Connect with us

Hi, what are you looking for?

အတွေးအမြင်

ခေတ်ပျက်ထဲမှာ ဇာတ်မင်းသားတွေရဲ့ သိန်း ၂၅၀ တန် ပန်းချီကားနဲ့ တစ်သိန်းနီးပါးတန် ဓာတ်ပုံစာအုပ်

နိုဝင်ဘာ ၆ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်က YCC ခန်းမမှာ ဇာတ်မင်းသား စမ်းရေမိုးရဲ့ ဖျော်ဖြေပွဲ ပြုလုပ်ပါတယ်။ အဲဒီပွဲမှာ စမ်းရေမိုး ပုံတူ ပန်းချီကားကို လေလံတင် ရောင်းချခဲ့ရာမှာ အမျိုးသမီးတွေ အပြိုင်အဆိုင် လေလံ ဝင်ဆွဲခဲ့ကြတယ်။ နောက်ဆုံးတော့ အမျိုးသမီးတစ်ဦးက ကျပ်သိန်း ၂၅၀ နဲ့ လေလံ အောင်သွားခဲ့ပါတယ်။ လေလံအောင်တဲ့ အမျိုးသမီးဟာ လက်တွေတောင် အေးစက်သွားခဲ့တယ်တဲ့။ ဂုဏ်ယူရပါတယ်တဲ့။

တည်ကြည် / People’s Spring

နိုဝင်ဘာ ၆ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်က YCC ခန်းမမှာ ဇာတ်မင်းသား စမ်းရေမိုးရဲ့ ဖျော်ဖြေပွဲ ပြုလုပ်ပါတယ်။ အဲဒီပွဲမှာ စမ်းရေမိုး ပုံတူ ပန်းချီကားကို လေလံတင် ရောင်းချခဲ့ရာမှာ အမျိုးသမီးတွေ အပြိုင်အဆိုင် လေလံ ဝင်ဆွဲခဲ့ကြတယ်။ နောက်ဆုံးတော့ အမျိုးသမီးတစ်ဦးက ကျပ်သိန်း ၂၅၀ နဲ့ လေလံ အောင်သွားခဲ့ပါတယ်။ လေလံအောင်တဲ့ အမျိုးသမီးဟာ လက်တွေတောင် အေးစက်သွားခဲ့တယ်တဲ့။ ဂုဏ်ယူရပါတယ်တဲ့။

နောက်တစ်ဦးကတော့ စမ်းရေမိုးနဲ့အတူတူ ဒီမိုးထဲ ရေထဲကာလထဲမှာပဲ ပေါ်ပေါက်လာတဲ့ ဇာတ်မင်းသား အောင်ဇမ္ဗူပါ။ သူကတော့ သူ့အလှပုံတွေကို ကြွေစက္ကူပေါ်မှာ ပုံနှိပ်ထားတဲ့ မဂ္ဂဇင်းဆိုဒ်အရွယ် စာအုပ်တစ်အုပ် ထုတ်ပါတယ်။ စာအုပ်စျေးနှုန်းက တစ်သိန်းကို တစ်ထောင်လျှော့၊ ကိုးသောင်းကိုးထောင်ပါတဲ့။ ဝယ်လိုက်ကြတာ အလုအယက်ပါ။

ခေတ်ပျက်ကာလထဲမှာပဲ ပေါ်ပေါက်လာတဲ့ ဇာတ်မင်းသားတွေ အထူးသဖြင့် စမ်းရေမိုးနဲ့ အောင်ဇမ္ဗူဟာ ပရိသတ် အင်အား တောင့်တဲ့သူတွေပါ။ တစ်ညကပြပြီဆိုရင် သူတို့ ပုံမှန်ရတဲ့ အမြတ်အစွန်းအပြင် ဆုကြေးငွေတွေက တစ်ညတစ်ည ကျပ်သိန်းရာချီ ရကြပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ပကနေ လှမ်းကြည့်တဲ့သူတွေ၊ ဒီသတင်းပုံရိပ်တွေကို မြင်တဲ့သူတွေအဖို့တော့ ပြည်တွင်း စစ်မီး တောက်လောင်နေပြီး တိုင်းပြည် စီးပွားပျက်၊ ပြည်သူ သုံးဦးမှာ နှစ်ဦး အငတ်ဘေးကြုံနေတဲ့ နိုင်ငံမှာ ပန်းချီကားတစ်ချပ်ကို သိန်း ၂၅၀ နဲ့ လေလံဆွဲနိုင်ကြတယ်၊ မဂ္ဂဇင်း စာအုပ်တစ်အုပ်ကို တစ်သိန်းနီးပါးနဲ့ အလုအယက် ဝယ်ယူနေကြတယ်ဆိုတာကို ကြည့်ပြီး အံ့ဩနေကြပါလိမ့်မယ်။ မြန်မာပြည်မှာ ချမ်းသာသူတွေ အများကြီး ကျန်သေးပါလားလို့ ထင်ကောင်း ထင်ကြမှာပါ။ တကယ်တော့ အဲဒါ မြေပြင် အခြေအနေ အမှန် မဟုတ်ပါဘူး။ ဒါက အာဏာသိမ်း စစ်အုပ်စု၊ စစ်တပ်နဲ့ နီးစပ်သူတွေက ပြသချင်တဲ့ မသာပေါ် မိတ်ကပ် လိမ်းထားတဲ့ မျက်နှာစာပါ။

