Connect with us

Hi, what are you looking for?

အတွေးအမြင်

ပဋာစာရီတွေ မပေါ်တော့မယ့် အချိန်

ဗုဒ္ဓဘာသာမှာ ပဋာစာရီဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်း၊ သားနှစ်ယောက်နဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရသူပါ။ ဆုံးရှုံးမှုတွေ တစ်ခုပြီးတစ်ခု ကြုံလာရတာကြောင့် သောကဒဏ်ကို မခံနိုင်တော့ဘဲ စိတ်လွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ မြတ်စွာဘုရားရဲ့ တရားတော်ကို နာယူခွင့်ရပြီး သောကကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ “ပဋာစာရီ” ဆိုတဲ့စကားကို သောကတွေများလွန်းပြီး စိတ်ထိခိုက် ကြေကွဲနေသူ တွေကို တင်စားပြီးသုံးလာကြပါတယ်။ ဒါပေမယ့် ဒီနေ့ မြန်မာပြည်မှာ ပဋာစာရီဆိုတာ တစ်ယောက်တည်း မဟုတ်တော့ပါဘူး။

( စစ်တပ်က၂၀၂၅ မေလ ၁၂ရက်မှာ စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းကို ဗုံးကြဲလို့ ​ကျောင်းသား​ကျောင်းသူနဲ့ဆရာမ စုစု​ပေါင်း ၂၄ ဦးသေဆုံးခဲ့ရာ ​သေဆုံးကလေးငယ်တွေရဲ့မိခင်ဖြစ်သူ​တွေဝမ်းနည်းပူ​ဆွေးစွာငိုး​ကြွေး​နေစဥ်။ဓါတ်ပုံ-Getty )

အေးခိုင်ဦး ရေးသားသည်။

ဗုဒ္ဓဘာသာမှာ ပဋာစာရီဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်း၊ သားနှစ်ယောက်နဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရသူပါ။ ဆုံးရှုံးမှုတွေ တစ်ခုပြီးတစ်ခု ကြုံလာရတာကြောင့် သောကဒဏ်ကို မခံနိုင်တော့ဘဲ စိတ်လွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ မြတ်စွာဘုရားရဲ့ တရားတော်ကို နာယူခွင့်ရပြီး သောကကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ “ပဋာစာရီ” ဆိုတဲ့စကားကို သောကတွေများလွန်းပြီး စိတ်ထိခိုက် ကြေကွဲနေသူ တွေကို တင်စားပြီးသုံးလာကြပါတယ်။ ဒါပေမယ့် ဒီနေ့ မြန်မာပြည်မှာ ပဋာစာရီဆိုတာ တစ်ယောက်တည်း မဟုတ်တော့ပါဘူး။

အသက်၂၄ နှစ်ပဲ ရှိသေးတဲ့သားတစ်ယောက်ကို စဉ်းစားကြည့်ပါ။ ချောတယ်။ လူချစ်လူခင်ပေါတယ်။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်။ ဘဝရဲ့ ရှေ့လျှောက်ခရီးကလည်း အများကြီး ကျန်သေးတဲ့အရွယ်။ တစ်ညမှာ ကုမ္ပဏီက အဖွဲ့လိုက် စားသောက်ကြပြီးတဲ့နောက် ကုမ္ပဏီကားနဲ့ ဝန်ထမ်းမိန်းကလေးတစ်ယောက်ကို အိမ်လိုက်ပို့ခဲ့ပါတယ်။ အဲဒီနောက် သူ့အိမ်ကို ပြန်မရောက်လာတော့ဘူး။ ဖုန်းဆက်လို့ မရတော့တဲ့အခါ မိခင်က သားကို တစ်ညလုံး လိုက်ရှာခဲ့တယ်။ သားလေး ဘယ်မှာလဲ၊ ဘာဖြစ်နေလဲဆိုတာ မသိရသေးတဲ့အချိန်မှာ မျှော်လင့်ချက်ကတော့ရှိနေသေးမှာပါ။ နောက်ဆုံးမှာတော့ လမ်းဘေးတစ်နေရာမှာ သေဆုံးနေတဲ့ သားရဲ့အလောင်းကို တွေ့ခဲ့ရပါတယ်။

