Connect with us

Hi, what are you looking for?

ဆောင်းပါး

အသက် ၁၀ နှစ်မှ စတင်စုဆောင်းမည့် အထောက်အထားဒေတာ နှင့် စစ်မှုထမ်းအသက်အုပ်စုကို ခြေရာခံနိုင်မှု

အင်တာနက်မလိုဘဲ အော့ဖ်လိုင်း စစ်ဆေးနိုင်သည့် Digital ID

ဥဂ္ဂါ ရေးသားသည်။

အသက်၁၀နှစ်အရွယ်ကလေးတစ်ဦးရဲ့ လက်ဗွေ၊ မျက်နှာနဲ့ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းထားခြင်းဟာ ယနေ့အတွက်သာ သက်ဆိုင်တဲ့ အချက်အလက်မဟုတ်ပါဘူး။ အဆိုပါ ဒေတာတွေဟာ အနာဂတ်မှာလည်း ဆက်လက်အသုံးပြုနိုင်တဲ့ အခြေခံအချက်အလက်များ ဖြစ်လာနိုင်ပြီး၊ လူတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်၊ နေရပ်နဲ့ အခြားဆက်စပ်အချက်အလက်တွေကို ချိတ်ဆက်ဖော်ထုတ်နိုင်မယ့် အလားအလာရှိတာကြောင့် ကိုယ်ရေးလုံခြုံမှုနဲ့ ဒေတာလုံခြုံရေးအတွက် ကြီးမားတဲ့ စိုးရိမ်စရာအန္တရာယ်တစ်ရပ်ဖြစ်လာနိုင်ပါတယ်။

ဒီအချက်ကြောင့် ဒီဂျစ်တယ် အထောက်အထား(Digital ID)စနစ်ရဲ့အဓိကအရေးပါမှုဟာ နည်းပညာတိုးတက်မှုတစ်ခုတည်းမှာ မရှိဘဲ စုဆောင်းထားတဲ့ အချက်အလက်တွေကို ဘယ်သူက ဘယ်လိုအသုံးချမလဲဆိုတဲ့ အချက်မှာ ရှိနေပါတယ်။

ကနေဒါနိုင်ငံအခြေစိုက် Biometric Update ရဲ့ ဖော်ပြချက်အရ မြန်မာစစ်အစိုးရ(မူရင်းအသုံးအနှုန်း)ဟာပြည်တွင်းစစ်တွေ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံတစ်ဝန်း လုံခြုံရေးအခြေအနေမတည်ငြိမ်နေတဲ့ကြားကအမျိုးသားဒီဂျစ်တယ် အထောက်အထား (National Digital Identity Infrastructure) စနစ်ကိုအရှိန်မြှင့်တည်ဆောက်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒီစနစ်မှာတော့ အင်တာနက်မလိုဘဲ စစ်ဆေးနိုင်တဲ့ကတ်စနစ်တွေ၊ဗဟိုပြုဇီဝဗေဒ အချက်အလက် (Biometrics) စနစ်နဲ့ မိုဘိုင်း ဒီဂျစ်တယ် အထောက်အထား (Mobile Digital ID) တွေကိုပေါင်းစပ်အသုံးပြုသွားမှာဖြစ်ပါတယ်။ယင်းစနစ်ကို၂၀၃၀ခုနှစ်ဒစ်ဂျစ်တယ် စီးပွားရေး လမ်းပြမြေပုံ (Digital Economy Roadmap 2030) အကောင်အထည်ဖော်ရေးအတွက်အသုံးပြုရန်စီစဉ်ထားတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ဖြစ်ပွားနေခြင်း၊ အင်တာနက်ဖြတ်တောက်မှုတွေ ရှိနေခြင်းနဲ့ နယ်မြေထိန်းချုပ်မှုတွေ ကွဲပြားနေတဲ့ အခြေအနေတွေကြောင့် အွန်လိုင်းချိတ်ဆက်မှု မလိုဘဲ အတည်ပြုနိုင်တဲ့(အွန်လိုင်းနှင့်အော့ဖ်လိုင်းနှစ်မျိုးလုံးအသုံးပြုနိုင်သည့် Hybrid အထောက်အထားစနစ်)ကိုအသုံးပြုဖို့စီစဉ်ထားတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။

