Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကင်မ်ဂျုံအွန်း ပိုင်ဆိုင်တယ်လို့ ယုံကြည်ရတဲ့ ဇိမ်ခံသင်္ဘောကြီး တစ်စီးရဲ့ ဂြိုဟ်တုဓာတ်ပုံ ထွက်ပေါ်လာ

မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်း ပိုင်ဆိုင်တယ်လို့ ယုံကြည်ရတဲ့ ဇိမ်ခံသင်္ဘော တစ်စီးရဲ့ ဓာတ်ပုံကို ဂြိုဟ်တုကနေ ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။

ဓာတ်ပုံ - Vantor/BBC

မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်း ပိုင်ဆိုင်တယ်လို့ ယုံကြည်ရတဲ့ ဇိမ်ခံသင်္ဘော တစ်စီးရဲ့ ဓာတ်ပုံကို ဂြိုဟ်တုကနေ ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။

BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဒီ ရေယာဉ်ဟာ ဇူလိုင် လကုန်ပိုင်းလောက် ကတည်းက ဝန်ဆန်းမှာရှိတဲ့ ကင်မ်ရဲ့ မိသားစုပိုင် ဇိမ်ခံအပန်းဖြေ စံအိမ်နားက ကမ်းလွန်ရေပြင်မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ဝန်ဆန်းက လှပသာယာတဲ့ ကမ်းခြေတဝိုက်မှာ ကင်မ်နဲ့ မိသားစုဟာ အဓိကအားဖြင့် နွေရာသီ ကာလတွေမှာ သွားရောက် အပန်းဖြေလေ့ ရှိပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့က BBCရဲ့ သတင်းမှာတော့ အဲဒီ သင်္ဘောဟာ ကိုယ်ထည်အရှည် မီတာ ၈၀ လောက်ရှိပြီး သင်္ဘောပေါ်မှာ မီတာ ၅၀ ရှည်လျားတဲ့ ရေကူးကန်ပါ တည်ဆော်ကထားကြောင်း ဖော်ပြ ပါရှိပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေ အရတော့ အဲဒီရေယာဉ်ဟာ ဇိမ်ခံရွက်လှေ ပုံစံမျိုးထက် ရေနံတင်သင်္ဘော၊ ကုန်တင်သင်္ဘောဆန်ဆန် ကိုယ်ထည်ရှည်ရှည်လျားလျား တည်ဆောက်ထားတာကို မြင်ရပါတယ်။ သင်္ဘောရဲ့ အစွန်းတစ်ဖက်မှာတော့ ရေလွှာလျှောတွေလည်း တပ်ဆင် တည်ဆောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

BBCဟာ မီတာ ၅၀ နဲ့ ၆၀ ကြား အရှည်ရှိတဲ့ နောက်ထပ် အပန်းဖြေ ဇိမ်ခံသင်္ဘော ၃ စီးရဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ပြီး အဲဒီရေယာဉ်တွေဟာလည်း ကင်မ်ရဲ့ မိသားစုနဲ့ ဆက်နွှယ် ပတ်သက်နိုင်တယ်လို့ ဆိုပါတယ်။

သင်္ဘော ၄ စီးစလုံးဟာ ဝန်ဆန်းတဝိုက် ရေပြင်မှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ခုတ်မောင်းသွားလာမှုတွေ ရှိခဲ့ပါတယ်။ မီတာ ၈၀ ရှည်တဲ့ အကြီးဆုံး သင်္ဘောပေါ်မှာတော့ မီတာ ၃၀ ရှည်လျားတဲ့ ရေကူးကန်အပြင် အဲဒီ ရေကူးကန်နဲ့ လိုက်လျောညီထွေဖြစ်အောင် တပ်ဆင်ထားတဲ့ ရေလွှာလျှောတွေကိုပါ တွေ့နေရတာပါ။

ပုဂ္ဂလိက ဂြိုဟ်တု ဓာတ်ပုံ အချက်အလက် ကုမ္ပဏီဖြစ်တဲ့ Planet Labs and Vantorက မီတာ ၈၀ ရှည်တဲ့ ရေယာဉ်ဟာ ဝန်ဆန်းက သင်္ဘောကျင်း တစ်ခုမှာ မနှစ်က အောက်တိုဘာကနေ အခုနှစ် ဇွန်လထိ ရှိနေခဲ့တာကို အတည်ပြုခဲ့ပြီး ဇူလိုင် လဆန်းမှာတော့ ကင်မ်ရဲ့ အပန်းဖြေ စံအိမ်နားက ရေပြင်တဝိုက်ကို ပထမဆုံးအကြိမ် ရောက်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အောက်တိုဘာ လလယ်ထိ အဲဒီရေပြင်နားမှာ ရေယာဉ်ကို မကြာခဏ တွေ့ရှိနေခဲ့တာပါ။

