အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာကို အမေရိကန် နိုင်ငံခြားရေးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အများပြည်သူ သိရှိစေရန် ထုတ်ပြန်လာပါတယ်။ ၂၀၂၆ ဩဂုတ်လ ရက်စွဲနဲ့ မဟာဗျူဟာ စာတမ်းကို ထုတ်ပြန်ပေမယ့် အောက်တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာလဆန်းမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာကြတာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာမှာ ကုန်သွယ်ရေး၊ ပို့ကုန်၊ သွင်းကုန် မြှင့်တင်ရေး၊ မြေရှား ရရှိရေး၊ အွန်လိုင်း ငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေး၊ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေး၊ အမေရိကန် သြဇာ လွှမ်းမိုးရေး စတဲ့ အကြောင်းအရာတွေ အဓိက ပါဝင်ပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာက နွေဦးတော်လှန်ရေးအပေါ် ဘယ်လို သက်ရောက်လာနိုင်လဲ၊ နွေဦးတော်လှန်ရေးရဲ့ လက်ရှိ အခြေအနေတွေကို လူထု တော်လှန်ရေးမှာ ဦးဆောင် ပါဝင်နေသူတစ်ဦးဖြစ်တဲ့ ဦးမင်းကိုနိုင်ကို နိုဝင်ဘာ ၆ ရက်မှာ ဆက်သွယ် မေးမြန်းထားပါတယ်။
မေး — မင်္ဂလာပါ ဦးမင်းကိုနိုင်ရေ။ ပထမဆုံး လူပြောများနေတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာသစ်နဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်ပါလဲ။ ပြည်သူတွေကြားထဲမှာတော့ ပြည်သူတွေကို နေ့စဉ် ဗုံးကြဲ သတ်ဖြတ်နေတဲ့ စစ်တပ်နဲ့ အမေရိကန်အစိုးရက အခုလို ထိတွေ့ ဆက်ဆံလာတဲ့အပေါ် အံ့ဩတာတွေ ရှိသလို၊ မြန်မာပြည်သူတွေ တောင်းဆိုသံတွေကို အမေရိကန်အစိုးရက မျက်ကွယ်ပြုထားတယ်ဆိုပြီး ဝမ်းနည်းတာ၊ ဒေါသထွက်တာမျိုးတွေလည်း တွေ့ရပါတယ်။
ဖြေ — ကမ္ဘာကြီးက အမြဲတမ်း အနည်းဆုံး နှစ်ခြမ်းကွဲနေတာပါဗျာ။ ဒီတစ်ချက်ကို သိထားရင်ရပါတယ်။ အနည်းဆုံးနော်။ ထရမ့်အစိုးရ အနေနဲ့ သူ စိတ်ကြိုက် လုပ်လို့ရမယ်လို့တော့ မတွေးမိပါစေနဲ့ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ပြည်တွင်းမှာလည်း သူနဲ့ မတူကွဲပြားတာ ရှိတယ်။ အခု ဒီမိုကရက်တွေ လွှတ်တော်ထဲမှာ အများကြီး ရသွားတဲ့အခါကျတော့ သူ့ကို စံချိန်စံညွှန်းတွေနဲ့ တင်းကျပ်ကြမှာပဲ။ အထူးသဖြင့်တော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ၊ ဒါတွေနဲ့တော့ တိုင်းကြမှာပဲ။ အဲဒီတော့ ပြည်တွင်းမှာတင် မကပါဘူး။ ပြည်ပ နိုင်ငံတကာမှာလည်း သူနဲ့ မတူကွဲပြားတဲ့ အင်အားကြီးတွေ ရှိနေတာပဲဗျာ။ အဲဒီတော့ ဒါ မဆန်းပါဘူး။ အကျိုးစီးပွားကို ဗဟိုပြုလာတဲ့ ကမ္ဘာကြီးမှာ ကျင့်ဝတ်နဲ့အညီ အထူးသဖြင့် တိုက်ပွဲဝင်နေရတဲ့သူတွေအတွက်ကတော့ အခက်အခဲတွေ ရှိတာပါပဲ။ ဒါပေမယ့် အခက်အခဲမှာပဲ အခွင့်အလမ်းတွေ ရှိပြန်တယ်ပေါ့။ အဲဒီတော့ သဘောကတော့ဗျာ အနောက်ကို အနောက်ကိုင်းကို ခုန်ကူးမယ်ဆိုပြီးတော့ အရှေ့ကိုင်းကို ခြေကန်လိုက်တဲ့ ဓားပြအဖွဲ့ကပဲ သစ်ကိုင်းလွတ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးတော်လှန်ရေးက မူအပေါ်မှာပဲ ရပ်နေတာလေ။ ဒီမူနဲ့ ကိုက်တယ်ဆိုရင် ကျွန်တော်တို့ ဘယ်နိုင်ငံနဲ့မဆို လက်တွဲ လုပ်လို့ရတာကိုးဗျ။ ဒီလို အခွင့်အရေး ရှိပါတယ်ဗျ။
မေး — အမေရိကန်ရဲ့ မဟာဗျူဟာသစ်မှာ အမေရိကန်ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ကျားဖြန့် တိုက်ဖျက်ရေး၊ မြေရှား ရရှိရေး၊ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေး လုပ်ပေးမယ်၊ ကုန်သွယ်ရေး တိုးမြှင့်မယ်၊ အမေရိကန် သြဇာ လွှမ်းမိုးမှု တိုးချဲ့မယ် ဆိုတာတွေ အဓိက တွေ့ရတယ်။ တရုတ်အစိုးရက မြန်မာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက မကျော်ရမယ့် စည်းသုံးစည်း ဆိုပြီး တားထားတာလည်း ရှိပါတယ်။ ဒါကြောင့် တချို့အချက်တွေကြောင့် အင်အားကြီး နှစ်နိုင်ငံ ထိပ်တိုက်တွေ့မယ် အခြေအနေ ရှိတယ်လို့ သုံးသပ်ရပါတယ်။ ဒီအခြေအနေတွေက နွေဦးတော်လှန်ရေးအပေါ် ဘယ်လို သက်ရောက်လာနိုင်ပါလဲ။

Public Service Announcement
