ရွှေပြည်စိုး/People’s Spring
နာမည်ကြီးပရဟိတအမည်ခံလူမိုက်တွေဟာဧရာဝတီတိုင်းအတွင်းက ရေဘေးသင့် မြို့နယ်တွေမှာ စစ်တပ်သတင်းပေးတွေနဲ့ပေါင်းပြီး စီးပွားရှာသွားခဲ့ကြသလို ဒေသတွင်းက ဘုန်းကြီးတစ်ပါးရဲ့အားကိုးနဲ့ တလွဲဂုဏ်သတင်းကြီးနေပါတယ်။
လူမိုက်အဖွဲ့အချို့အပါအဝင် ဧရာဝတီရေဘေးကို လာရောက်ကူညီတဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ပရဟိတသမားတွေကို ဒေသတွင်း နွားဦးတိုက်ဆရာတော်လို့ လူသိများတဲ့ ဘုန်းကြီးနဲ့ ဌာနဆိုင်ရာတွေက ပရဟိတထူးချွန်ဆုတွေပေးလိုက်ပါတယ်။
အသတ်ခံရလို့သေဆုံးသွားတဲ့ အင်းစိန်လူမိုက် ကျော်ဝင်းစိန်ရဲ့ တပည့်ဖြစ်တဲ့ လှိုင်သာယာကိုကြီးဆိုသူအပါအဝင် အလှူရှင်တွေရဲ့ပိုက်ဆံနဲ့ ဧရာဝတီရေဘေးကို လာရောက်ကူညီတဲ့သူတွေကို နွားဦးတိုက်ဆရာတော်က အောက်တိုဘာလ ၃ ရက်နေ့မှာ ပရဟိတထူးချွန်ဆုပေးခဲ့ပါတယ် ။ဒါ့အပြင်ရေကြည်မြို့နယ်ထွေရုပ်ရုံးကလည်းအောက်တိုဘာလ ၄ ရက်နေ့မှာဂုဏ်ပြုခဲ့ပြန်ပါတယ်။ ဂုဏ်ပြုပွဲလို လူမသိပေမယ့် ရန်ကုန်ကဆင်းလာတဲ့ပရဟိတအမည်ခံလူမိုက်တချို့က ဧရာဝတီတိုင်းမှာ ငွေတွေဘယ်လိုရှာခဲ့သလဲဆိုတာကိုသိဖို့ ဆက်လက်ပြောပြပေးပါမယ်။

Public Service Announcement
နွားဦးတိုက်ဆရာတော်လို့ လူသိများတဲ့ အရှင်ဉာဏာလင်္ကာရဟာ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ဇရစ်ရိုးကျေးရွာဘုန်းကြီးကျောင်းမှာသီတင်းသုံးပါတယ်။ သူစီစဉ်တဲ့ တရားပွဲတွေမှာ နွားတစ်ကောင် ဆွဲခေါ်လာပြီး ဘုန်းကြီးတွေကို ဦးတိုက်ခိုင်းတာကနေ နွားဦးတိုက်ဆရာတော်လို့ လူသိလာတာပါ။ တရားဟောရင်လည်း ရယ်စရာပြက်လုံးတွေနဲ့ ဟောလို့ သဘောကျသူတွေရှိသလို ဝိနည်းနဲ့မညီဘဲဟောတာလို့ ဝေဖန်နေကြသူတွေလည်းရှိပါတယ်။ စေတီနဲ့ ရုပ်ပွားတော်တွေတည်ပြီး အလှူခံနေသလို အဆောင်ယတြာတွေပေးပြီး ငွေကြေးလက်ခံရယူနေပါတယ်။ သူတရားဟောနေစဉ် အသံဆူနေတဲ့ ကလေးငယ်တွေကို မဆူဖို့ သတိပေးတာမှာ မြွေကိုက်ကိုက်၊ မြေမြိုမြို တရားပွဲပြီးမှ လာဆူညံဖို့ ပြောတာလည်းတွေ့ရပါတယ်။ ကလေးတွေကို သေချင်းဆိုးလေးတွေလို့လည်း တရားဟောပုလ္လင်ပေါ်ကနေ ပြောပါတယ်။ သူ့မိခင်ဟာ မွန်တိုင်းရင်းသူတစ်ဦးဖြစ်ပြီး ချောမောလှပကြောင်းလည်း ဟောပါတယ်။