ဒီရွေးချယ်မှုဟာ နည်းပညာပိုင်းအရ လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ထားတာလို့ ရှင်းပြထားပေမယ့် တစ်ဖက်မှာတော့ အင်တာနက်မရှိတဲ့ ဒေသတွေမှာတောင် လူတစ်ဦးချင်းစီရဲ့ အထောက်အထားကို အချိန်မရွေး စစ်ဆေးနိုင်မယ့် စနစ်တစ်ခုကို တည်ဆောက်လိုက်ခြင်းလည်း ဖြစ်လာပါတယ်။ စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေကြားကပင်ဒီစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေခြင်းက စစ်အုပ်စုအတွက် ဒီစနစ်ဟာ အရေးကြီးတဲ့ ဦးစားပေးစီမံကိန်းတစ်ခု ဖြစ်နေကြောင်း ပြသနေပါတယ်။

ဒါ့အပြင်စစ်အုပ်စုဟာ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသား အီး-အိုင်ဒီ (e-ID) စမတ်ကတစမ်းသပ်စီမံကိန်းကိုအကောင်အထည်ဖော်ရန် အရည်အချင်းစစ် အကြိုတင်ဒါကို စတင်ခေါ်ယူ ခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ ကတ်ပေါင်း ၁၁၀,၀၀၀ ထုတ်လုပ်ဖို့ စီစဉ်ထားပြီး ချစ်ပ် (Chip) ပါဝင်တဲ့ စမတ်ကတ်များနှင့် မြင်သာတဲ့ ဒီဂျစ်တယ် တံဆိပ် (Visible Digital Seal – VDS) ပါ စက္ကူကတ်များကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် ပြည်တွင်းကုမ္ပဏီများကို နိုင်ငံတကာနည်းပညာကုမ္ပဏီများနဲ့ပူးပေါင်းပြီး တင်ဒါတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားပါတယ်။

Biometric Updateကရရှိထားတဲ့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (MoIP) ရဲ့ မူကြမ်းအရ အဆိုပါစနစ်မှာ နိုင်ငံတကာ မြို့ပြလေကြောင်းအဖွဲ့ (ICAO) စံချိန်မီပိုလီကာဗွန်နိတ်စမတ်ကတ်များကို အသုံးပြုသွားမည်ဖြစ်ပြီး၊ VDS စနစ်တွင် ဒစ်ဂျစ်တယ် လက်မှတ်ထိုးထားသော ဘားကုဒ် (Barcode) များကို အသုံးပြုထားသဖြင့် အင်တာနက်ချိတ်ဆက်မှုမရှိဘဲ စစ်ဆေးနိုင်မည် ဖြစ်ပါတယ်။ ထိုစနစ်ကို ဗဟို အိုင်ဒီ (UID) ဒေတာဘေ့စ်နှင့်လည်း တိုက်ရိုက် ချိတ်ဆက်ထားမည်ဟု ဖော်ပြထားပါတယ်။

ဒီနေရာမှာ အထူးသတိထားရမယ့်အချက်ကတော့ ဒီစနစ်ကို လူစစ်ဆေးရေးနဲ့ စောင့်ကြည့်ရေးစနစ် (PSMS) နဲ့ ချိတ်ဆက်ထားမယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အဆိုပါစနစ်ကို စစ်မှုထမ်းရန် သတ်မှတ်ခံရသူတွေကို စောင့်ကြည့်ဖို့၊ လူတစ်ဦးချင်းစီရဲ့ သွားလာမှုတွေကို စစ်ဆေးဖို့နဲ့ ဒေသအလိုက် ခရီးသွားလာခွင့်တွေကို ကန့်သတ်ဖို့ အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဒီဂျစ်တယ် အထောက်အထားစနစ်ဟာ ဝန်ဆောင်မှုရယူဖို့အတွက်သာမက လူတွေရဲ့ လှုပ်ရှားမှုတွေကို စီမံထိန်းချုပ်နိုင်တဲ့ အခြေခံစနစ်တစ်ခုအဖြစ်လည်း အသုံးချနိုင်ခြေရှိနေတယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