ဖြေ — ဟုတ်တယ်။ ဒီအချက် နှစ်ချက်ကိုတော့ ဗြောင်ကျကျပဲ သုံးကြတယ်။ တကယ့်တကယ် အကျိုးစီးပွားကလည်း အဲဒါပဲ။ ပထဝီတွေ ဘာတွေက နောက်မှပါ။ ဒီဟာ (မြေရှား) က လက်တွေ့ကျတယ်။ ဒီခေတ်သစ် ကမ္ဘာကြီးမှာ ဒါ မရှိမဖြစ်တွေပဲ။ ဆိုတော့ ဒီလိုပေါ့ မြေရှားလို ဟာမျိုးဆိုရင် တကယ်တမ်းက ဘယ်နေရာမှာ ရှိနေတာလဲ။ တကယ်တော့ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက် ထိန်းချုပ် စိုးမိုးထားတဲ့ နေရာတွေမှာ ရှိနေတာ၊ များစွာပေါ့။ အဲ့အချက်ကိုလည်း သူတို့ သိကြပါတယ်။ သိလို့လည်း ဒီခေါင်းစဉ်အောက်ကနေပြီးတော့ ဘက်ပေါင်းစုံကို ချဉ်းကပ်မယ်ဆိုပြီးတော့ ပြောနေတာက တော်လှန်ရေး အင်အားစုတွေ ဒီခေါင်းဆောင်တွေ NUG အစိုးရ အပါအဝင် SCEF အပါအဝင် ဒါတွေကို သူတို့ သေချာပေါက် ချဉ်းကပ်ရမှာပါ။ စူပါ အင်အားကြီးတွေ ထိပ်တိုက် တွေ့ကြရင်တော့ဗျာ၊ ဒီလိုပါပဲ။ ကမ္ဘာကြီးမှာ အင်အားငယ်တဲ့သူတွေက ဘာနဲ့ တူနေလဲဆိုတော့ ဘုံကျောင်းရှေ့မှာ နဂါးကသလိုပေါ့၊ ခေါင်းက လှည့်လိုက် ယမ်းလိုက် လှည့်လိုက်တာနဲ့ တစ်ကိုယ်လုံးက အထူးသဖြင့် အမြီးဖျားတွေအထိပေါ့၊ လမ်းလုံးပြည့်သွားအောင် လူးလွန့်သွားရတာပဲ။ အဲဒီလို သက်ရောက်မှုတွေကတော့ ရှိမှာပဲ။ အဲဒီ့ ရှိတဲ့ သက်ရောက်မှုတွေကပဲ အားသာချက်တွေ အခွင့်အရေးတွေ အဖြစ် ဖန်တီးယူရမှာပဲ။ ဒါ တော်လှန်ရေးရဲ့ ဉာဏ်မျက်စိနဲ့ ကြည့်မယ်ဆိုရင် ခေါင်းဆောင်တိုင်း သိနေတာပဲဗျ။ အထူးသဖြင့် ကြည့်ရမှာက ဗျာ တကယ့် အကျိုးအမြတ်ရှိမယ့် မြေရှားက တော်လှန်ရေး အင်အားစုတွေ လက်ထဲမှာ ရှိနေပြီးတော့ တကယ့် အထုတ်အရှုပ် အကြီးအကျယ် တွေ့ရမယ့် ဒုက္ခအဖြစ် ကျားဖြန့်က စစ်ကောင်စီ ထိန်းချုပ်နေရာတွေမှာ ရှိနေတာပဲဗျ။
မေး — ဒီအခြေအနေတွေကနေ နွေဦးတော်လှန်ရေးအတွက် အကျိုးရှိလာအောင် တော်လှန်ရေး အဖွဲ့တွေ အနေနဲ့ ဘာလုပ်သင့်တယ်လို့ ထင်ပါလဲ။ အခုရော ဘာလုပ်နေကြပြီလဲဆိုတာ ပြည်သူတွေ ပြောပြလို့ ရသလောက် ပြောပေးပါဦး။
ဖြေ — ဒီဖက်ဆစ်တွေက အခက်အခဲ ပေါင်းစုံ ကြုံရတာ၊ အဲဒီတော့ သူတို့ လုပ်မယ့် အလုပ်က အာရုံလွှဲမယ်၊ အချိန်ဆွဲမယ် ပြီးရင် စိတ်ဝမ်းခွဲလိမ့်မယ်။ ဒါပဲ ရှိတယ်။ ကျွန်တော်တို့ တော်လှန်ရေးဘက်ကတော့ ဥပမာ ဆိုပါတော့ ကိုယ်စားပြုမှု အများဆုံးနဲ့ တကယ့် အချိုးအကွေ့ကို အပြောင်းအလဲ ဖြစ်နိုင်မယ့် စုဖွဲ့မှုမျိုး လုပ်နေတာပဲလေ။ SCEF ဆိုလို့ရှိရင် ကိုယ်စားပြုမှုတွေကို များနိုင်သမျှ များအောင်၊ ပြီးတဲ့အခါကျဗျာ အားလုံး သိတဲ့အတိုင်း ဒါက နိုင်ငံရေး တစ်ခုတည်းအတွက် မကဘူး။ စစ်ရေးနဲ့ပါ ဖွဲ့စည်းထားတာ တွေ့ရလိမ့်မယ်။ ဒါတွေ အားလုံးက အလုပ်တွေကို သိမ်းကြုံး လုပ်နေကြတာပဲ။ တစ်ခုပဲ ရှိတယ်။ မီဒီယာပေါ် တင်တာနဲ့ မတင်တာပဲ ရှိတယ်ဗျ။ ဒါက ဒီဘက်က လုပ်နေတာ။ တော်လှန်ရေးဘက်က နော်။ အဲဒီလိုပဲ နိုင်ငံတကာ ရောက် ပြည်သူတွေကလည်း သံရေး တမန်ရေးမှာ သက်ဆိုင်ရာ Institution အသီးသီးကို သွားပြီးတော့ အရေးပေါ် လိုအပ်ချက် ရေရှည် ဗျူဟာအရ အလုပ်တွေကို အကုန် လုပ်နေကြတာပဲ။ ဒီ ယန္တရားကြီးက နည်းနည်းနော နော မဟုတ်ဘူးနော်။ ကျွန်တော်တို့ CDM တွေ အပါအဝင်ပေါ့ဗျာ တကယ့် စေတနာ့ဝန်ထမ်း နိုင်ငံတကာ ရောက် ပညာရှင်တွေကနေ ဝိုင်းလုပ်ပေးနေကြတာ။ ပြီးရင် ကျွန်တော်တို့ ဘဏ္ဍာရေးပေါ့။ ဘဏ္ဍာရေးကလည်း မကြာခင်မှာ SCEF ကနေပြီးတော့ ကြေညာပါ့မယ်။ သူတို့အတွက် အစီအမံတွေပေါ့။ ပြည်သူလူထု ဘယ်လို ပူးပေါင်းလို့ ရပြီဆိုတာကို ကြေညာမှာပါ။ ဒါက လာကိုလာရမယ့် ကိစ္စတွေပါ။ ဆိုတော့ အားလုံးက ပြင်ထားရမှာကတော့ ကြီးမားတဲ့ အပြောင်းအလဲကြီးကို ချိုးကွေ့နိုင်မယ့် စုဖွဲ့မှုကို ဝိုင်းပြီးတော့ အားပေးကြဖို့ပဲ။ ကျွန်တော် ခုနက ပြောသလို စိတ်ဓာတ်ရေးရာ အရရော ထောက်ခံမှုရော၊ ငွေရေးကြေးရေးရော အကုန်လုံးပေါ့ဗျာ။ ဒါတွေ အကုန်လုံးက တစ်ပြိုင်နက်တည်း ဟန်ချက်ညီညီ လုပ်ကြရမယ့် အချိန် ရောက်တော့မယ်နော်။
သတိထားမိလိမ့်မယ် ထင်တယ်။ ရခိုင်ဘက်မှာရယ် နောက်ပြီးတော့ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်းမှာရယ်ပေါ့ အဲဒီ့ တိုက်ပွဲတွေမှာ တောက်လျှောက် စစ်ကောင်စီက အလုံးအရင်းနဲ့ကို ဆုံးရှုံးပြီးတော့ စစ်သင်္ဘောတွေကအစဗျာ မီးလောင် ပျက်စီးတာတွေကအစ အကုန်လုံး တွေ့နေကြတဲ့ အခြေအနေပေါ့။ အဲဒီ့ကနေ စပြီး အခု ဒီနေ့အထိပေါ့ အဲဒါသည် ကျွန်တော်တို့ တော်လှန်ရေးရဲ့ နောက်လှိုင်း တစ်လုံး တက်လာတယ်ဆိုတာကို မြင်ရလိမ့်မယ်။ ကျွန်တော်တို့ အင်မတန် နိမ့်ပါးခဲ့တဲ့ အချိန်တွေ ဖြတ်သန်းခဲ့ရပါတယ်။ ဒါတွေကို ပြန်ပြီးတော့ အရှိန်နဲ့ပေါ့။ အဲဒီ့ကျ ရှိန်နဲ့ လှိုင်းလုံးအကြီးကို ပြန်ပြီးတော့ ဖန်တီးနိုင်တာကို တွေ့ရလိမ့်မယ်။
