အချို့မှာ အသုံးပြုသူတွေရဲ့ ဖုန်းနဲ့ အခြားစက်ပစ္စည်းတွေကို စစ်ဆေးရာကနေ စကားပြော မှတ်တမ်းတွေကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆိုလိုတာက စကားပြောမှတ်တမ်းတွေကို AI ကုမ္ပဏီတွေဆီက မဟုတ်ပဲ ကိုယ့် ဖုန်း၊ ကွန်ပျူတာတွေထဲ ကျန်နေတဲ့ မှတ်တမ်းတွေကလည်း တခြားသူတွေ သိသွားနိုင်တယ် ဆိုတာပါ။ The Washington Post ရဲ့ ဖော်ပြချက် က နေ အမေရိကန်နိုင်ငံက ဖြစ်ရပ်နှစ်ခုကို အထူးသတိပြုမိနိုင်ပါတယ်။
ပထမဖြစ်ရပ်က မစ်ဆူရီပြည်နယ်က အမျိုးသားတယောက် က ရဲအရာရှိကို သူ့ရဲ့ဖုန်းကို ဝရမ်းမပါဘဲ စစ်ဆေးခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ရဲမှတ်တမ်းတွေ အရ အဲဒီလိုစစ်ဆေးတာ က နေ AI chatbot စကားပြောမှတ်တမ်းတွေ ကို ရရှိခဲ့ပါတယ်။
ဒုတိယဖြစ်ရပ်ကတော့ မစ်ရှီဂန်ပြည်နယ်က အမှုတခုမှာ တရားခံရဲ့ ရှေ့နေက ပွင့်လင်းမြင်သာမှုရှိကြောင်း ပြသဖို့ ရည်ရွယ်ချက်နဲ့ သူ့အမှုသည်ရဲ့ စက်ပစ္စည်းတွေကို စစ်ဆေးဖို့ ခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။အဲဒီအခြေအနေမှာလည်း စက်ပစ္စည်းထဲက အချက်အလက်တွေကအမှုနဲ့သက်ဆိုင်တဲ့အထောက်အထားတွေ အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
ဒီနမူနာတွေကိုကြည့်ရင်ChatGPTက ပြောစကားတွေကို အလိုအလျောက် public မှာ ထုတ်ဖော်နေတာမဟုတ်ပဲ ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာ တို့ကို တခြားသူက ဝင် ကြည့်ပြီး ပေါ်ထွက်လာနိုင်တာပါ။ ကိုယ်ပြောထားတဲ့စကားတွေက အရေးကြီးတဲ့အထောက်အထား မှတ်တမ်းတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုသတိပေးတာဖြစ်ပါတယ်။ဒါကြောင့် ကိုယ်ရေးကိုယ်တာကိစ္စတွေ ကို AI နဲ့ ဆွေးနွေးတဲ့အခါ ကိုယ့်ရဲ့ စက်ပစ္စည်းလုံခြုံရေးကို ပထမဆုံး အလေးထားကြရမှာဖြစ်ပါတယ်။
အလုပ်ရှင်က ကိုယ့်ရဲ့ ChatGPTပြောစကားတွေကိုကြည့်နိုင်သလားဆိုတာကိုလည်းဆက်ကြည့်ကြပါမယ်။ လူအများ သတိမထားမိတတ်တဲ့ အခြားကိစ္စတခုကတော့ အလုပ်ခွင်မှာ အသုံးပြုတဲ့ AI အကောင့် တွေပဲဖြစ်ပါတယ်။ ကုမ္ပဏီကပေးထားတဲ့ ChatGPT အကောင့်ကို သုံးတဲ့အခါ ကိုယ်မေးထားတဲ့ မေးခွန်းတွေနဲ့ တင်ထားတဲ့ ဖိုင်တွေကို ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ မြင်နိုင်တဲ့ အခြေအနေမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထည့်မေးတဲ့အခါ သတိထားရပါမယ်။