အဆိုပါ အီး-အိုင်ဒီ (e-ID)စနစ်ဟာအိန္ဒိယနိုင်ငံရဲ့ အာဒါ(Aadhaar)စနစ်ကို အခြေခံနမူနာယူထားပြီးအဖွင့်အရင်းအမြစ် (Open-source)ဖြစ်တဲ့မိုဆစ်(MOSIP)ပလက်ဖောင်းကို အသုံးပြုထားပါတယ်။ဒီနည်းပညပလက်ဖောင်းကိုယ်တိုင်ကတော့ နိုင်ငံအများအပြားမှာ အသုံးပြုနေတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက နည်းပညာကိုယ်တိုင်ရဲ့လုံခြုံမှုတစ်ခုတည်းမဟုတ်ဘဲ၊ဒီစနစ်ကိုဘယ်သူကထိန်းချုပ်မလဲ၊ဘယ်လိုရည်ရွယ်ချက်တွေအတွက် အသုံးပြုမလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

MoIP ကတော့ “လမင်း စီမံချက်” လို့ခေါ်တဲ့ ရွှေ့လျားဝန်ဆောင်မှုနဲ့ ကျေးရွာတွေ၊ကျောင်းတွေ၊ မြို့နယ်ရုံးတွေထိ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်တွေနဲ့ ဂဏန်း ၁၀ လုံးပါ တစ်ဦးချင်း အိုင်ဒီ (UID) တွေကို ထုတ်ပေးနေပါတယ်။ ဒီအစီအစဉ်မှာ အသက် ၁၀ နှစ်နဲ့အထက် ကျောင်းသားတွေနဲ့ အသက် ၁၈ နှစ်နဲ့အထက်ပြည်သူတွေကိုအဓိကထားပြီးလက်ဗွေ၊ မျက်နှာ စတဲ့ ဇီဝဗေဒ အချက်အလက်(Biometrics)တွေကိုပါစနစ်တကျ စုဆောင်းမှတ်တမ်းတင်နေကြောင်းဖော်ပြထားပါတယ်။

ဒီအချက်က သာမန် စာရင်းကောက်ယူခြင်းတစ်ခုထက် ပိုမိုနက်နဲတဲ့ အဓိပ္ပာယ်ရှိနေပါတယ်။ အသက် ၁၀ နှစ်အရွယ်ကတည်းက UID နဲ့ ချိတ်ဆက်ထားတဲ့ အချက်အလက်စနစ်ကြောင့် ကလေးတစ်ဦးရဲ့ အသက်အရွယ်၊ နေရပ်နဲ့ အခြားဆက်စပ်အချက်အလက်တွေကို အချိန်ကြာမြင့်စွာ စီမံခန့်ခွဲနိုင်မယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။ထိုကလေး အသက် ၁၈ နှစ်ပြည့်လာမယ့်အချိန်ကို ကြိုတင် သိရှိနိုင်သလို၊ နှစ်အလိုက် စစ်မှုထမ်းနိုင်တဲ့ အသက်အုပ်စုမှာ လူဦးရေ ဘယ်လောက်ရှိလာမလဲ ဆိုတာကိုလည်း ခန့်မှန်းနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ထို့အပြင် ထိုသူရဲ့ နေရပ်၊ ကျောင်း၊ ဖုန်း၊ ဘဏ်အသုံးပြုမှု၊ ခရီးသွားလာမှုနဲ့ နောင်အလုပ်အကိုင်ဆိုင်ရာ အချက်အလက်တွေကိုပါ တစ်ဆက်တည်း ချိတ်ဆက်နိုင်မယ့် အခြေခံဒေတာစနစ်တစ်ခု တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် ယင်းစနစ်ဟာ အနာဂတ် လူငယ်မျိုးဆက်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုငယ်စဉ်ကတည်းကစုဆောင်းထားပြီး၊ နောင်အချိန်တွေမှာလည်းသူတို့ရဲ့အချက်အလက်တွေကို ဆက်လက်ခြေရာခံနိုင်မယ့် စနစ်တစ်ခု ဖြစ်လာနိုင်တာကြောင့် စိုးရိမ်စရာအဖြစ် မြင်လာရခြင်း ဖြစ်ပါတယ်။