မေး — လက်ရှိ နွေဦးတော်လှန်ရေး အတက်၊ အကျ အခြေအနေတွေကိုလည်း ပြည်သူတွေကို ပြောပြပေးပါလား။
ဖြေ — ဒါဆို ဘဏ္ဍာရေးဘက် ကြည့်မယ်ဗျာ၊ အခု ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ ပြည်ပရောက် လုပ်သားတွေနဲ့ ဒီဖက်ဆစ်တပ်နဲ့ အကြီးအကျယ် တိုက်ပွဲကြီး ဖြစ်နေတာ။ ကျည်တစ်ပေါက် မဖောက်ပေမယ့် ဒါ သိပ်ကြီးတဲ့ စစ်ပွဲကြီးပဲ။ ဘာကြောင့်လည်းဆိုတော့ သူ ပြည်သူလူထုနဲ့ ထိပ်တိုက် ပြန်တွေ့တာ။ အဲဒီ့မှာ ရောက်နေတဲ့ သန်းနဲ့ချီနေတဲ့ လုပ်သားတွေက အခု လုပ်နေတဲ့ လှုပ်ရှားမှုက နည်းနည်းနော နော မဟုတ်ဘူးနော်။ ကမ္ဘာကြီးကလည်း စောင့်ကြည့်နေတာ။ နောက်တစ်ခုက သူတို့ကတော့ ဒီတိုက်ပွဲမှာ မရှုမလှတော့ ဖြစ်နေတာပဲ။ ဒီစစ်တပ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ စစ်ဓားပြရဲ့ ဝန်ကြီး ကိုယ်တိုင် ဝန်ခံပြီးတော့၊ အလုပ်သမားဝန်ကြီးက ဝန်ခံပြီးတော့ ပြောနေရတာ။ သူတို့ ရမယ့် ပိုက်ဆံတွေကို မရဘူး ဖြစ်နေပြီဆိုတာကို။ အဲဒီ့မှာ အားပြိုင်မှုတွေကတော့ အများကြီးပဲ၊ ဖက်ဆစ်တွေကတော့ ခြိမ်းခြောက်မှာပဲ။ ပြီးတဲ့အခါကျလို့ရှိရင် ပြည်သူလူထုကို မညှာမတာ လုပ်မှာပဲ။ ဒါ သူ့အပိုင်း၊ ဒါပေမယ့် တစ်ဖက်မှာ ရောက်နေတဲ့ အထဲမှာက အဲဒီ့ လူ့အဖွဲ့အစည်းတွေပေါ့။ ရွှေ့ပြောင်း လုပ်သားတွေကို ဦးဆောင်နေကြတဲ့သူထဲမှာ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားတဲ့ ခေါင်းဆောင်တွေ များစွာ ပါတယ်။ သူတို့တွေကနေပြီးတော့ နိုင်ငံရေးအရပါ ထိရောက်နိုင်တဲ့ တုံ့ပြန်မှုတွေကိုပါ လုပ်ရတာ။ အဲဒီတော့ ဒီဟာဆိုရင် အခုဆိုလို့ရှိရင် စစ်တမ်း ကောက်နေတာ နှစ်သန်းကျော်ပြီ။ နည်းနည်းနော နော မှ မဟုတ်တာဗျ။ အဲဒီ့ကနေ ထပ်ပြီးတော့ လုံလောက်တဲ့ အတိုင်းအတာ တစ်ခု ရမယ်ဆိုရင် ဒီဟာသည် ဘဏ္ဍာရေး တိုက်ပွဲမှာ ပြည်သူလူထုဟာ လက်နက် မကိုင်သော်ငြား ဘဏ္ဍာရေး တိုက်ပွဲမှာ ဒီလို အကွက်ကျကျ ဒီလို ကြောင်းကျိုးဆီလျော် ဒီလို တခြား ရွေးချယ်စရာတွေကို ရှာပြီးတော့ တိုက်ရင် နိုင်တယ်ဆိုတာကို ပြလို့ရပြီ။ ဥပမာဗျာ ကျွန်တော်တို့ဗျာ သပိတ်တွေ ရှိတယ်ဗျာ။ သပိတ်ဆိုတာ Boycott ကို ပြောတာ၊ အဲဒါ ဘာလဲဆိုတော့ စစ်တပ် ထုတ်ကုန်တွေကို ပြည်သူတွေ ဒီ့ထက် ပိုပြီးတော့ မသုံးပဲနဲ့ ရှောင်နိုင်ရင်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ စစ်တပ် ထိန်းချုပ်ထားတဲ့ ဒေသမှာတောင် ဒါက ကျင့်လို့ ရတယ်လေ။ ခင်ဗျားဗျာ သူတို့ ရောင်းတဲ့ ဘီယာဆိုင်တွေ ဘာဖြစ်လို့ လူတွေ ရှိနေရတာလဲ။ တကယ်ဆိုရင် သူတို့ ထုတ်တဲ့ ဘီယာတံဆိပ်တွေ အရက်တံဆိပ်တွေ စီးကရက်တွေ ကြေညာပေးထားတာပဲဗျ။ အဲဒါတွေကိုသာ တကယ်သာ သပိတ်တိုက်ပွဲ အနေနဲ့ ဆင်နွှဲနိုင်မယ်ဆိုရင် ဒီကောင်တွေ ဘဏ္ဍာရေး ရစရာ မရှိအောင် ရူးခါသွားမှာ။ အခု သူတို့ အားကိုးနေရတာက စစ်တပ်ရဲ့ ဝင်ငွေ စီးပွားတွေရယ် ပြည်ပရောက်တွေ ငွေပြန်ပို့တဲ့ ကိစ္စတွေကို မှီခိုနေရတာနော်။ တိုင်းပြည်က။ သူတို့မှာ ရစရာ အကြောင်းက သိပ် မရှိတော့ဘူး။ ဆိုတော့ ဒီဟာတွေကို သပိတ်တိုက်ပွဲ ပုံစံတွေနဲ့ တိုက်နိုင်တယ်ဆိုရင်တော့ ဘဏ္ဍာရေးမှာပါ အလဲထိုးနိုင်မယ်လို့ ပြောလို့ရတယ်။
စီးပွားရေးကို ကြည့်ဗျာ။ ရွှေတစ်ကျပ်သားကို သိန်းရာကျော်သွားပြီ။ ပြည်သူတွေက ရွှေကို ကိုက်စားနေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် ပြောတာက ဘာလဲဆိုတော့ မြန်မာငွေရဲ့ ဖောင်းပွမှုကို ပြောတာ။ အဲဒီတော့ အထွေထွေ ကုန်ဈေးနှုန်းကတော့ အခြေခံတွေကအစ တက်ဦးမှာပဲ။ အခု လောင်စာဆီ အခက်အခဲ ကြုံဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာငွေ တန်ဖိုးမရှိတာတွေ သူတို့ မဟာဒရား ထုတ်ထားတဲ့ ဒဏ်တွေကို သူတို့ လှိမ့်ခံနေရပြီလေ။ အဲဒီ့အချိန်မှာ သူတို့က ဓားစာခံတွေကို ဘယ်ဓားစာခံလည်းဆိုတော့ နိုင်ငံရေး ဓားစာခံတွေဗျ။ နိုင်ငံရေး ဓားစာခံတွေကို ထုတ်ပြီးတော့ ကစားဖို့ ကြိုးစားဦးမှာပဲ။ အဲဒါကတော့ အဆင့်ဆင့် ဖြစ်မှာပဲ။ သူတို့ကို အန္တရာယ် မပေးလောက်ဘူးလို့ ယူဆတဲ့သူတွေက သပ်သပ်၊ အလယ်အလတ်က သပ်သပ်၊ ထိပ်ခေါင်းစုံတွေက သပ်သပ်၊ သူတို့ အမျိုးမျိုး ကစားဦးမှာ၊ သေချာပေါက်ကို ကစားရမှာ။ ဒီဟာတွေအတွက်လည်း ကျွန်တော်တို့က အားလုံး နဂိုကတည်းကလည်း အားလုံး တူပြီးသား ဖြစ်နေရမှာပေါ့ဗျာ။ ကျွန်တော်တို့ ပန်းတိုင် ဒီတော်လှန်ရေးကို မျက်ခြေပြတ် ခံလို့မရဘူး။ အာရုံလွှဲခံလို့ မရဘူး။ အချိန်ဆွဲခံလို့ မရဘူး။ စိတ်ဝမ်းခွဲလို့ မရဘူးဆိုတာကိုတော့ လက်ခံထားရမှာ။
