Connect with us

Hi, what are you looking for?

LuduNwayOo

ညနေခင်း

“ညနေခင်းသတင်း”

ဒီနေ့(ဖေဖော်ဝါရီ၇ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎၂၀၂၂ အတွင်းစစ်တပ်က ကလေးငယ် ၁၆၅ ဦးကိုသတ်ဖြတ်ခဲ့

စစ်အုပ်စုလက်ချက်နဲ့ ကလေးငယ်တွေ သေဆုံးနှုန်းဟာ မြင့်တက်လာပြီး ၂၀၂၂ ခုနှစ်အတွင်းမှာတင် ကလေးငယ် ၁၆၅ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) အစည်းအဝေးမှာတင်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကလေးငယ် ၁၆၅ ဦးသတ်ဖြတ်ခံရပြီး ဒီကိန်းဂဏန်းဟာ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ကထက် ၇၈ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အချို့ကလေးငယ်တွေဟာ စစ်တပ်ရဲ့လေယာဉ်နဲ့ဗုံးကြဲမှု ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု ကိုရှောင်ရှားနိုင်ဖို့ ဗုံးခိုကျင်းထဲမှာ စာသင်နေရတဲ့အခြေအနေဖြစ်နေတယ်လို့ UNICEF ထံ သံအမတ်ကြီးက တင်ပြပါတယ်။

စစ်ကိုင်းတိုင်း၊လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းကတိုက်ခိုက်ခံရပြီးနောက်တွေ့မြင်ရပုံ
စစ်ကိုင်းတိုင်း၊လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းကတိုက်ခိုက်ခံရပြီးနောက်တွေ့မြင်ရပုံ

▪︎ပဲခူးမြို့မှာ တပ်မ (၇၇)ရှေ့အပါအဝင်ဗုံးတွေဆက်တိုက်ပေါက်ကွဲ

ပဲခူးမြို့မှာ မနေ့ကညပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုတွေဟာ ပုဏ္ဏားစု၊ ဆိုရှယ်လစ် (၉)လမ်း၊ ဆိုရှယ်လစ် (၃)လမ်း၊ မဟာစေတီဘက်ခြမ်းနဲ့ တိုင်းဘောလုံးကွင်းအနီးညစျေး စတဲ့နေရာတွေမှာ မနေ့က ပေါက်ကွဲမှု နေရာခြောက်ခုထက်မနည်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ တပ်မ(၇၇)နား ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးပါဘူး။ ပဲခူးမြို့ ဗုံးဆက်တိုက်ပေါက်ကွဲမှုတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးတိုက်ခိုက်မှုတွေထဲက အစိတ်အပိုင်းတွေဖြစ်ပြီး အသေးစိပ်အခြေအနေတွေကိုတော့ ထုတ်မပြောနိုင်သေးဘူးလို့ ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

(ပဲခူးမြို့မှာ ယမန်နေ့(ဖေဖော်ဝါရီ ၇)ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာတစ်ခုမှ အပျက်အစီးအချို့အားတွေ့ရစဥ် ၊ဓာတ်ပုံ - CJ)
(ပဲခူးမြို့မှာ ယမန်နေ့(ဖေဖော်ဝါရီ ၇)ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာတစ်ခုမှ အပျက်အစီးအချို့အားတွေ့ရစဥ် ၊ဓာတ်ပုံ – CJ)

▪︎တအာင်းဒေသ ကြားကာလ(ပအဖ)အဖွဲ့ဝင် မန်တုံပြည်သူ့လွှတ်တော်အမတ် ဒီနေ့ကွယ်လွန်

တအာင်း(ပလောင်)ဒေသကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ မန်တုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခ ကွယ်လွန်သွားတယ်လို့ တအာင်းဒေသကြားကာလ(ပအဖ) က ထုတ်ပြန်ပါတယ်။ ဦးအိုက်ခဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တအာင်းအမျိုးသားပါတီကိုယ်စားပြုအဖြစ် မန်တုံမဲဆန္ဒနယ်မှာ အနိုင်ရရှိခဲ့သူဖြစ်ပြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီ ပြည်သူ့အာဏာ သိမ်းယူပြီးနောက်ပိုင်း တအာင်းဒေသကြားကာလ(ပအဖ)တွင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။တအာင်း(ပလောင်)ဒေသကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ဦးအိုက်ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားတာလို့ ဖော်ပြပါတယ်။ တအာင်းဒေသ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်ဟူသမျှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုပါတယ်။