စစ်အုပ်စုကတော့ ဒီဂဏန်း ၁၀ လုံးပါ အိုင်ဒီ (UID) ကို နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ ဝန်ဆောင်မှုတွေနဲ့ မဖြစ်မနေချိတ်ဆက်အသုံးပြုဖို့ သတ်မှတ်ထားပါတယ်။ ပတ်စ်ပို့ လျှောက်ထားတာနဲ့ သက်တမ်းတိုးတာ၊ နယ်စပ်ဖြတ်ကျော်သွားလာတာ၊ ဆင်းကတ် (SIM Card) မှတ်ပုံတင်တာ၊ ဘဏ်အကောင့်ဖွင့်တာနဲ့ ပင်စင်လစာထုတ်ယူတာတွေမှာUIDမရှိရင်ဆောင်ရွက်ခွင့်မရနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။

အဓိပ္ပာယ်ကတော့ လူတစ်ဦးရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုအများစုကို အိုင်ဒီတစ်ခုတည်းနဲ့ ချိတ်ဆက်လိုက်တာဖြစ်ပြီး၊ အဲဒီအိုင်ဒီကနေတစ်ဆင့် လူတစ်ဦးရဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်အချက်အလက်တွေကို ပြန်လည်ဖော်ထုတ်နိုင်မယ့် အခြေအနေတစ်ရပ်ကို ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တစ်တော့ (TikTok) အပါအဝင်လူမှုကွန်ရက်တွေမှာအိမ်ထောင်စုဇယားအတုတွေ၊ ရက်ချိန်းယူကူပွန်အတုတွေ ရောင်းချတဲ့ လိမ်လည်မှုတွေ ပေါ်ပေါက်လာတာကြောင့် MoIP က ဖုန်းနံပါတ်တွေနဲ့ လူမှုကွန်ရက်အကောင့်အချို့ကို Blacklist ထဲ ထည့်သွင်းပြီး အရေးယူနေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒါက စနစ်သစ်တစ်ခု စတင်အသုံးပြုလာတဲ့အခါ အတုအယောင်ပြုလုပ်မှု၊ လိမ်လည်မှုတွေအပြင် ဒေတာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေပါ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာနိုင်ကြောင်း ပြသနေပါတယ်။

စစ်အုပ်စုရဲ့ အစီအစဉ်အရ ၂၀၂၇ ခုနှစ်ကနေ ၂၀၃၀ ခုနှစ်အတွင်း ဒီဂျစ်တယ် အထောက်အထားကိုအီး-ကုန်သွယ်ရေး (e-Commerce)၊ဘဏ်စနစ်၊ အခွန်စနစ်နဲ့ ဥပဒေရေးရာ ဝန်ဆောင်မှုတွေမှာ အသုံးပြုမယ့် တစ်ခုတည်းသော အတည်ပြုစနစ် အဖြစ် တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။

ဒီစနစ်ကိုအာဆီယံဒစ်ဂျစ်တယ်စီးပွားရေး သဘောတူညီချက်(Digital Economy Framework Agreement – DEFA) နဲ့ ကိုက်ညီစေရန် ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုထားပေမယ့်၊ နည်းပညာစနစ်တွေ တိုးချဲ့လာတဲ့ အရှိန်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို ကာကွယ်ပေးမယ့် ဥပဒေနဲ့ အာမခံချက်တွေကတော့ အားနည်းနေဆဲ ဖြစ်ပါတယ်။

Biometric Update က ထောက်ပြထားတဲ့ စိုးရိမ်စရာအချက်တွေထဲမှာပထမဆုံးအချက်ကတော့ဥပဒေစိုးမိုးမှု အားနည်းနေခြင်းဖြစ်ပါတယ်။ စစ်တပ်ရဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၇ နဲ့ ၂၀၁၇ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေတွေဟာ UID ဒေတာဘေ့စ်လို အရေးကြီးတဲ့ အချက်အလက်စနစ်ကို လုံလောက်စွာ အကာအကွယ်ပေးနိုင်မယ့် အာမခံချက် မရှိသေးကြောင်း ဖော်ပြထားပါတယ်။