မိခင်တစ်ယောက်အနေနဲ့ အဲဒီညကို ဘယ်လိုဖြတ်သန်းခဲ့ရမလဲ။ သားလေး ရှင်သန်နေမယ်လို့ မျှော်လင့်ရင်း လိုက်ရှာခဲ့တဲ့ ခြေလှမ်းတိုင်းမှာ မျှော်လင့်ချက်ရှိခဲ့မှာပါ။ ဒါပေမယ့် နောက်ဆုံးမှာ တွေ့လိုက်ရတာက အသက်မရှိတော့တဲ့ သားရဲ့ခန္ဓာကိုယ်။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်ရပ်က Facebook ပေါ်မှာ လူအများ ပြောဆိုခဲ့ကြတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိခင်တစ်ယောက်အတွက်တော့ အဲဒါဟာ Facebook ပေါ်က သတင်းတစ်ပုဒ် မဟုတ်ပါဘူး။ သူ့ဘဝတစ်ခုလုံးပါ။

နောက်ထပ် မိခင်တစ်ယောက်ကို စဉ်းစားကြည့်ပါ။သားတစ်ယောက်က အသက် ၂၀ ကျော်မှာ လမ်းပေါ်မှာလုယက်ခံရပြီး အသက်ဆုံးရှုံးသွားတယ်။နောက်သားတစ်ယောက်ကတော့ ကားမတော်တဆမှုနဲ့ ဆုံးသွားတယ်။ ကျန်တဲ့သားတစ်ယောက်ကိုလည်း စစ်မှုထမ်းရမယ့် အခြေအနေကို စိုးရိမ်လို့ တစ်နေရာရာကို ပို့ထားရတယ်။ သားသမီးတွေကို ပြုစုပျိုးထောင်ပြီး အသက် ၇၀ ဝန်းကျင်အထိ ရောက်လာတဲ့ လင်မယားနှစ်ယောက်ဟာ အခုတော့ အိမ်မှာ နှစ်ယောက်တည်း ကျန်နေကြတယ်။ နှစ်ယောက်စလုံးက ကျန်းမာရေးမကောင်းကြပါဘူး။ လေဖြတ်ထားကြတယ်။ သူတို့ကို ပြုစုစောင့်ရှောက်ပေးနေကြတာက ကိုယ့်သားသမီးတွေ မဟုတ်တော့ဘူး။ အိမ်နီးချင်းတွေပါ။

မိခင်တစ်ယောက်အတွက် သားတစ်ယောက် ဆုံးရှုံးတာနဲ့တင် ဘဝတစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်။ ဒီမှာတော့ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် မိခင်က ဆက်ပြီးအသက်ရှင်နေရတယ်။အဖေကလည်းဆက်ပြီးအသက်ရှင်နေရတယ်။ တစ်ခါတလေမှာ အသက်ရှင်နေရခြင်းကိုယ်တိုင်က ဒုက္ခတစ်မျိုး ဖြစ်လာတာပါ။

စစ်ကိုင်းတိုင်း၊ ကျွန်းလှဘက်က လယ်သမားမိသားစုတစ်စုအကြောင်းလည်း ကြားရပါတယ်။ လင်မယားနှစ်ယောက် လယ်လုပ်ကြတယ်။ နှစ်တွေကြာကြာ အလုပ်လုပ်ပြီး စုဆောင်းခဲ့ကြတယ်။ ဆယ်နှစ်လောက် စုဆောင်းပြီးတဲ့အခါ နှစ်ထပ်တိုက်တစ်လုံး ဆောက်နိုင်ခဲ့ကြတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ ကိုယ်တိုင် အိမ်တစ်လုံး ဆောက်နိုင်တာဟာ သေးသေးလေး မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ သူတို့ရဲ့ ဆယ်နှစ်စာ အလုပ်တွေ၊ ချွေးတွေ၊ ပင်ပန်းမှုတွေ၊ အနာဂတ်အတွက် ထားခဲ့တဲ့ မျှော်လင့်ချက်တွေရဲ့ ရလဒ်ပါ။ ဒါပေမယ့် အိမ်ဆောက်ပြီးတဲ့အချိန်မှာပဲ အာဏာသိမ်းမှု ဖြစ်လာတယ်။ စစ်ကြောင်းဝင်လာရင် ရွာသားတွေနဲ့အတူ ထွက်ပြေးကြရတယ်။ အခြေအနေ နည်းနည်းငြိမ်သွားရင် ရွာထဲပြန်ဝင်ကြတယ်။နောက်တစ်ခါစစ်ကြောင်းလာပြန်ရင် ထပ်ပြေးကြရပြန်တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ အိမ်ကို အပြီးအပိုင် စွန့်ခွာခဲ့ရတယ်။