Public Service Announcement

Public Service Announcement

တအာင်းဒေသ ကြားကာလ(ပအဖ)အဖွဲ့ဝင် မန်တုံပြည်သူ့လွှတ်တော်အမတ် ယနေ့ ကွယ်လွန်
တအာင်းဒေသ ကြားကာလ(ပအဖ)အဖွဲ့ဝင် မန်တုံပြည်သူ့လွှတ်တော်အမတ် ယနေ့ ကွယ်လွန်

▪︎တန့်ဆည်မှာနှစ်ရက်ဆက်တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်နယ်မြို့နယ်မှာ စစ်ကြောင်း‌ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က အများအပြားထိခိုက်သေဆုံးနိုင်တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံက ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်က တန့်ဆည်မြို့ ဘောလုံးကွင်းမှ ထွက်လာတဲ့ (၃၆၁၊ ၃၆၇)တပ်တို့မှ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ သပြေရင်းကျေးရွာ တစ်ညအိပ် တပ်စွဲခဲ့ပါတယ်။ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တန့်ဆည်-ကလေးလမ်းအနီး ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိတယ်လို့ တန့်ဆည်(ပကဖ) တာဝန်ခံက ပြောပါတယ်။

▪︎တိုက်ပွဲဖြစ်နေလို့ ဝေါ်လေ-ထီးကပလယ်လမ်းကိုဒီနေ့ကစဖြတ်သန်းသွားလာခြင်းမပြုဖို့ KNDO ကြေညာ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေရှိ ဝေါ်လေ-ထီးကပလယ် ကားလမ်းမကြီးကို ဒီနေ့ကစလို့ အရပ်သားကားများ သွားလာခြင်းမပြုဖို့ KNUလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလမ်းပိုင်းကို ဒီနေ့ကစလို့ တိုက်ပွဲပြီးဆုံးချိန်အထိ ဘယ်လိုအကြောင်းကိစ္စမဆို အရပ်သား၊ အဖွဲ့အစည်း၊ ကား၊ ဆိုင်ကယ်များမဆို လုံး၀ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိပါက ဖြစ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်များကို တာဝန်ယူမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။ ကရင်သတင်းဌာန KICရဲ့ ဖော်ပြချက်အရ တော်လှန်ရေးလက်နက်ကိုင်အင်အားစုများနဲ့ စစ်ကောင်စီရဲ့ ခလရ(၃၂)၊ ခမရ(၅၈၅)တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ရင်းမှူးအဆင့်ရှိသူ သေဆုံးမှုရှိတယ်လို့ ဖော်ပြပါတယ်။

▪︎သန်လျင် ပြည်သူ့စစ်ခေါင်းဆောင် ရှင်းလင်းခံရ

ရန်ကုန်မြို့ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊တွဲဘက်ဥက္ကဌ ၊ရပ်/ကျေး ပြည်သူစစ်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ စစ်ကောင်စီ​ရဲ့ တပ်ကြပ်ကြီးဟောင်း မြင့်နိုင်ဆိုသူကို ရှင်းလင်းခဲ့တယ်လို့ သန်လျင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။ မနေ့ညပိုင်းက ပြည်သူ့စစ်ခေါင်းဆောင် မြင့်နိုင်ကို သူ့ရဲ့ နေအိမ်မှာပဲ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ တပ်ကြပ်ကြီးဟောင်း မြင့်နိုင်ဟာ ပြည်သူများအပေါ် အနိုင်ကျင့်ဖမ်းဆီးခြင်း၊ ပြည်သူပိုင်အိုးအိမ်များကို အဓမ္မသိမ်းယူခြင်း၊ CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ မြေယာကိစ္စတွေမှာ မလျော်အာဏာသုံးခြင်းနဲ့ ရပ်ကွက်ရှိ လူငယ်တွေကိုလည်း(PDF)ဟု နာမည်တပ်ဖမ်းဆီးမှုများကို ဆောင်ရွက်ခဲ့တယ်လို့ သန်လျင်(ပကဖ) က အသိပေးပါတယ်။

(ရှင်းလင်းခံရသည့် စစ်ကောင်စီတပ်ကြပ်ကြီးဟောင်းမြင့်နိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - Thanlyin Channel)
(ရှင်းလင်းခံရသည့် စစ်ကောင်စီတပ်ကြပ်ကြီးဟောင်းမြင့်နိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ – Thanlyin Channel)