BBCက အဲဒီရေယာဉ်တွေရဲ့ အရွယ်အစားဟာ ဒေါ်လာ သန်း ၁၀၀ ကျော်လောက် အကုန်အကျခံ ဆောက်လုပ်ကြတဲ့ ဇိမ်ခံ ရွက်လှေကြီးတွေနဲ့ တူညီနေတယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ အဲဒီရေယာဉ်တွေရဲ့ အမှန်တကယ် ကုန်ကျစရိတ် တိတိကျကျကိုတော့ မသိရပါဘူး။ မြင်သာတဲ့ ဥပမာ တစ်ခုအဖြစ် မနှစ်က ဇူလိုင်လတုန်းက ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က မြောက်ကိုရီးယားကို လာရောက် လည်ပတ်ချိန် ကင်မ်ဂျုံအန်း အသုံးပြုခဲ့တယ်ဆိုတဲ့ ၂၉ မီတာရှည်တဲ့ Princess Yacht ဇိမ်ခံလှေဟာ ဒေါ်လာ ၇ သန်းလောက် တန်ဖိုးရှိပါတယ်။

မြောက်ကိုရီးယား ပြည်သူတွေရဲ့ လူနေမှုဘဝနဲ့ စီးပွားရေး အခြေအနေတွေ ကျပ်တည်းခက်ခဲနေချိန်မှာ ကင်မ်ရဲ့ မိသားစုဟာ အခုလိုမျိုး တန်ဖိုးကြီး ဇိမ်ခံသင်္ဘောကြီးတွေ ပိုင်ဆိုင်နေသလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာ အခြေအနေ ဖြစ်နေပါတယ်။ သင်္ဘောတွေကို ကင်မ်ရဲ့ မိသားစုက ပိုင်ဆိုင်ပါတယ်ဆိုတဲ့ တရားဝင် အထောက်အထား မရှိပေမယ့် ဆိုက်ကပ်ထားရာ ရေပြင်ဟာ ကင်မ်ရဲ့ မိသားစု အဓိက အပန်းဖြေ နေထိုင်ရာ နေရာ ဖြစ်နေပါတယ်။ ပြီးတော့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ကြုံနေတဲ့တိုင် အခုလို ရေယာဉ်တွေ တည်ဆောက်ဖို့ အဆင့်မြင့်၊ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေ မြောက်ကိုရီးယားကို ဆက်လက် စီးဝင်နေတယ်ဆိုတဲ့ အချက်ကလည်း ပေါ်လွင်လာပါတယ်။

လေ့လာသူတွေကတော့ လူထုဘဝ အကျပ်အတည်းတွေ အများကြီး ကြုံတွေ့နေတဲ့ မြောက်ကိုရီးယားမှာ အခုလို တန်ဖိုးကြီး ရေယာဉ်တွေကို မြင်တွေ့ရခြင်းက အောက်ခြေ လူထုနဲ့ အဆင့်အမြင့်ဆုံး အာဏာပိုင်တွေကြားက ကွာဟချက်တွေ ဘယ်လောက် ကြီးမားသလဲဆိုတာ မြင်သာစေတဲ့ ညွှန်ကိန်းတစ်ခု ဖြစ်လာကြောင်း ထောက်ပြထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဦးနှောက်ထဲမှာ ပြင်းထန်တဲ့ သွေးယိုစီးမှုကြောင့် သတိလစ်ပြီး ဆေးရုံတက်နေရတယ်၊ ဒါမှမဟုတ် သေတောင် သေသွားလောက်ပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ လူမြင်ကွင်းရှေ့ကို အလုံးလိုက် အထည်လိုက် ပြန်ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီးပြီဆိုတဲ့ သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ ပေးပို့တဲ့ မွေးနေ့ ဆုမွန်ကောင်းတောင်း သဝဏ်လွှာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက သူ့ရဲ့ အစိုးရဟာ ရုရှားကို မယိမ်းမယိုင် ဆက်လက် အားပေး ထောက်ခံနေမယ်လို့ ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။