Connect with us

Hi, what are you looking for?

သုံးသပ်ဆောင်းပါး

နိုင်ငံကိုယ်စားပြု ဗဟိုအစိုးရမရှိတော့သည့် မြန်မာနိုင်ငံ၏ အာဏာစက် ပြန့်ကျဲမှု

(အမေရိကန်အခြေစိုက် The Diplomat ၏ သုံးသပ်ချက်)

– ခါကာဘို ရေးသားသည်။

“နိုင်ငံတော်အချုပ်အခြာအာဏာဆိုတဲ့ အခြေခံသဘောတရား အရ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံပိုင်နက် တစ်ခုလုံးကို ထိရောက်စွာ အုပ်ချုပ်နိုင်တဲ့ ဗဟိုအာဏာ တစ်ရပ်ပဲ ရှိရပါတယ်။ဒါပေမယ့်ပိုင်နက်တစ်ခုတည်း အတွင်း အာဏာပိုင် အဖွဲ့အစည်းတွေ အပြိုင် ပေါ်ပေါက်လာပြီး မတူညီတဲ့ အုပ်ချုပ်ရေးစနစ် တွေနဲ့ ကိုယ့်ဒေသကိုယ် အုပ်ချုပ်လာကြရင်၊ ဒီလို အခြေအနေမျိုးကို ပညာရှင်တွေက ‘အချုပ်အခြာ အာဏာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ပေါ်ခြင်း’ (fragmented sovereignty)ဒါမှမဟုတ် ‘အုပ်ချုပ်ရေး အာဏာများအပြိုင်တည်ရှိခြင်း’ (contested sovereignty) လို့ ခေါ်ဆို ကြပါတယ်။”

အာရှ-ပစိဖိတ်ဒေသရေးရာတွေကိုအဓိကဖော်ပြတဲ့ အမေရိကန်အခြေစိုက် “The Diplomat”မဂ္ဂဇင်းက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရာမှာ “ဒီနေ့ မြန်မာနိုင်ငံမှာ တိုင်းပြည် တစ်ခုလုံးကို လွှမ်းမိုး အုပ်ချုပ်နိုင်တဲ့ ‘တစ်ခုတည်းသော အစိုးရ’ ဆိုတာ မရှိတော့ဘဲ၊ အာဏာစက်တွေ ပြန့်ကျဲနေတဲ့ အခြေအနေကိုရောက်နေပြီ”လို့ဖော်ပြထားပါတယ်။

ဒီအချက်ကို မြန်မာပြည်သူတစ်ယောက် အနေနဲ့ ကြည့်မယ် ဆိုရင်လည်း အတော်လေး လက်တွေ့ကျတဲ့ သုံးသပ်ချက် တစ်ခုလို့ မြင်မိပါတယ်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီနည်းလမ်းနဲ့ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာ သိမ်းယူခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်က စပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမြေပုံဟာအကြီးအကျယ်ပြောင်းလဲ သွားခဲ့ပါတယ်။

တချို့မြို့ပြဒေသတွေမှာစစ်အစိုးရက အုပ်ချုပ်ရေးယန္တရားကို ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပေမယ့်၊ နိုင်ငံရဲ့ဒေသအများအပြားမှာတော့တိုင်းရင်းသား​ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ NUG နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေဟာ အုပ်ချုပ်ရေး၊ ပြည်သူ့ ဝန်ဆောင်မှုနဲ့ ဒေသဆိုင်ရာ စီမံခန့်ခွဲမှုတွေကိုလက်တွေ့ဆောင်ရွက်နေကြပါတယ်။

The Diplomat ရဲ့ သုံးသပ်ချက်အရ လက်ရှိ မြန်မာနိုင်ငံမှာ အာဏာကို အဓိက အစုအဖွဲ့သုံးခုက ခွဲဝေ ထိန်းချုပ် နေပါတယ်။