နွားဦးတိုက်ဆရာတော်ကလှိုင်သာယာကိုကြီးဆိုသူအပါအဝင် အာဏာသိမ်းစစ်တပ်လက်ထက်နာမည်ကြီးလာတဲ့ပရဟိတအဖွဲ့တွေကို ပရဟိတထူးချွန်ဆုပေးတဲ့လုပ်ရပ်ဟာ ဘာသာရေးကိုအသုံးချပြီးအလှူခံဖို့နဲ့ ဩဇာကြီးဖို့ ကြိုးပမ်းနေတာလို့ ဝေဖန်သူတွေရှိပါတယ်။
“ကျနော်တို့ဒေသက ရှက်ဖို့ကောင်းတယ်။ ရေဘေးကို လာလှူတဲ့အထဲမှာပရဟိတအယောင်ဆောင်တွေပါလာတယ်။ ဒီလူတွေကို အခမ်းအနားလုပ် ဂုဏ်ပြုပြီး ဘာသာရေးကို ဗန်းပြလုပ်စားနေကြတယ်”လို့ ဧရာဝတီတိုင်းဒေသခံတစ်ဦးကပြောပါတယ်။
ရိုးသားတဲ့တောသူတောင်သားတွေဟာ လူလည်တွေရဲ့ အသုံးချခံဖြစ်နေတယ်လို့ မြို့ပြမှာနေတဲ့ဒေသခံ တွေကပြောပါတယ်။
ဧရာဝတီတိုင်းလေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကရေကာတာကျိုးပေါက်ပြီး လေးမျက်နှာ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းနဲ့ ဘေးပတ်ဝန်းကျင် မြို့နယ်တွေမှာ ရေဘေးကြုံတွေ့ခဲ့ပါတယ်။ အဲဒီရေဘေးကို အာဏာသိမ်းစစ်တပ်လက်ထက်နာမည်ကြီးလာတဲ့ ပရဟိတအဖွဲ့အချို့အပြင် ဒေသအသီးသီးက လူမှုရေးအဖွဲ့တွေနဲ့ ပြည်သူတွေက လာရောက်ကူညီခဲ့ကြပါတယ်။
ရေဘေးကိုလာကူညီတယ်လို့အကြောင်းပြပြီးရောက်လာတဲ့လူမိုက်အဖွဲ့အချို့ဟာ မြို့ပေါ်ကလူသူများတဲ့နေရာတွေမှာ Tiktok ဆော့ပြပြီး အလှူခံခဲ့ကြပါတယ်။ဆိုးရွားတဲ့ရေဘေး အရေးပေါ်အခြေအနေမှာရောက်လာတဲ့လူ
စွမ်းကောင်းတွေအဖြစ်အချိန်ကိုက်ပုံဖော်နိုင်ခဲ့ကြပါတယ်။ သူတို့ဟာ ကျောသားရင်သား မခွဲခြားတဲ့ပရဟိတသမားတွေအဖြစ် လူမှုကွန်ရက်ပေါ်မှာအာပေါင်းအာရင်းသန်သန်ပြောနေကြပေမယ့် ကူညီထောက်ပံ့ရေးတွေလုပ်တဲ့အခါမှာတော့ စစ်တပ်အလိုကျလုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။
ဧရာဝတီတိုင်းရေဘေးကြုံတွေ့နေစဉ်မှာပဲ စစ်ကိုင်းတိုင်းမှာလည်း သဖန်းဆိပ်ဆည်ကိုစစ်တပ်က အသိမပေးဘဲဖောက်ချလို့ ဒေသခံတွေဟာ ဆိုးရွားတဲ့ ရေ ဘေးကြုံတွေ့ခဲ့ကြရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီလက်ထက် နာမည်ကြီးပရဟိတသမားအများစုဟာ စစ်ကိုင်းတိုင်းကိုတော့ မသွားခဲ့ကြပါဘူး။ အနည်းစုပဲမြို့ပေါ်ကိုပဲလာရောက်ခဲ့ကြပြီး အမှန်တကယ်ရေဘေးသင့်တဲ့ ဒေသတွေကို မျက်နှာလွှဲထားခဲ့ကြပါတယ်။သူတို့က ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ လှူရင်း စစ်တပ်သတင်းပေးတွေနဲ့ပေါင်းပြီး စီးပွားရှာသွားခဲ့ကြပါတယ်။ဒေသခံအချင်း ချင်းဖြစ်ပွားတဲ့ငွေကြေးပြဿနာတွေကို အခကြေးငွေယူပြီး လူမိုက်ဆန်ဆန်ဖြေရှင်းသွားကြတာပါ။
“ဘောလုံးပွဲလောင်းတာနဲ့ နှစ်လုံး၊သုံးလုံးကစားပြီး ငွေသိန်းထောင်ချီဖြစ်တဲ့ အကြွေးကိစ္စတွေကို လူမိုက်အဖွဲ့ခေါ်ရှင်းတော့မှရတယ်။ သိန်း ၁,၀၀၀ ရရင် သူတို့ကို သိန်း၅၀၀ ပေးရတယ်”လို့ ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောပါတယ်။
အဲဒီလူမိုက်အဖွဲ့တွေဟာ သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ရဲတပ်ဖွဲ့တွေ၊ စစ်တပ်သတင်းပေးတွေနဲ့ကြိုတင်ချိတ်ဆက်ထားနိုင်ကြပါတယ်။ အကြွေးပေးရမယ့်သူရှိရာကို သေချာစုံစမ်းပြီး ပြေးပေါက်ပိတ်လိုက်ကြပါတယ်။ ပိုင်ပြီဆိုမှ အလုပ်လက်ခံပြီး သိန်းရာထောင်ချီရရှိသွားကြပါတယ်။
” ရဲတွေက သိသိကြီးနဲ့လွှတ်ထားတာ။ အဲဒီလူမိုက်တွေက ပေးရင်ပေး၊ မပေးရင်အသတ်ခံရမယ်လို့ ခြိမ်းခြောက်ပြီးငွေတောင်းတာ။ ကြောက်စရာအရမ်းကောင်းတယ်”လို့ ရေကြည်မြို့မှာနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ပရဟိတခရီးအကြောင်းပြပြီး ရောက်လာတဲ့လူမိုက်အဖွဲ့တွေအပါအဝင် နွားဦးတိုက်ဆရာတော်နဲ့ စစ်ကောင်စီက ဂုဏ်ပြုသူဆယ်ဦးထက်မနည်းရှိပါတယ်။ Tiktokနဲ့ လူမှုကွန်ရက်တွေမှာ အမည်အမျိုးမျိုးနဲ့ အကောင့်ဖွင့်ထားတဲ့ ပရဟိတအရေးလုပ်ဆောင်နေသူတွေလည်း ပါဝင်ပါတယ်။ တချို့အကောင့်တွေဆိုရင် မြန်မာစာလုံးပေါင်းတောင် မမှန်ပါဘူး။ စစ်တပ်နဲ့နီးစပ်တဲ့ဒေသခံတွေက အဲဒီပရဟိတလုပ်သူတွေနဲ့ဓာတ်ပုံတွဲရိုက်ပြီး လူမှုကွန်ရက်ပေါ် ထပ်ဆင့်ဖြန့်ဝေပြီး ဝါဒဖြန့်နေကြပါတယ်။
အမှန်တကယ်ပရဟိတလုပ်သူတွေကို ဂုဏ်ပြုတာလို့ နွားဦးတိုက်ဆရာတော်က လူမှုကွန်ရက်ပေါ်မှာပြောခဲ့တဲ့အပေါ် စစ်တပ်ထောက်ခံတဲ့ ပျူစောထီးဘုန်းကြီး ပေါက်ကိုယ်တော်ကတောင် မကျေနပ်ကြောင်းတုန့်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းရေဘေးဟာ လက်ရှိမှာ ရေပြန်ကျသွားပေမယ့် အပျက်အစီးများပြားခဲ့တဲ့အတွက် ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရေဘေးအကြောင်းပြပြီး ပရိဟတအမည်ခံလူမိုက်အဖွဲ့တွေနဲ့အတူ စစ်ကောင်စီလည်းစီးပွားဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်ဦးအေးကျော်ကရေဘေးကူညီရေးကို အကြောင်းပြပြီး ဓနုဖြူ၊ ညောင်တုန်း၊ပုသိမ်၊ကျုံပျော်၊ ဟင်္သာတနဲ့ လေးမျက်နှာမြို့တွေမှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တရုန်းရုန်း ဖြစ်နေခဲ့ပါတယ်။ ဝာာကျိုးပေါက်မှာသုံးတဲ့ ယန္တရားတွေ၊သံထည်တွေအတွက် စီးပွားရေးသမားတွေနဲ့ အကျိုးစီးပွား အပေးအယူရှိနေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။
အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဩဂုတ်လအတွင်းက ဧရာဝတီတိုင်းခရီးစဉ်မှာ ခရိုနီတွေလိုက်လာပြီး လှူဒါန်းတဲ့ ဘီလီယံချီတဲ့ အလှူငွေတွေကို ဘယ်နေရာတွေမှာသုံးစွဲတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ ဒေသခံရေ ဘေးသင့်ပြည်သူတွေဟာစစ်တပ်ထံကနေ အနည်းငယ်သော အကူအညီတွေသာရခဲ့တယ်လို့ ပြောကြပါတယ်။လက်ရှိမှာဒေသခံတွေဟာ ပြန်လည်ထူထောင်ရေးအတွက် အသက်ရှူကျပ်နေကြဆဲဖြစ်ပါတယ်။
ရေဘေးကိုအသုံးချပြီး သြဇာအာဏာနဲ့ အကျိုးစီးပွားတည်ဆောက်သွားသူတွေအကြောင်း ဧရာဝတီတိုင်းဒေသခံတွေက တိုးတိုးတိတ်တိတ်ဝေဖန်နေကြဆဲဖြစ်ပါတယ်။ စစ်ကောင်စီနဲ့နီးစပ်သူအချင်းချင်းဖြစ်တဲ့အတွက် နွားဦးတိုက်ဆရာတော်ကို ပေါက်ကိုယ်တော်က ပျစ်ပျစ်နှစ်နှစ်ပေါ်ပေါ်တင်တင်ဝေဖန်ထားပါတယ်။
ပရဟိတ ထူးချွန်သူအဖြစ် ဂုဏ်ပြုမခံရသူတွေဟာအမှန်တကယ်ပရဟတလုပ်နေသူတွေမဟုတ်ဘူးလို့ စွပ်စွဲသလို ဖြစ်နေတဲ့အတွက် နွားဦးတိုက်ဆရာတော်ဟာ မိန်းမလိုမိန်းမရစကားပြောတာလို့ ပေါက်ကိုယ်တော်က ပြောဆိုထားပါတယ်။ လက်ရှ်ိမှာတော့ ပရဟိတအမည်ခံလူမိုက်အဖွဲ့အချို့ဟာ နွားဦးတိုက်ဆရာတော်ရဲ့အနီးမှာ ရေဘေးကယ်ဆယ်ရေးအကြောင်းပြပြီး ရှိနေပါသေးတယ်။ နွားဦးတိုက်ဆရာတော်ကလည်း သူတည်ဆောက်မယ့်စေတီနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေအတွက် အလှူခံနေဆဲဖြစ်ပါတယ်။



















