ဥပမာ ဝန်ထမ်းတစ်ယောက်က ကုမ္ပဏီကပေးထားတဲ့ ChatGPT အကောင့်ကို အသုံးပြုပြီး ကိုယ်ရေးကိုယ်တာပြဿနာတွေ၊ အလုပ်ဖော်တွေနဲ့ အဆင်မပြေဖြစ်နေတဲ့ ကိစ္စတွေ၊ အလုပ်ရှင်အပေါ် ကိုယ့်ရဲ့ သဘောထားတွေကို ရေးသားဆွေးနွေးတယ်လို့ ယူဆကြည့်ပါ။ ကုမ္ပဏီတာဝန်ရှိသူတွေမှာ အဲဒီအကောင့်ကို ကြည့်ရှုခွင့်ရှိတယ်ဆိုရင်ဝန်ထမ်းရေးသားထားတဲ့ အကြောင်းအရာတွေကို သူတို့လည်း မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တစ်ယောက်တည်းပဲ သိမယ်လို့ ထင်ထားတဲ့ ပြောစကားတွေဟာ လုံခြုံမှုရှိချင်မှ ရှိပါလိမ့်မယ်။
ဒီအချက်က ကုမ္ပဏီတိုင်းက ဝန်ထမ်းတွေရဲ့ ပြောစကားအားလုံးကို ဖတ်နေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလုပ်အတွက် ပေးထားတဲ့ အကောင့်ကို ကိုယ်ပိုင်အကောင့်လို မယူဆသင့်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်က ပေးထားတဲ့ AI accountတွေကိုသုံးတဲ့အခါ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မပြောသင့်ပါဘူး။
AI ကုမ္ပဏီတွေက ပြောစကားတွေကို အာဏာပိုင်တွေဆီကို ပေးအပ်နိုင်သလားဆိုတာ ဆက်ကြည့်ပါမယ်။ The Washington Post ရဲ့ ဆောင်းပါးမှာ AI ကုမ္ပဏီတွေက အန္တရာယ်ရှိနိုင်တဲ့ လုပ်ဆောင်မှုတွေ ပြောစကားတွေကို စောင့်ကြည့်စစ်ဆေးနေတယ်ဆိုတာနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေဆီကို အချက်အလက်ပေးပို့တဲ့ကိစ္စတွေကိုလည်းဖော်ပြထားပါတယ်။
OpenAI လိုမျိုး ကုမ္ပဏီတွေက အကြမ်းဖက်မှု ဒါမှမဟုတ် မိမိကိုယ်ကို ထိခိုက်စေမှုနဲ့ ဆက်စပ်နိုင်တဲ့ ပြောစကားတွေကို အလိုလျောက် စစ်ဆေးတဲ့စနစ်တွေ အသုံးပြုတယ်ဆိုတာကို ရှင်းပြထားပါတယ်။ အခြားသူတွေအပေါ် အန္တရာယ်ကျရောက်နိုင်ခြေရှိတယ်လို့ ယုံကြည်လောက်ပြီး ချက်ချင်းလည်းဖြစ်ပွားနိုင်တယ်လို့ ယူဆရလောက်တဲ့ အခြေအနေဆိုရင် အာဏာပိုင်တွေကို အကြောင်းကြားနိုင်တယ်ဆိုတာကို ကုမ္ပဏီက ဖော်ပြထားပါတယ်။ ဒါ့အပြင် တရားရုံးတစ်ခုက စုံစမ်းစစ်ဆေးနေတဲ့ အမှုတစ်ခုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို AI ကုမ္ပဏီတခုဆီက တရားဝင်တောင်းခံလာတဲ့အခါ သက်ဆိုင်ရာဥပဒေအရ ပေးအပ်ရမယ့် အချက်အလက်တွေ ရှိတယ်ဆိုရင် ကုမ္ပဏီက အဲဒီအချက်အလက်တွေကို ပေးရနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
သာမန်မေးခွန်းတစ်ခု မေးထားတဲ့အသုံးပြုသူတယောက်ရဲ့ ပြောစကားတွေ ကို အာဏာပိုင်တွေဆီ အလိုအလျောက် ပို့နေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အွန်လိုင်းဝန်ဆောင်မှုတွေက သက်ဆိုင်ရာလုံခြုံရေးစည်းမျဉ်းတွေ၊ မူဝါဒတွေနဲ့ ဥပဒေဆိုင်ရာ အောက်မှာ လုပ်ဆောင်နေရတယ်ဆိုတာကို သိထားသင့်ကြပါတယ်။