ဒါကို ထင်ရှားစေတာကတော့ အဲဒီ ဇာတ်မင်းသားတွေရဲ့ ပတ်ဝန်းကျင်မှာ သူတို့ကို ပွဲအမျိုးမျိုး ထုတ် စန်းတင်နေသူတွေကို သေချာ စေ့စေ့စပ်စပ် ကြည့်လိုက်ရင် စစ်တပ် အသိုင်းအဝိုင်းက ဖြစ်နေတာကို အထင်အရှား မြင်ရပါလိမ့်မယ်။ စမ်းရေမိုးရဲ့ ပန်းချီကား လေလံတင်တယ်ဆိုတဲ့ ပွဲစင်မြင့်ပေါ်မှာ စစ်အုပ်စု အချစ်တော် ဒေါ်စန္ဒာခင် က ပြုံးပြုံးကြီးပါ။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တဝုန်းဝုန်း ကျဆင်းလာတဲ့ မြန်မာငွေစက္ကူ တန်ဖိုးကြောင့် မြန်မာပြည်သူတွေဟာ ယခင်ကထက် အဆပေါင်းများစွာ ရုန်းကန်နေရပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံရှိ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုလို့ နာမည်ပေးထားတဲ့ အစီရင်ခံစာမှာဆိုရင် မြန်မာနိုင်ငံက လူ ၃ ယောက်မှာ ၂ ယောက်ထက်ပိုတဲ့ ပမာဏ ဒါမှမဟုတ် လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၃၇ သန်းကျော်ဟာ အကျပ်အတည်းတွေ ကြုံတွေ့နေရတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၃၂ ဒသမ ၆ ရာခိုင်နှုန်း (ခန့်မှန်းခြေအားဖြင့် ၁၇ ဒသမ ၉ သန်း) ဟာ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုကို ခံစားနေရပြီး နောက်ထပ် ၁၉ ဒသမ ၅ သန်းမှာ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှု အန္တရာယ် ကျရောက်လွယ်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီလို အခြေအနေမျိုးမှာ တစ်ဖက်က ပြည်သူ အများစုကတော့ အခြေခံ စားဝတ်နေရေးအတွက် သေရေးရှင်ရေး ရုန်းကန်နေရချိန်၊ နောက်တစ်ဖက်မှာတော့ ဇာတ်သဘင် လောကသားတွေနဲ့ အချို့သော အခွင့်ထူးခံတွေကတော့ တိုင်းပြည်ရဲ့ ပကတိ ဒုက္ခတွေကို မျက်ကွယ်ပြုကာ ငွေကြေး ပုံအော စီးပွားရှာနေကြဆဲပါ။

တစ်ခါက နာမည်ကျော် ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်ဟာ သူကမယ့် ဒေသကို နေ့ခင်းကတည်းက ရောက်နေပြီး ဇာတ်ခုံ နောက်ကျောမှာ ထိုင်နေပါတယ်။ အဲဒီအချိန်မှာပဲ လူသံ၊ လှည်းသံတွေ ကြားလို့ ကာထားတဲ့ ထရံကြားကနေ အပြင်ကို လှမ်းကြည့်မိတယ်တဲ့။ ရွှေမန်းတင်မောင် မြင်လိုက်ရတာက နေပူကျဲတဲမှာ လာနေကြတဲ့ လှည်းတန်းကြီးရယ်ပါ။