ဆယ်နှစ်လောက် စုဆောင်းပြီး ဆောက်ခဲ့တဲ့အိမ်မှာ တစ်ညတောင်ကောင်းကောင်း မအိပ်လိုက်ရပါဘူး။ သူတို့ဆုံးရှုံးခဲ့တာက အိမ်တစ်လုံးတည်း မဟုတ်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင် တည်ဆောက်နိုင်မယ် ဆိုတဲ့ ယုံကြည်ချက်၊ အနာဂတ်အတွက် စိတ်ချမ်းသာမှု၊ ကိုယ့်မြေ ကိုယ့်ရွာမှာ အေးအေးချမ်းချမ်း နေထိုင်နိုင်ခွင့်။ အဲဒါတွေအားလုံးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးခဲ့ရတာပါ။

ဒါနဲ့တင် မပြီးသေးပါဘူး။ အဲဒီလယ်သမားမိသားစုရဲ့ သားတွေက ရန်ကုန်မှာ အလုပ်လုပ်ကြတယ်။ တစ်ယောက်က ကားမောင်းတယ်။ တစ်ယောက်က delivery ပို့တယ်။ သူတို့ကလည်း အခြားလူငယ်တွေလိုပဲ အလုပ်လုပ်ပြီး ကိုယ့်ဘဝကို ကိုယ်တည်ဆောက်ဖို့ ကြိုးစားနေကြတာပါ။ သားအငယ်၊ အသက် ၂၇ နှစ်က delivery အလုပ်ကနေ သိမ်းလာတဲ့ ငွေ ၂၅ သိန်းကို လမ်းပေါ်မှာ လုယက်ခံလိုက်ရတယ်လို့ ကြားရပါတယ်။

အဲဒီငွေဟာ သူ့အတွက် ပိုက်ဆံတစ်ထုပ်ပဲ မဟုတ်ပါဘူး။ အလုပ်ရှင်ကို ပြန်ပေးရမယ့် တာဝန်ရှိတဲ့ငွေ။ မိသားစုကို ထောက်ပံ့ရမယ့် ဘဝ။မနက်ဖြန်အတွက်သူ့ရဲ့မျှော်လင့်ချက်။

အဲဒီအခက်အခဲကို စိတ်မခံနိုင်တော့ဘဲ သူ့အသက်ကို သူ အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။ရက်လည်ပြီးနောက် သူ့ဇနီး၊ အသက် ၂၃ နှစ်ကလည်း ခင်ပွန်းနောက်ကို လိုက်သွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ရပ်တစ်ခုကို သတင်းတစ်ပုဒ်အနေနဲ့ ဖတ်လိုက်ရင် ခဏလေးနဲ့ ပြီးသွားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီသတင်းရဲ့နောက်မှာ ကျန်ခဲ့တဲ့ မိသားစုတစ်စုရဲ့ ဘဝကိုတော့ စာကြောင်းနည်းနည်းနဲ့ ပြီးအောင် ပြောလို့မရပါဘူး။ ဒါတွေဟာ စစ်မြေပြင်ထဲက ဖြစ်ရပ်တွေချည်း မဟုတ်ပါဘူး။ ရန်ကုန်မြို့ပေါ် မှာတောင် ဖြစ်နေတဲ့ လူတွေရဲ့ နေ့စဉ်ဘဝတွေပါ။ဖြစ်ရပ်တစ်ခုချင်းစီကို ကြည့်မယ်ဆိုရင် အကြောင်းပြချက်တွေက မတူကြပါဘူး။ လုယက်မှုရှိတယ်။မတော်တဆမှုရှိတယ်။စိတ်ပျက်အားငယ်မှုရှိတယ်။ စစ်ဘေးဒုက္ခရှိတယ်။ ဒါပေမယ့် ဒီအဖြစ်တွေကို တစ်ခုချင်းစီ မကြည့်ဘဲ အားလုံးကို စုပြီးကြည့်လိုက်တဲ့အခါ နောက်ခံမှာ ရှိနေတဲ့အကြောင်းက တစ်ခုတည်းပါ။