ပြောစကားတွေကို ဖျက်လိုက်ပြီးတဲ့အခါမှာရော အပြီးတိုင်ပျောက်သွားပြီလားဆိုတာကိုလည်း ကြည့်ရပါမယ်။ ChatGPT အသုံးပြုသူတွေဟာ မလိုအပ်တော့တဲ့ ပြောစကားတွေကို ဖျက်ပစ်တတ်ကြပါတယ်။ OpenAI ရဲ့ လက်ရှိရှင်းလင်းချက်အရ ဖျက်လိုက်တဲ့ ပြောစကားတွေကို ပုံမှန်အားဖြင့် ရက် ၃၀ အတွင်း ဖျက်ပစ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ဥပဒေဆိုင်ရာ ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တချို့ကြောင့် တချို့အချက်အလက်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ ခြွင်းချက်တွေ ရှိနိုင်ပါတယ်။
ဒါ့အပြင် ပြောစကားကို Archive လုပ်ခြင်းနဲ့ Delete လုပ်ခြင်းတို့က မတူပါဘူး။ Archive လုပ်တယ်ဆိုတာ စကားဝိုင်းကို အကောင့်ထဲမှ ဖျက်ပစ်တာမဟုတ်ဘဲ ပုံမှန်မြင်ကွင်းကနေ ဖယ်ထားခြင်းသာဖြစ်ပါတယ်။
ကိုယ့်အကောင့်နဲ့မဟုတ်ပဲ ၊ ဥပမာ Gmail လို အကောင့်နဲ့ ချိတ်ဆက်သုံးတာမျိုးမဟုတ်ပဲ Temporary Chat ကို အသုံးပြုခြင်းက ပုံမှန် Chat History ထဲမှာ မပေါ်စေချင်တဲ့ မေးခွန်းတွေ အတွက် အသုံးဝင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါကလည်း အချက်အလက်တွေကို ချက်ချင်းပျောက်ကွယ်သွားစေတာမျိုး ဒါမှမဟုတ် ဘယ်လိုအခြေအနေမှာမှ အချက်အလက်တွေကို ပြန်ယူလို့မရနိုင်တော့ဘူးလို့တော့ မယူဆသင့်ပါဘူး။ ဒါကြောင့် ပြောစကားတွေကို ဖျက်ပစ်လို့ရတယ်ဆိုပေမယ့် အလွန်အရေးကြီးတဲ့ လျှို့ဝှက်အချက်အလက်တွေကို အစကတည်းက မထည့်သွင်းတာက ပိုမိုသင့်တော်တဲ့ ကာကွယ်ရေးနည်းလမ်းဖြစ်ပါတယ်။
လူအများက ChatGPT ကို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတယောက်လို သဘောထားပြီး ကိုယ့်ရဲ့ အတွင်းရေးတွေကို အသေးစိတ် ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ရှောင်ကြဉ်သင့်တဲ့ အချက်တွေ ရှိပါတယ်။
၁။ ဘဏ်အကောင့်နံပါတ်၊ ငွေကြေးဆိုင်ရာ လျှို့ဝှက်အချက်အလက်များ။
၂။ စကားဝှက်များ၊ အတည်ပြုကုဒ်များနဲ့ အကောင့်ဝင်ရောက်ဖို့ လျှို့ဝှက်အချက်အလက်များ။
၃။ မှတ်ပုံတင်နံပါတ်၊ နိုင်ငံကူးလက်မှတ်အချက်အလက်နဲ့ မလိုအပ်တဲ့ကိုယ်ရေးအချက်အလက်များ။
၄။ အခြားသူတွေရဲ့ဆေးမှတ်တမ်း၊ကိုယ်ရေးကိုယ်တာပြဿနာတွေနဲ့ လျှို့ဝှက်စာရွက်စာတမ်းများ။
၅။ကုမ္ပဏီရဲ့လျှို့ဝှက်လုပ်ငန်းအချက်အလက်များ၊ ဖောက်သည်စာရင်းများနဲ့ ခွင့်ပြုချက်မရှိတဲ့ စာရွက်စာတမ်းများ တို့ပဲ ဖြစ်ပါတယ်။