▪︎သစ်ပင်မှာ ချိတ်ထားတဲ့မိုင်းနဲ့စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ သစ်ပင်ပေါ် ချိတ်ထောင်ထားတဲ့ လခြမ်းမိုင်းနဲ့ စစ်ကောင်စီထောက်ပို့ယာဥ်တန်းဖြတ်သန်းလာချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြိုင်(ပကဖ)ခေါင်းဆောင် ကိုလယျ်ာက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဖလံကိုင်းနယ်မြေရဲစခန်းမှထွက်လာတဲ့ စစ်ကောင်စီထောက်ပို့ကားတန်းကို သစ်ပင်ပေါ်မှာ အသင့်ချိတ်ဆွဲထားတဲ့ လခြမ်းမိုင်း (၆)လုံးနဲ့ Well2- ကိုင်းတောမ လမ်းပိုင်းတစ်နေရာမှာ စောင့်ဆိုင်းခဲ့ကြောင်း၊ ယာဥ်တန်းဖြတ်သန်းချိန်မှာတော့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားတန်းရဲ့ ရှေ့ဆုံး FAWကားအတွင်းသို့ ကွက်တိကျကာ ပေါက်ကွဲခဲ့တယ်လို့ ကိုလယျ်ာက ပြောပါတယ်။ ထိခိုက်မိတဲ့ ယာဥ်ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် လိုက်ပါလာကြောင်းသိရပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။

▪︎စစ်ကောင်စီရဲ့ ထောက်လှမ်းရေးသုံးဦးကိုဖမ်းဆီးရမိ

စစ်ကောင်စီရဲ့ ထောက်လှမ်းရေးသုံးဦးကို ဖမ်းဆီးရမိတယ်လို့ YRA ထီးလင်းတာဝန်ခံက ပြောပါတယ်။ သူတို့သုံးဦးကို မနေ့မနက်ပိုင်းက ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ စစ်ဆေးမေးမြန်းရာ အမျိုးသားနှစ်ဦးမှာ ထီးလင်းမြို့ပေါ်အထိုင်ချနေတဲ့ ခလရ (၅၅)မှ တပ်သားများဖြစ်ပြီး ကျန် အမျိုးသမီးတစ်ဦးမှာမူ ပျူစောထီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီသုံးဦးဟာ ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ YRA တာ၀န်ရှိသူက ပြောပါတယ်။ နိုင်ငံတကာစစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားဖို့ ခေါ်ဆောင်လာစဥ် ရုတ်တရက်ထွက်ပြေးဖို့ ကြိုးစားကြလို့ ပစ်ခတ်ဖမ်းဆီးကြရာ သုံးဦးလုံးသေဆုံးသွားကာ ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့တယ်လို့ YRAက ထုတ်ပြန်ပါတယ်။

▪︎ငါန်းဇွန်နယ်မှာ စစ်ကောင်စီယာဥ်ကိုမိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း မြို့သာမှ ငါန်းဇွန်မြို့နယ်သို့လာတဲ့ စစ်ကောင်စီတပ်ယာဥ်ကို ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးတယ်လို့ Myitnge – PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက် နေ့ခင်းက မြို့သာမှ ငါးဇွန်မြို့သို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်များ လိုက်ပါလာတဲ့ ယာဥ်တစ်စီးကို တောင်လယ်တောနဲ့ရွာသာလမ်းကြားမှာ ပဒေသာမိုင်း (၇)လုံးဆွဲကာတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မိုင်းငါးလုံးသာကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် အသက်မွေးမြူရေးသင်တန်းကျောင်း-၂မှ ဗိုလ်ကြီး ၀ကြီးဆိုသူ သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎စစ်ကောင်စီတ​ပ်ကို ဒရုန်းသုံးစီးနဲ့ ဗုံးသီးချတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ တောပုမာယာပင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတ​ပ်ကို ဒရုန်းသုံးစီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Unicorn Guerrilla Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ဖေဖော်ဝါရီ ၅ရက်က တောပုမာယာပင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Unicorn Guerrilla Force အဖွဲ့က ဒရုန်း သုံးစင်းနဲ့ ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း နယ်မြေခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရှိရတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