အောက်တိုဘာ-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဝန်းသိုနဲ့ ဗန်းမောက်မြို့နယ်ကြားက ကျေးရွာတစ်ရွာအနီးမှာအောက်တိုဘာ ၁၄ရက်ညပိုင်းက တိုက်ပွဲဖြစ်ခဲ့တာလို့ ဗန်းမောက်မြို့ခံတချို့က ပြောပါတယ်။
“ရှမ်းနီက စစ်ကြောင်းထွက်လာတာ။ထိတွေ့တိုက်ပွဲမျိုး။ဒီနေ့မနက်လည်း ပစ်ခတ်သံကြားရတယ်။ ဝန်းသိုဖက်က စစ်ကြောင်းသတင်းတွေလည်း တနယ်လုံးနားစွင့်နေရတယ်”လို့ ဗန်းမောက်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
တိုက်ပွဲအခြေအနေအသေးစိပ်ကိုတော့မသိရသေးပါဘူး။
အင်းတော်မြို့ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာဝန်းသိုမြို့နယ်ကိုရောက်နေပြီး ဝန်းသိုမြို့ဘက်ကိုဦးတည်နေသလိုဗန်မောက်မြို့ဘက်ကိုလည်းလာနိုင်တယ်လို့လည်းတော်လှန်ရေးတပ်တွေက ခန့်မှန်းထားပါတယ်။ အဲဒီစစ်ကြောင်းတွေကို အင်းတော်မြို့နယ်တောင်ပိုင်းမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာကြောင့် သေဆုံးဒဏ်ရာရသူများပြီး စစ်တပ်က သေဆုံးဒဏ်ရာရသူတွေကို ကားတန်းနဲ့သယ်ထုတ်သလို စစ်ကူတွေကိုလည်းဆက်တိုက်ဖြည့်ခဲ့တယ် လို့မြေပြင်စစ်ရေးအခြေအနေသိတဲ့စစ်ရေးရင်းမြစ်အချို့ကပြောပါတယ် ။
ဗန်းမောက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ စီးမော်၊ နားမော်၊ပေပင်၊ ကျောက်အိုင်ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ စတင်တိမ်းရှောင်နေတယ်လို့သိရပါတယ်။
“စစ်ကြောင်းက ဘယ်ကို ခွဲထွက်မလဲမသိနိုင်ဘူး။ဝန်းသို့ကစကစတပ်တွေရော၊ဗန်းမောက်က တပ်တွေရောကတော့ တလှုပ်လှုပ်ပဲ။ ဒေသခံတွေကတော့ တိမ်းရမှာ”လို့ ဗန်းမောက်မြို့ခံက ပြောပါတယ်။
ဒေသတွင်းမှာစစ်တပ်ကနယ်မြေထိန်းချုပ်စိုးမိုးနိုင်ရေး ကြိုးပမ်းနေပြီး လေကြောင်းကနေ အချိန်မရွေးပစ်ခတ်နိုင်တာကို သတိပြုဖို့နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကိုသတိပြုဖို့ ကောလင်းခရိုင် ၊ အမှတ်(၄)တပ်ရင်းက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
လူမှုကွန်ရက်သုံးစွဲမှုကို ဂရုပြုဖို့၊ လူစုလူဝေးနေထိုင်မှုကို ရှောင်ရှားပေးဖို့နဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ ဝေးရာမှာနေထိုင်ကြဖို့အပြင် အရေးပေါ်အခြေအနေကြုံတွေ့လာခဲ့ရင် တည်ငြိမ်စွာဖြေရှင်းဖို့နဲ့ လိုအပ်တဲ့အကူအညီတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ ဆက်သွယ်တောင်းခံဖို့လည်း အသိပေးထားပါတယ်။

















































