အောက်တိုဘာ-၁၆၊၂၀၂၆။ဇော်၀င်း/People’s Spring
ပြင်ပ ငွေကြေးဈေးကွက်မှာ ဒေါ်လာအပါအ၀င်နိုင်ငံခြားငွေလဲနှုန်းတွေ အတက်အကျမြန်နေပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ ဒေါ်လာ၊ဘတ်၊ရင်းဂစ်၊စင်ကာပူဒေါ်လာ၊ယွမ်အပါအ၀င် နိုင်ငံခြားငွေလဲနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဒီကနေ့(အောက်တိုဘာ ၁၆ ရက်)မှာ အနည်းငယ်ဈေးပြန်ကျနေပါတယ်။
“ဗဟိုဘဏ်ဆီက ဘတ်ဂျက်လိုငွေ ချေးမယ့်နောက်ပိုင်းကျပ်ငွေတန်ဖိုးလျော့ပြီး နိုင်ငံခြားငွေလဲဈေးတွေ မြင့်လာတာပေါ့။ချေးဖို့အတည်ပြုတဲ့ မနေ့ကဆို တော်တော်သိသာတယ်။အခု ကျတယ်ဆိုတာလဲ မနေ့က အတက်ဈေးကို ပြန်ညှိတဲ့သဘောပါပဲ။ကျပ်ငွေအသစ်တွေ ဖြည့်ပေးလာရင် ဈေးကွက်ထဲ ကျပ်ငွေပိုများလာပြီး ဒေါ်လာဝယ်လိုအား တိုးလာမှာပါ။ဒေါ်လာဈေးတက်လာပါလိမ့်မယ်”လို့ငွေကြေးဈေးကွက်စောင့်ကြည့်သူတဦးက ပြောပါတယ်။စစ်တပ်လွှတ်တော်မှာ စစ်အုပ်စုက ဘတ်ဂျက်လိုငွေ အတွက် ကျပ်ဘီလီယံ ၂၁၀၀ ကို ဗဟုတ်ဘဏ်ကချေးမယ် (တနည်းအားဖြင့် ) ငွေစက္ကူအသစ်ရိုက်ထုတ်ဖို့ သဘောတူ အတည်ပြုလိုက်တာကြောင့် ကျပ်ငွေတန်ဖိုးပိုကျလာတာဖြစ်ပါတယ်။

Public Service Announcement
အောက်တိုဘာ ၇ ရက်ကတည်းက တစ်ဒေါ်လာငွေလဲနှုန်း ၄,၅၀၀ ကျပ်ဖြစ်ခဲ့ပြီးအောက်တိုဘာ ၁၅ ရက်မှာ ၄,၇၅၀ ကျပ်အထိရှိခဲ့ပါတယ်။
ထိုင်းဘတ်ငွေဈေးကလည်း တစ်ဘတ်ကို ကျပ် ၁၃၀ ကနေ ကျပ် ၁၄၀ နီးပါးထိ တက်ခဲ့ပါတယ်။
ဒီကနေ့မှာတော့နိုင်ငံခြားငွေဈေးအနည်းငယ်ပြန်ကျပြီး နေ့ခင်းပိုင်းမှာ တစ်ဒေါ်လာ ၄,၆၃၀ကျပ်နဲ့ထိုင်းတစ်ဘတ် ၁၃၇ကျပ်ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။
နိုင်ငံခြားငွေလဲနှုန်းတွေတက်တာက ကျပ်ငွေ တန်ဖိုးကျဆင်းမှု ဖြစ်ပြီး ပြည်ပမှတင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးပိုမြင့်တက်လာမှာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့ကပြောပါတယ်။
အဲဒီကတဆင့်ပြည်တွင်းထုတ်ကုန်တွေနဲ့ အစားအသောက်တွေပါကုန်ဈေးနှုန်းလိုက်လံမြင့်တက်လာပြီး အခြေခံကုန်စည်တွေအပါအဝင် အထွေထွေကုန်ဈေးနှုန်းတွေကြီးလာတာကြောင့် ပြည်သူအများစုဟာ ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့ဘဲ နေ့စဥ်စားဝတ်နေရေးအတွက်ကိုတောင် ပိုမိုရုန်းကန်လာကြရတယ်လို့ လုပ်ငန်းရှင်ွချို့ကပြောပါတယ်။ UNDPကအောက်တိုဘာလမှာ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာ ပြည်သူ ၃၇ သန်းကျော် ၊လူဦးရေရဲ့ သုံးပုံ နှစ်ပုံဟာ ဆင်းရဲနေတယ်လို့ ဖော်ပြထားပါတယ်။
“ရေပိုက်တချောင်းကို ပြီးခဲ့တဲ့၂နှစ်လောက်က ပြင်တာရှစ်ထောင်ပဲရှိတယ်။လုပ်အားခ နဲ့ဆို နှစ်သောင်းခွဲပဲ။မနေ့က ပျက်လို့ပြင်လိုင်တာ ပိုက်ဖိုးက ငါးသောင်းနေ့စားခ(လုပ်အားခ)နဲ့ဆို တစ်သိန်းလောက်ကျသွားတယ်”လို့ ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်က အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းခင် ၁ ဒေါ်လာကို ၁,၃၀၀ ကျပ်၀န်းကျင်နဲ့ ထိုင်းတစ်ဘတ်ကို ကျပ် ၄၀ နီးပါးပဲရှိခဲ့တာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျပြီး ဘဏ်တွေမှာငွေအပ်ဖို့မယုံကြည်ကြတာကြောင့် ဒေါ်လာဈေးနဲ့ရွှေဝယ်ယူစုဆောင်းသူများသလို ဈေးတွေတက်တယ်တာဟာ ဈေးကစားလို့ဆိုပြီး နိုင်ငံခြားငွေလဲတဲ့ကုန်သည်တွေ၊ ရွှေကုန်သည် အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်တပ်ကအပြစ်ပုံချ ပြီးဖမ်းဆီးတာ ၊ခေါ်ယူစစ်ဆေးတာတွေလုပ်ခဲ့ပါတယ် ။ဒါပေမယ့်စစ်တပ်လက်အောက်မှာ ပြည်ပရင်နှီးမြှပ်နှံမှု လျော့နည်းတာ ၊ပြည်ပရင်းနှီးမြှပ်နှံမှုတွေထွက်ခွာသွားတာ ၊ပြည်ပချေးငွေမရတာ ၊ ကုန်သွယ်ရေးကျဆင်းတာ ၊ အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံတစ်ဝန်းစစ်ပတ်တိုက်နေပြီး စစ်စရိတ် ထောင်းတာ ၊စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ထွက်ပြေးကုန်တာ စတာတွေကြောင့် မြန်မာစီးပွားရေးကျဆင်းမှု နဲ့ ဆင်းရဲမွဲတေမှုတွေပိုးဆိုးရွားလာတယ်လို့ ကုလသမဂ္ဂ နဲ့ စီးပွားရေးစစ်တမ်းတွေက ထုတ်ပြန်ထားပါတယ်။
















