မေး — အာဏာသိမ်း စစ်တပ် လက်အောက်မှာ ၅ နှစ်ကျော်အတွင်း တိုင်းပြည်က ဘက်ပေါင်းစုံ နိမ့်ကျသွားပြီး ကျရှုံးနိုင်ငံ ဖြစ်လာတယ်။ ပြည်သူ အများစုကတော့ စစ်ဖိနပ်အောက်က လွတ်မြောက်ချင်ကြတယ်။ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ပြည်သူတွေက ဘာထပ် လုပ်ဖို့ လိုမလဲ။
ဖြေ — သတိထားရမှာက တော်လှန်ရေးကို ငြိမ်းချမ်းရေး ပုံဖော်ထားတဲ့ ခါးပတ်ခေါင်းနဲ့ ရိုက်ခွဲမှာပဲ။ အဲဒါကတော့ ပြင်နေကြတာပဲ။ တကယ်တော့ နားလည်ဖို့ ကောင်းတာက ဘယ် အင်အားကြီးနိုင်ငံ ကြည့်ကြည့်ပါ။ သူတို့ နိုင်ငံတွေရဲ့ စစ်တပ်တွေက သူတို့ရဲ့ အာဏာကို သိမ်းပြီးတော့ အဲဒီလို ရမ်းကားမှ သူတို့ အပြည့်နားလည်မှာ၊ အဲဒီအခါ ကြုံဆုံရတဲ့ ဒုက္ခအပေါင်းကို လွန်မြောက်ဖို့ဆိုတာက တော်လှန်ရေး ဆင်နွှဲရတယ်ဗျ။ အဲဒီတော့ လွယ်လွယ်နဲ့ ပြောတဲ့ နားကြားကောင်းရုံ ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာမျိုးနဲ့တော့ တကယ့် လက်တွေ့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကလည်း လက်နက်ကိုင် တော်လှန်ရေးကို မလိုအပ်တော့ဘူးလို့ ပုံဖော်ချင်တဲ့လူတွေလည်း များစွာ ရှိတယ်။ တကယ် လိုအပ်လို့ တကယ် ဆင်နွှဲနေရတယ်ဆိုတာကို ယုံကြည်ပြီးတော့ ကိုယ်တိုင် ဆင်နွှဲနေတဲ့ ပြည်သူတွေဟာ ကမ္ဘာနဲ့အဝှမ်းမှာ ရှိတယ်။ ရတဲ့နည်းနဲ့ပါ နေကြတာ။ အဲဒီ့ အင်အားတွေနဲ့ ဆက်သွားရမှာ။
သေချာတာကတော့ဗျာ၊ စူပါ အင်အားကြီးတွေက အကွက် ရွှေ့ကြမှာပဲ။ ဒါပေမယ့် တကယ်တမ်း ဘယ်သူမှ တစ်ဖက်သတ် မောင်းနှင်လို့ မရဘူးဆိုတာ နားလည်ဖို့ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အင်အားကြီးတိုင်းမှာ အခြား မတူကွဲပြားတဲ့ အင်အားကြီးတွေ ရှိနေလို့ပဲ။ အဲဒီတော့ အမြဲတမ်း အနည်းဆုံး နှစ်ခြမ်းကွဲနေတဲ့ ကမ္ဘာကြီးမှာ ဉာဏ်ရည် ဉာဏ်သွေးနဲ့ ပါးနပ်မှုက အရေးကြီးပါတယ်လို့ ကျွန်တော် မြင်ပါတယ်။





















































