စက်တင်ဘာ ၈၊ ၂၀၂၆။ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၈ရက် ညနေမှာ အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပြီး SCEF မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြဖို့ သဘောတူထားပြီးဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEFရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲ့ဝင်အသစ်များအဖြစ် အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
အစည်းအဝေးကို SCEF အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့သလို ဖက်ဒရယ်ယူနစ်အသီးသီးမှ ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြတယ် လို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကောင်စီဝင်စာရင်းကို အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦး ဖွဲ့စည်းထားတာပါ။
SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ဆောင်ရွက်မယ်လို့ စတင်ဖွဲ့စည်းချိန်ကတည်းက အသိပေးထားပါတယ်။
SCEF ဟာ စစ်ရေးနဲ့ပတ်သက်ပြီး ကော်မတီတရပ်ကို KNUနဲ့ KIO စစ်ရေးခေါင်းဆောင်တွေနဲ့ ဦးဆောင်ဖွဲ့စည်းထားသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။

















