တကယ်လို့ ကျန်းမာရေး၊ ဥပဒေ ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အကြံဉာဏ်တောင်းချင်တယ်ဆိုရင် ကိုယ့်ရဲ့ အမည်၊ လိပ်စာ၊ အကောင့်နံပါတ်နဲ့ တခြား ကိုယ့်ကို ခွဲခြားသိရှိနိုင်တဲ့ အချက်အလက်တွေကို ဖယ်ရှားပြီးတော့ အထွေထွေအခြေအနေအဖြစ်နဲ့ မေးမြန်းကြဖို့ပါပဲ။
ဥပမာ “ကိုယ့်ရဲ့ ဘဏ်အကောင့်မှာ ငွေကျပ် ၁၀ သိန်းရှိပြီး အကောင့်နံပါတ်မှာ … ဖြစ်တယ်” လို့ မေးမယ့်အစား “လစဉ်ဝင်ငွေ ကျပ် ၁၀ သိန်းရှိသူတယောက် အတွက် အသုံးစရိတ်နဲ့ စုဆောင်းငွေကို ဘယ်လိုခွဲဝေသင့်သလဲ” ဆိုတာမျိုး မေးရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ လိုအပ်တဲ့ အကြံဉာဏ်ကို ရယူနိုင်သလို ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုလည်း လျှော့ချနိုင်ပါတယ်။
ကိုယ့်ရဲ့ ChatGPT အကောင့်ကို ပိုပြီးလုံခြုံအောင် လုပ်မယ်ဆိုရင် ပထမဦးဆုံး ChatGPT ရဲ့ Settings ထဲက Data Controls ကို ဝင်ရောက်စစ်ဆေးသင့်ပါတယ်။ အဲဒီထဲမှာရှိတဲ့ “Improve the model for everyone” ဆိုတဲ့ ရွေးချယ်စရာကို ပိတ်ထားလိုက်ရင် ကိုယ်ပြောဆိုထားတဲ့ ပြောစကားအသစ်တွေကို ChatGPT မော်ဒယ်တိုးတက်အောင် လေ့ကျင့်ရာမှာ အသုံးပြုခြင်းကနေ ရှောင်ရှားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြင်ဆင်တာက ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပေမဲ့ ပြောစကားတွေကို အလိုအလျောက် ဖျက်ပေးတာမျိုးတော့ မဟုတ်ပါဘူး။
ဒုတိယအနေနဲ့ ဖုန်းနဲ့အကောင့်ကိုလုံခြုံအောင် ထားရပါမယ်။အကောင့်ကို အခြားသူတွေ အလွယ်တကူ ဝင်ရောက်အသုံးပြုလို့မရအောင် လျှို့ဝှက်နံပါတ်ကို ခန့်မှန်းရခက်တဲ့ နံပါတ်နဲ့ စာလုံးတွေ ပေါင်းစပ်ပြီး သတ်မှတ်ထားသင့်ပါတယ်။ ဒါ့အပြင် နှစ်ဆင့်အတည်ပြုခြင်း (Two-factor authentication – 2FA) ကို ဖွင့်ထားမယ်ဆိုရင်အကောင့်ထဲဝင်တဲ့အခါ လျှို့ဝှက်နံပါတ်အပြင်နောက်ထပ်အတည်ပြုချက်တစ်ခုကိုပါ လိုအပ်စေတဲ့အတွက် လုံခြုံရေး ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် နှစ်ဆင့်အတည်ပြုခြင်းဟာ အကောင့်လုံခြုံရေးကို ပိုကောင်းစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပေမဲ့ လုံးဝအန္တရာယ်ကင်းသွားတယ်လို့တော့ မဆိုလိုပါဘူး။
တတိယအနေနဲ့ ChatGPT အကောင့်နဲ့ ချိတ်ဆက်အသုံးပြုထားတဲ့ အခြားအက်ပ်တွေ၊ ကိုယ်တခြားသူတွေကို ပေးထားတဲ့ ပြောစကားလင့်ခ်တွေကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ မလိုအပ်တော့တဲ့ အက်ပ်တွေကို အကောင့်နဲ့ ချိတ်ဆက်ထားတာကနေ ဖြုတ်ပစ်ပြီး၊ မျှဝေထားတဲ့ လင့်ခ်တွေထဲမှာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပါဝင်နေသလားဆိုတာကိုလည်း စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် ဘယ်အက်ပ်ကို ဘယ်လိုအချက်အလက်တွေ အသုံးပြုခွင့်ပေးထားသလဲဆိုတာကိုပါ ပြန်လည်စစ်ဆေးပြီး မလိုအပ်တဲ့ ခွင့်ပြုချက်တွေကို ပိတ်ထားရပါမယ်။
ငွေကြေးဆိုင်ရာ၊ အလုပ်ခွင်ဆိုင်ရာ လုံခြုံဖို့ ကာကွယ်ထားရမှာအပြင် မြန်မာနိုင်ငံအခြေအနေမှာ AI အသုံးပြုသူတွေ သတိပြုရမယ့်အချက်တွေ ရှိပါသေးတယ်။
မြန်မာနိုင်ငံမှာ အွန်လိုင်းလှုပ်ရှားမှုတွေနဲ့ ကိုယ့်ရဲ့နိုင်ငံရေးအမြင်တွေကြောင့် စောင့်ကြည့်ခံနေရတာမျိုးတွေ ရှိနေတတ်ပါတယ်။ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားတာနဲ့ ဒစ်ဂျစ်တယ်မှတ်တမ်းတွေကို စစ်ဆေးခံရတာတို့အတွက် စိုးရိမ်စရာတွေ ရှိနေပါတယ်။ ဒါကြောင့် ChatGPT လိုမျိုး AI တွေကို အသုံးပြုတဲ့အခါမှာ ကိုယ့်ရဲ့နိုင်ငံရေးအမြင်တွေ၊ ကိုယ်ရေးကိုယ်တာပြဿနာတွေနဲ့ အခြားသူတွေကိုပါ ဖော်ထုတ်သိသွားနိုင်စေမယ့် အချက်အလက်တွေကို ထည့်သွင်းရေးသားတာကို အထူးသတိထားရှောင်ကြဉ်ရပါမယ်။
ဥပမာအားဖြင့် နိုင်ငံရေးအခြေအနေတခုအကြောင်း မေးချင်တယ်ဆိုရင် ကိုယ့်ရဲ့အမည်၊ နေရပ်လိပ်စာ၊ အလုပ်ဌာန ဒါမှမဟုတ် အခြားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်သွင်းမဖော်ပြပဲချန်လှပ်ထားခဲ့သင့်ပါတယ်။ ဒီလိုပဲ အရေးကြီးတဲ့ ဓာတ်ပုံတွေ၊ စာရွက်စာတမ်းတွေနဲ့ ပြောစကားမှတ်တမ်းတွေကို AI စနစ်ထဲကို မတင်ခင် တင်မယ့်ထဲမှာ ဘယ်အချက်အလက်တွေ ပါဝင်နေတယ်ဆိုတာကို စစ်ဆေးရပါမယ်။
ပြောချင်တာ၊ သိချင်တာ မေးပြီးတဲ့အခါတိုင်း Data Controls ထဲက Clear chat history ကို အသုံးပြုပြီး ပြောစကားမှတ်တမ်းတွေကို ဖျက်လိုက်တာဟာ အကောင်းဆုံးပါ။ အဲဒီလို ဖျက်လိုက်ရင်တောင် အဲဒီမှတ်တမ်းတွေကို အာဏာပိုင်တွေ ဘယ်လိုအခြေအနေမှာမှ ရယူလို့မရတော့ဘူးလို့ အာမခံတာတော့ မဟုတ်ပါဘူး။ OpenAI ရဲ့ မူဝါဒအရ ဖျက်လိုက်တဲ့ ပြောစကားတွေကို ပုံမှန်အားဖြင့် ရက် ၃၀ အတွင်း စနစ်တွေကနေ အပြီးဖျက်ဖို့ စီစဉ်ထားပေမဲ့ ဥပဒေကြောင်းအရ ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ အခြေအနေတွေမှာ ခြွင်းချက်ရှိနိုင်ပါတယ်။
တစ်ဖက်မှာလည်း အာဏာပိုင်တွေက အချက်အလက်တောင်းဆိုလိုက်ရုံနဲ့ OpenAI က အချက်အလက်အားလုံးကို အလိုအလျောက် ပေးအပ်တယ်လို့တော့မဆိုလိုပါဘူး။ အချက်အလက်ပေးအပ်ခြင်း ရှိ၊ မရှိဟာ သက်ဆိုင်ရာဥပဒေနဲ့ တရားဝင်တောင်းဆိုမှု အခြေအနေတွေအပေါ် မူတည်ပါတယ်။
