ယီမင်အခြေစိုက် ဟိုသီပြောက်ကျား တပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ ပင်လယ်နီ ကမ်းရိုးတန်း ဒေသတလျှောက်လုံးကို ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
ဒေသတွင်း ရေကြောင်းသွားလာရေးမှာ မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ပင်လယ်နီဟာ ယီမင်နိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းနဲ့ ထိစပ်နေပါတယ်။ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ ယီမင်ပြည်တွင်းစစ်အတွင်း ဟိုသီတွေဟာ နိုင်ငံရဲ့ အနောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်း ဒေသ အားလုံးကို သိမ်းယူထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဟိုသီတွေဟာ ဆော်ဒီအာရေးဘီးယားက ကျောထောက်နောက်ခံ ပေးထားပြီး နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ယီမင်အစိုးရ ထိန်းချုပ်ထားရာ နိုင်ငံအနောက်တောင်ပိုင်း ဧရိယာတွေကို စတင် ထိုးစစ်ဆင်ခဲ့ပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေအပြီး အခုသီတင်းပတ်မှာ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ မိုခါကို ဟိုသီတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းထိ အခြေအနေ အရတော့ ဟိုသီတွေဟာ အခုအခါ ပင်လယ်နီနဲ့ ထိစပ်ရာ ယီမင်ကမ်းရိုးတန်း ဒေသတစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီး ပင်လယ်နီ ရေပြင်မှာရှိတဲ့ စစ်ရေးအရ အရေးပါတဲ့ ကျွန်း ၃ ခုကိုလည်း သိမ်းယူထားလိုက်ပြီလို့ သိရပါတယ်။

Public Service Announcement
ဒီအခြေအနေဟာ ဟိုသီတွေရဲ့ ရန်သူတော် ဆော်ဒီ အစိုးရ အတွက်တော့ အကြီးအကျယ် ခေါင်းကျိန်းစရာ ဖြစ်လာပါတယ်။ အီရန်စစ်ပွဲကြောင့် ဟောမုဇ်ရေလက်ကြား ပိတ်နေချိန်မှာ ဆော်ဒီဟာ ရေနံတင်ပို့မှုတွေအတွက် ပင်လယ်နီ ရေလမ်းကြောင်းကို ပြောင်းလဲ အသုံးပြုနေခဲ့ရပါတယ်။
အစောပိုင်း ကတည်းက ပင်လယ်နီမှာရှိတဲ့ ဆော်ဒီ ရေနံတင် သင်္ဘောတွေကို ဟိုသီတွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးပြီး အခုတော့ ယီမင်နဲ့ ထိစပ်ရာ ပင်လယ်နီ အစိတ်အပိုင်း တစ်ခုလုံးဟာ ဆော်ဒီအတွက် အန္တရာယ်ဇုန် ဖြစ်လာပါပြီ။ ဟိုသီတွေက တခြားနိုင်ငံတွေရဲ့ သင်္ဘောတွေကို ရန်ပြုမှာ မဟုတ်ပေမယ့် ဆော်ဒီနဲ့ ဆက်နွှယ်တဲ့ ရေယာဉ်တွေကို တိုက်ခိုက်မယ်လို့ ကြုံးဝါးထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေက ကမ္ဘာ့စီးပွားရေး ကဏ္ဍအပေါ် သက်ရောက် ရိုက်ခတ်မှုတွေဟာ အခုကိစ္စကြောင့် ပိုပြီး နက်ရှိုင်းလာဖွယ် ရှိပါတယ်။ ပင်လယ်နီရဲ့ တောင်ပိုင်းဟာ ဘက်ဘ်အယ်လခ်မန်ဒက်ဘ်ဆိုတဲ့ ကျဉ်းမောင်းသွယ်လျတဲ့ ရေလက်ကြား တစ်ခုကို ဖြတ်သန်းပြီး အာရေဗျ ပင်လယ်နဲ့ ဆက်သွယ်ထားပါတယ်။ လက်ရှိမှာတော့ ဟိုသီတွေဟာ အဲဒီ ရေလက်ကြားကို ဖြတ်သန်းသမျှ သင်္ဘောတိုင်းကို တိုက်ခိုက်ဖို့ လက်လှမ်းမီလာနိုင်ဖွယ် ရှိနေပါတယ်။
ယီမင် အစိုးရကို သစ္စာခံတဲ့ စစ်တပ်ရဲ့ အရာရှိ တစ်ဦးက ဟိုသီတွေဟာ ဟာနစ်ရှ် ကျွန်းကြီးနဲ့ ဟာနစ်ရှ် ကျွန်းငယ်တွေကိုပါ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒီကျွန်းတွေဟာ ဘက်ဘ်အယ်လခ်မန်ဒက်ဘ် ရေလက်ကြားရဲ့ မြောက်ဖက်၊ ပင်လယ်နီ ရေပြင်ရဲ့ အလယ်လောက်မှာ တည်ရှိနေပြီး စစ်ရေး မဟာဗျူဟာအရ အရမ်း အချက်အခြာ ကျပါတယ်။ အဲဒီကျွန်းတွေ ဟိုသီလက်ထဲ ကျရောက်သွားတာက ဆော်ဒီ ရေနံတင် သင်္ဘောတွေရဲ့ လုံခြုံရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်လာတော့မယ့် သဘောပါပဲ။
အီရန် အစိုးရ အဓိပတိရဲ့ အကြံပေး ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ မိုဟာမက် မော့ခ်ဘားက ဟိုသီတွေရဲ့ ထူးကဲလှတဲ့ စစ်ရေးအောင်ပွဲအတွက် ဂုဏ်ပြုကြောင်း စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဟိုသီ စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ ယာဟ်ယာ ဆာရီကတော့ ဆော်ဒီ သင်္ဘောတွေကလွဲလို့ နိုင်ငံတကာ ရေယာဉ်တွေဟာ ဘက်ဘ်အယ်လခ်မန်ဒက်ဘ် ရေလက်ကြားကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းခွင့် ရှိနေမယ်လို့ ကြေညာခဲ့ပါတယ်။
၂၀၁၄ ခုနှစ်က စတင်တဲ့ ပြည်တွင်းစစ်အတွင်း ဟိုသီတွေဟာ နိုင်ငံရဲ့ အနောက်ဖက်နဲ့ မြောက်ဖက်က ကျယ်ဝန်းလှတဲ့ ဒေသတွေကို ထိန်းချုပ်ထားပြီး မြို့တော် ဆာနားကိုပါ သိမ်းယူခဲ့ပါတယ်။ ဆော်ဒီက စစ်ရေးအရ ကူညီနေပြီး နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ ယီမင် အစိုးရကတော့ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ အေဒန်ဆီ ယာယီမြို့တော်အဖြစ် ပြောင်းရွှေ့ အခြေစိုက်ခဲ့ရပါတယ်။
ကိုးကား: CNA


















