ဒုတိယအချက်ကတော့ လွတ်လပ်တဲ့ စောင့်ကြည့်စစ်ဆေးရေး အဖွဲ့အစည်း မရှိခြင်း ဖြစ်ပါတယ်။ဒေတာတွေကို ဘယ်သူက အသုံးပြုမလဲ၊ ဘယ်အတိုင်းအတာအထိ အသုံးချခွင့်ရှိမလဲဆိုတာ ထိန်းကျောင်းနိုင်တဲ့ စနစ်မရှိရင်၊ ဒီအချက်အလက်တွေဟာ လူတစ်ဦးချင်းစီကို စောင့်ကြည့်ခြင်းနဲ့ ထိန်းချုပ်ခြင်းတွေအတွက် အသုံးချခံရနိုင်ပြီး၊ အာဏာပိုင်စနစ်တစ်ခုရဲ့ အခြေခံယန္တရားတစ်ခု ဖြစ်လာနိုင်ပါတယ်။

တတိယအချက်ကတော့ လူ့အခွင့်အရေးဆိုင်ရာအန္တရာယ်ဖြစ်ပါတယ်။လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာအရ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စုဆောင်းထားတဲ့ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ဇီဝဗေဒအချက်အလက် တွေဟာဘင်္ဂလားဒေ့ရှ်ကတစ်ဆင့်မြန်မာဘက်ကို ပေါက်ကြားခဲ့ဖူးကြောင်း ထောက်ပြထားပါတယ်။

ဒီဖြစ်ရပ်က ဇီဝဗေဒအချက်အလက် တွေဟာ တစ်ကြိမ်ပေါက်ကြားသွားရင် စကားဝှက် (Password) ကဲ့သို့ ပြန်လည်ပြောင်းလဲလို့ မရနိုင်တဲ့အတွက် အန္တရာယ်အလွန်ကြီးမားကြောင်း ပြသခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ စုဆောင်းနေတဲ့ ဒေတာတွေကို လူတွေကို စောင့်ကြည့်ခြင်း၊ ဖမ်းဆီးခြင်း သို့မဟုတ် ဖိနှိပ်ခြင်းတွေအတွက် အသုံးချနိုင်မယ့် အခြေအနေကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် အထူးသတိထားသင့်သူတွေကတော့ အသက် ၁၀ နှစ်နဲ့အထက် ကျောင်းသားတွေ၊ မကြာမီ အသက် ၁၈ နှစ်ပြည့်မယ့် လူငယ်တွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ နိုင်ငံခြားသွားလာဖို့ စီစဉ်ထားသူတွေ၊ ဘဏ်ဝန်ဆောင်မှုနဲ့ ဆင်းကတ် (SIM Card) အသုံးပြုသူတွေ၊ နိုင်ငံသားမှတ်ပုံတင်နဲ့ ပတ်စ်ပို့ဆိုင်ရာ ဝန်ဆောင်မှုတွေ လိုအပ်သူတွေ အပါအဝင် ပြည်သူအားလုံး ဖြစ်ပါတယ်။

မိဘများအနေဖြင့်လည်းမိမိတို့ကလေး​တွေရဲ့ကိုယ်ရေးအချက်အလက်နဲ့ ဇီဝဗေဒအချက်အလက်တွေ စုဆောင်းခံရခြင်းဟာ ယနေ့အတွက်သာ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ဘဲ၊ နောင် ၁၀ နှစ်၊ ၂၀ နှစ်အထိ သက်ရောက်နိုင်တဲ့ အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်ကြောင်း နားလည်ထားရန် လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးနဲ့ ဥပဒေရေးရာ အခြေအနေအောက်မှာဒီဂျစ်တယ် အထောက်အထား စနစ်ကို နည်းပညာတိုးတက်မှုတစ်ခုအဖြစ်သာ မမြင်သင့်ဘဲ၊ လူ့အခွင့်အရေး၊ ကိုယ်ရေးလုံခြုံမှုနဲ့ အနာဂတ်မျိုးဆက်တွေရဲ့ လွတ်လပ်ခွင့်အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာရှိတာကြောင့် ယင်းစနစ်က ဘယ်လိုသက်ရောက်လာနိုင်မည်ကို ကြိုတင်သတိထားပြီး အလေးအနက် စောင့်ကြည့်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ။

ကိုးကား- Biometric Update, “Myanmar’s digital ID strategy comes amid a fraught landscape

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

သတင်း

မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်​နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ် သတင်းပေးအဖြစ် စေခိုင်းခံထားရတဲ့ စစ်မှုထမ်း ၁ဦးကို ဖမ်းဆီးရမိတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။