နေပြည်တော်အခြေစိုက်စစ်အစိုးရဟာ မြို့ကြီးများနဲ့ အစိုးရယန္တရား အများစုကို ဆက်လက်ထိန်းချုပ် ထားနိုင်ဆဲ ဖြစ်ပေမယ့်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးကို ထိန်းချုပ်နိုင်ဘို့ အခြေအနေ လုံးဝ မရှိတော့ဘူးလို့ The Diplomat က သုံးသပ် ထားပါတယ်။

နိုင်ငံရေးတရားဝင်မှု (Legitimacy) ရရှိထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ပူးပေါင်း လှုပ်ရှားနေကာ ပြည်တွင်းပြည်ပ ထောက်ခံမှုတွေ အများဆုံးကို ရရှိထားတဲ့ အင်အားစု တစ်ရပ် အဖြစ် ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း ရခိုင်ဒေသက AA၊ ကိုးကန့်ဒေသက MNDAA၊ တအာင်း ဒေသက TNLA၊ ကချင် ဒေသက KIA ၊ကရင်​ဒေသက KNU နဲ့ ချင်း၊ ကရင်နီစတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ မိမိတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားတွေ၊ အခွန် ကောက်ခံမှု စနစ်တွေ၊ တရားစီရင်ရေး စနစ်တွေကို လက်တွေ့ ဆောင်ရွက် နေကြတယ်လို့ ဆိုပါတယ်။

ဒီလိုအာဏာစက်တွေ ပြန့်ကျဲနေတဲ့ အခြေအနေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာ့အရေးကို ယခင်ကလို အစိုးရတစ်ရပ်တည်းနဲ့ ဆက်ဆံကိုင်တွယ်တဲ့ သမရိုးကျနည်းလမ်းအတိုင်းဆောင်ရွက်လို့မရတော့ပါဘူး။

ဒီလိုအခြေအနေမှာကုလသမဂ္ဂကစစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင် နိုင်ငံ့ကိုယ်စားလှယ်အဖြစ် အသိအမှတ် မပြုဘဲ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် လက်ခံထားပါတယ်။ အာဆီယံကလည်းစစ်ကောင်စီခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေမှာပါဝင်ခွင့်မပေးဘဲ၊ တစ်ဖက်မှာတော့ လူသားချင်း စာနာ ထောက်ထားရေးနဲ့ နယ်စပ်တည်ငြိမ်ရေးလို ကိစ္စတွေမှာ လက်တွေ့ လိုအပ်ချက်အရ ဆက်သွယ် ဆောင်ရွက် နေရပါတယ်။

အနောက်နိုင်ငံအများစုကတော့ စစ်ကောင်စီအပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေ ချမှတ် ထားသလို၊ NUG နဲ့ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့လည်း တိုက်ရိုက် ထိတွေ့ ဆက်ဆံနေကြပါတယ်။

အခြားတစ်ဖက်မှာတော့တရုတ်၊အိန္ဒိယ၊ထိုင်းတို့လိုအိမ်နီးချင်းနိုင်ငံတွေဟာနေပြည်တော်ရှိ အာဏာပိုင်တွေနဲ့ ဆက်ဆံရေးတွေထိန်းသိမ်းထားသလို၊ နယ်စပ်ဒေသ တွေကိုအမှန်တကယ်ထိန်းချုပ်ထားတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့လည်း တိုက်ရိုက် ဆက်သွယ်မှုတွေ ရှိနေပါတယ်။

ဒီအခြေအနေကိုကြည့်မယ်ဆိုရင်နိုင်ငံတစ်နိုင်ငံကို ဗဟိုအစိုးရ တစ်ရပ်တည်းနဲ့သာ သတ်မှတ်လေ့ရှိတဲ့ ပုံမှန် သံတမန်ရေးရာ အမြင်ဟာ ယနေ့ မြန်မာနိုင်ငံရဲ့ မြေပြင် အခြေအနေနဲ့ မကိုက်ညီ တော့ပါဘူး။

