အောက်တိုဘာ-၂၀၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာတာကြောင့် လေကြောင်းပစ်ကူသုံးဗုံးကြဲခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
အောက်တိုဘာလ၂၀ရက်မနက် ၄နာရီခန့်ကစပြီး လက်နက်ကြီးပစ်ခတ်သံတွေ ကြားရသလို ပေါက်ကွဲသံတွေကိုညပိုင်းအထိကြားနေရတယ်လို့ သတင်းရင်းအမြစ်တွေကပြောပါတယ်။
” ဗန်းမော်နဲ့ မိုးမောက်ကြားက ၃ မိုင်မှာချနေတယ်။အဲဒီတိုက်ပွဲမှာစစ်တပ်ဘက်ကအသေအဆုံးများတယ်ကြားတယ်။အခုညလည်းလက်နက်ကြီးတွေပစ်ခတ်သံ ခဏခဏကြားနေရတယ်”လို့ ဗန်းမော်မြို့အပြင်ဘက်မှာ စစ်ဘေးရှောင်နေတဲ့ဒေသခံတဦးက ည ၈နာရီခန့်မှာပြောပါတယ်။

Public Service Announcement
စစ်တပ်ကလေကြောင်းပစ်ကူပေး ဗုံးကြဲတာကို ဒီနေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာလုပ်ခဲ့တာလို့ သိရပါတယ်။
ကချင်စစ်ရေးသတင်းတွေကိုဖော်ပြနေတဲ့ KIA နဲ့ နီးစပ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဗန်းမော်မြို့ကို KIA နဲ့ မဟာမိတ်တွေက စစ်မျက်နှာ ခုနစ်ခုနဲ့ ပြန်လည်ထိုးစစ်ဆင်နေပြီလို့ ရေးသားထားကြပါတယ်။ဗန်းမော်နဲ့ မိုးမောက်မြို့ဟာ ဆယ်မိုက်ခန့်ဝေးပြီး တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့ ကုန်သွယ်ရေးလမ်းပေါ်မှာ ရှိနေပါတယ်။
မိုးမောက်မြို့ကို KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်၊သြဂုတ်လမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၄ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပါတယ်။ မြို့ကို မသိမ်းနိုင်သေးပေမယ့် စကခ (၂၁)အပါအဝင် စစ်တပ်ရင်းတွေကို KIA၊KPDF ပူးပေါင်းတပ်တွေက ဝ်ိုင်းပတ်ပိတ်ဆို့ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ထဲမှာ KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ရေယာဥ် အစီးရေ ၁၀ စီးကျော်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နှစ်မြှပ်ခဲ့ပြီး စစ်သင်္ဘော အချို့ လက်နက်ချခဲ့ကာစစ်သုံ့ပန်း ၁၉၀ ကျော်ဟာ KIA၊KPDFထံ အလင်းဝင်ခဲ့ပါတယ်။
ဗန်းမော်က စစ်တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ကြေးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အမြှောက်အပါအဝင်လက်နက်ခဲယမ်းတွေစစ်တပ်ကဆုံးရှုံးခဲ့ပါတယ်။ စစ်သင်္ဘောအချို့ကတော့ ဗန်းမော်မြို့ကိုရောက်ရှိသွားတယ်လို့သတင်းရရှိပါတယ်။စစ်ရေယာဥ်အချို့ ဗန်းမော်ရောက်ပြီးနောက်ပိုင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။




















