ဒါကြောင့် ChatGPT လို AI ဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုမလိုအပ်ဘဲ အများကြီး မထည့်သွင်းသင့်ပါဘူး။ဥပမာ အမည်အပြည့်အစုံ၊ အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ လျှို့ဝှက်နံပါတ်နဲ့ ကိုယ်တိုင်ဖြစ်စေ၊ အခြားသူတွေဖြစ်စေထိခိုက်နစ်နာစေနိုင်တဲ့ အရေးကြီးအချက်အလက်တွေကို မျှဝေမိခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
အွန်လိုင်းဝန်ဆောင်မှုတစ်ခုမှာ အချက်အလက်တွေ ထည့်သွင်းပြီးသွားတဲ့အခါ အဲဒီအချက်အလက်တွေကို ဘယ်လိုသိမ်းဆည်းထားသလဲ၊ ဘယ်သူတွေ ဝင်ရောက်ကြည့်ရှုနိုင်သလဲ၊ ဘယ်အချိန်မှာ ဖျက်ပစ်မလဲဆိုတာကို ကိုယ်တစ်ယောက်တည်းက အပြည့်အဝ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မျှဝေမယ့်အချက်အလက်တစ်ခုချင်းစီကို ကြိုတင်စဉ်းစားပြီး မလိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေကို ချန်လှပ်ထားတာက ပိုပြီးလုံခြုံတဲ့ နည်းလမ်းဖြစ်ပါတယ်။
AI ကို မကြောက်ပါနဲ့၊ ဒါပေမယ့် သတိရှိရှိ အသုံးပြုပါ။ ChatGPT က ပညာသင်ယူခြင်း၊ စာရေးသားခြင်း၊ ဘာသာပြန်ခြင်းနဲ့ နေ့စဉ်ပြဿနာတွေကို ဖြေရှင်းတာမှာ အလွန်အသုံးဝင်တဲ့ နည်းပညာတခုဖြစ်ပါတယ်။ ဒါပေမယ့် အသုံးဝင်တယ်ဆိုတာမှာ လျှို့ဝှက်ချက်အားလုံးကိုမျှဝေသင့်တယ်လို့ဆိုလိုခြင်းမဟုတ်ပါ။
The Washington Post ရဲ့ဆောင်းပါးက သတိပေးထားတဲ့ အဓိကအချက်မှာ AI နဲ့ ပြောဆိုထားတဲ့ စကားတွေဟာ အချို့အခြေအနေတွေမှာ စက်ပစ္စည်းစစ်ဆေးမှု၊ အလုပ်ခွင်စီမံခန့်ခွဲမှုဒါမှမဟုတ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကြောင့် အခြားသူတွေ သိရှိသွားနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ChatGPT ကို အသုံးမပြုဘဲ နေခြင်းထက် ဘယ်အချက်အလက်ကို မျှဝေသင့်တယ်၊ ဘယ်အချက်အလက်ကို မျှဝေတာကနေ ရှောင်ကြဉ်သင့်တယ်ဆိုတာကို သိရှိထားတာက ပိုမိုအရေးကြီးပါတယ်။
နည်းပညာတစ်ခုကို အကျိုးရှိရှိ အသုံးပြုနိုင်တာက အဲဒီနည်းပညာရဲ့ အားသာချက်တွေကို သိရှိတာသာမက အန္တရာယ်တွေကိုလည်း နားလည်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ခြင်းဖြစ်ပါတယ်။ AI ခေတ်မှာ ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ကာကွယ်တာဟာ နည်းပညာကျွမ်းကျင်သူတွေအတွက်သာ မဟုတ်ဘဲ ChatGPT ကို အသုံးပြုနေသူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာတစ်ရပ်ဖြစ်ပါတယ်။ ။
ကိုးကား-The Washington Post


















