The Diplomatကတော့ထိုအခြေအနေကြောင့် မြန်မာ့နိုင်ငံရေးကိုနားလည်ဖို့ဆိုရင်လက်တွေ့ နယ်မြေထိန်းချုပ်မှုနဲ့ အင်အားစု အသီးသီးရဲ့ အခန်းကဏ္ဍကို ထည့်သွင်းကြည့်ဖို့ လိုအပ်လာပြီလို့ သုံးသပ် ထားပါတယ်။

အဓိကအချက်ကတော့ ယနေ့ မြန်မာနိုင်ငံမှာ ပြည်သူ သန်းပေါင်းများစွာဟာ အာဏာသိမ်းစစ်တပ်တစ်ခုတည်းရဲ့ အုပ်ချုပ်မှု အောက်မှာ မရှိတော့ဘဲ၊ တိုင်းရင်းသားနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ထိန်းချုပ်တဲ့ ဒေသတွေ မှာလည်း နေထိုင် နေကြတာ ဖြစ်ပါတယ်။ ဒီမြေပြင် အခြေအနေကို ထည့်သွင်း စဉ်းစားခြင်း မရှိဘဲ မြန်မာ့နိုင်ငံရေးအမှန်တရားကို နားလည်နိုင်မှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ပဋိပက္ခဟာ အာဏာသိမ်းမှုဆန့်ကျင်ရေး တစ်ခုတည်း မဟုတ်ဘဲ၊ ဖက်ဒရယ် ဒီမိုကရေစီ၊တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ဆိုင်ရာ ရှည်လျားတဲ့ တောင်းဆိုမှုတွေပါ ပါဝင်နေတဲ့ အတွက် အဖွဲ့အစည်း တစ်ခုတည်းနဲ့သာ အဓိကထား ဖြေရှင်းဖို့ ခက်ခဲတယ် လို့လည်း သုံးသပ် ထားပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ The Diplomat က ယနေ့ မြန်မာနိုင်ငံဟာ တစ်ခုတည်းသော အစိုးရက အပြည့်အဝ ထိန်းချုပ်ထားတဲ့ နိုင်ငံ မဟုတ်တော့ဘဲ၊အာဏာစက်အမျိုးမျိုး ယှဉ်တွဲ တည်ရှိနေတဲ့အခြေအနေတစ်ရပ်အဖြစ် ပြောင်းလဲသွားပြီလို့ထောက်ပြထားပါတယ်။

ဒီအမှန်တရားကို နိုင်ငံတကာက ပိုမိုလက်ခံလာတာနဲ့အမျှစစ်အစိုးရအတွက် နိုင်ငံကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ခံရနိုင်မယ့် အလားအလာဟာ ပိုမို ဝေးကွာသွားပြီး၊ NUG နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး အခန်းကဏ္ဍ ကတော့ ပိုမို အလေးထားခံလာရနိုင်တဲ့ အလားအလာကို မြင်တွေ့ နေရပါတယ်။

ကိုးကား -The Diplomat

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် အိန္ဒိယရဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုရဲ့ ဆန္ဒပြ ချီတက်ပွဲတွေကို ခဏတာ ဆိုင်းငံ့ထားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

သတင်း

ဒေသခံတွေရဲ့လုံခြုံရေးအန္တရာယ် တော်လှန်ရေးတပ်တွေ သတိပေး

နိုင်ငံတကာ

လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။

အတွေးအမြင်

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် အောက်စဖို့ဒ် နွမ်းပါးမှု နှင့် လူသားဖွံ့ဖြိုးတိုးတက်မှု အစအဦး တီထွင်လုပ်ဆောင်မှု (OPHI) တို့ပူးပေါင်းထုတ်ပြန်ခဲ့သည့် ဘက်စုံနွမ်းပါးမှုညွှန်းကိန်း (Multidimensional Poverty Index) အရ မြန်မာနိုင်ငံရှိလူဦးရေ၏ သုံးပုံတပုံ (၃၈.၃ ရာခိုင်နှုန်း)သည် ဆင်းရဲမွဲတေနေကြပါသည်။

Facebook