မင်း​အောင်လှိုင်အာဏာရူးပြီး သမ္မတလုပ်ချင်တာ​ကြောင့်၂၀၂၁ခုနှစ်၊​ဖေ​ဖော်ဝါရီ ၁ ရက်မှာအာဏာသိမ်းခဲ့တာ​ကြောင့်ပါ ။စစ်အုပ်စုအာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေရဲ့ ဘဝထဲမှာ မသေချာမှုတွေ၊ အကြောက်တရားတွေ၊ စီးပွားရေးအခက်အခဲတွေ၊ လုံခြုံမှုမရှိခြင်းတွေ ပိုပြီး နက်ရှိုင်းလာခဲ့ပါတယ်။

​ကျေးလက်​ဒေသ​တွေမှာစစ်တပ်ကဗုံးကြဲလို့ စာသင်​နေတဲ့က​လေးငယ်အပါအဝင် ရင်​သွေးငယ်များစွာဟာ​သေဆုံးဒဏ်ရာရကြလို့ မိခင်များစွာ ရင်ကွဲကြရပြန်တယ် ။ရွာမှာနေရင် စစ်ကြောင်းကို ကြောက်ရတယ်။ ဗုံးကြဲမှာကို ကြောက်ရတယ်။ မြို့မှာနေရင် ရာဇဝတ်မှုကို ကြောက်ရတယ်။ သားသမီးတွေ အပြင်ထွက်သွားရင် ဘာဖြစ်မလဲဆိုပြီး စိုးရိမ်ရတယ်။ အလုပ်လုပ်နေရင်းနဲ့တောင် မနက်ဖြန် ဘာဖြစ်မလဲဆိုတာ မသေချာတော့ဘူး။ အိမ်တစ်လုံး ဆောက်နိုင်ခဲ့ရင်တောင် အဲဒီအိမ်မှာ ကိုယ်တိုင် ပြန်နေနိုင်မယ်ဆိုတဲ့ အာမခံချက် မရှိတော့ဘူး။ ဒီလိုနဲ့ လူတွေဟာ ဆုံးရှုံးမှုတွေကို တစ်ခုချင်းစီ ရင်ဆိုင်နေရင်း အသက်ရှင်နေကြရပါတယ်။

မိခင်တွေက သားသမီးတွေကို မျှော်ရင်း ပဋာစာရီတွေ ဖြစ်လာကြရတယ်။ တချို့က သားအလောင်းကို ဖက်ပြီး ငိုကြရတယ်။ တချို့က သားသမီး ဘယ်ရောက်နေမှန်း မသိဘဲ ငိုကြရတယ်။တချို့ကအိမ်ပျောက်လို့ငိုကြရတယ်။

တချို့ကတော့လူရှေ့မှာမငိုဘဲညဘက်ရောက်မှတိတ်တိတ်လေးငိုကြရပါတယ်။ အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့အကြောက်တရားနဲ့ ဆုံးရှုံးမှုတွေကို မေ့ပစ်လို့ မရပါဘူး။ မိခင်တစ်ယောက်ရဲ့ ငိုသံဟာကိုယ်ရေးကိုယ်တာ ဖြစ်ရပ်တစ်ခုလောက်နဲ့ မပြီးပါဘူး။အဲဒီငိုသံထဲမှာ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်နာကျင်နေပြီလဲဆိုတာ ပါနေတာပါ။

ဒါကြောင့် တစ်နေ့မှာ မိခင်တွေက သားသမီးတွေ အိမ်ပြန်လာပါ့မလားဆိုပြီး မကြောက်ရတော့တဲ့နေ့၊ လူငယ်တွေက အသက်ရှင်ရုံသက်သက် မဟုတ်ဘဲ အနာဂတ်ကို မျှော်လင့်ပြီး အသက်ရှင်နိုင်တဲ့နေ့၊ လယ်သမားတွေက ကိုယ့်အိမ်၊ ကိုယ့်မြေ၊ ကိုယ့်ရွာမှာ အေးအေးချမ်းချမ်း ပြန်နေနိုင်တဲ့နေ့၊ မြန်မာပြည်မှာ ပဋာစာရီတွေ ထပ်မပေါ်လာတော့တဲ့နေ့ အဲဒီနေ့ ရောက်လာပါစေ။

မိခင်တွေရဲ့ သောကကို မမေ့ကြပါနဲ့။

ဆုံးရှုံးခဲ့ရသူတွေကို မမေ့ကြပါနဲ့။

စစ်အာဏာရှင်ကို မမေ့ကြပါနဲ့။

ဒါတွေဟာ သမိုင်းပါ။

ပဋာစာရီတွေ ထပ်မပေါ်လာအောင် ကြိုးစားကြပါစို့။

ဆက်စပ်သတင်းများ