သူတို့ကပြတာကို အားပေးဖို့ ရပ်ဝေးကနေ နေပူကြီးထဲ ပင်ပင်ပန်းပန်း လာခဲ့ကြတဲ့ ပရိသတ်တွေပါ။ ရွှေမန်းတင်မောင်လည်း ဒူးတပ်ထိုင်ချပြီး အဲဒီ လှည်းတန်းကြီးကို လက်အုပ်ချီ ကန်တော့ခဲ့ပါသတဲ့။

အနုပညာသမားတွေဟာ ပရိသတ်ဆိုတာ ထမင်းရှင်ပါဆိုတဲ့ စကား တွင်တွင် ပြောတတ်ကြပါတယ်။ ပရိသတ်ဆိုတာမျိုးက မြို့ပေါ် ကွက်ကွက်ကလေး တင်မဟုတ်ပါ။ အခု စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့နေတဲ့၊ လေကြောင်း တိုက် သတ်ဖြတ်နေတဲ့ အညာဒေသဟာ ဇာတ်သဘင်သမားတွေဆို ဖူးဖူးမှုတ် အားပေးခဲ့ကြတဲ့ ဒေသတွေပါ။ အိမ်ဦးခန်းထား မြှောက်စားခဲ့ကြသူတွေပါ။ ယခုတော့ သူတို့ ဒုက္ခ၊ သူတို့ သောကတွေကို စာနာဖို့ ဝေးလို့ သူတို့ အသံတွေ မကြားနိုင်အောင်ပါ ဇာတ်စင်က ဆိုင်းသံတွေနဲ့ ဖုံးလွှမ်းဖို့ ကြိုးစားနေကြတယ်။

ဇာတ်မင်းသား ပုံတူ ပန်းချီကား ကျပ်သိန်းရာချီ ပေးပြီး လေလံဆွဲနေချိန် တစ်ဖက်က စစ်ဘေးသင့် ဒေသမှာတော့ နောက်တစ်ရက်အတွက် စစ်ရှောင်တွေ ကျွေးဖို့ မွေးဖို့ ခေါင်းခဲနေကြသူတွေ ရှိနေတယ်။ ဇာတ်မင်းသား အောင်ဇမ္ဗူ ဓာတ်ပုံ စာအုပ် တစ်သိန်းနီးပါးနဲ့ အလုအယက် ဝယ်နေကြချိန် နည်းပါးလှတဲ့ တစ်ရက်ဝင်ငွေနဲ့ မနည်း ကာမိအောင် ခြိုးခြံချွေတာ စားသောက်နေရသူတွေ ရှိနေပါတယ်။ ဒါဟာ မြေပြင်မှာ လက်ရှိ ဖြစ်နေတဲ့ အမှန်တရားပါပဲ။

ဒီထက် ပိုဆိုးတာကတော့ စစ်တပ်က ဗုံးကြဲ၊ စစ်ကြောင်းထိုးလို့ လပေါင်းများစွာ အိမ်မပြန်နိုင်ဘဲ ထွက်ပြေးနေရပြီး ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ သူတို့အတွက်တော့ စမ်းရေမိုး ပုံတူ ပန်းချီကား၊ အောင်ဇမ္ဗူ ဓာတ်ပုံစာအုပ်တို့ထက် စစ်တပ် ဗုံးလာကြဲမှာကို မစိုးရိမ်ရဘဲ အိပ်ရေး ဝဝ အိပ်ရဖို့၊ အသားဟင်း ဖြစ်ဖြစ် ကြက်ဥဟင်း ဖြစ်ဖြစ် ဝလင်စာ စားရမယ့် ထမင်းတစ်နပ်က ပိုတန်ဖိုးကြီးပါတယ်။

(▪︎ မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးမယ့် အန္တရာယ်ကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေ။ ဓာတ်ပုံ — U Pyay
▪︎ စမ်းရေမိုး ပုံတူ ပန်းချီကား လေလံအောင်သွားသူနှင့် ပွဲစီစဉ်သူများ၊ အောင်ဇမ္ဗူ ဓာတ်ပုံစာအုပ်။ ဓာတ်ပုံ — CJ)

ဆက်စပ်သတင်းများ

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

လူမှုကွန်ရက်မှာ ဝေဖန်တိုက်ခိုက်နေကြသူတွေကို တရားစွဲဆိုသွားမယ်လို့ ဇာတ်မင်းသားအောင် ဇမ္ဗူက ခြိမ်းခြောက်ပြောဆို လိုက်ပါတယ်။

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။