Connect with us

Hi, what are you looking for?

ဆောင်းပါး

ဓားပြရှာပုံတော်

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း စစ်တပ်လက်အောက်ခံ ရဲတွေက ရိုးရာ စကားပုံတစ်ခုကို ပြန် အသက်သွင်းလာပါတယ်။

(ဓားပြ နေလင်းအောင်က ဆိုင် ၄ ဆိုင် ဓားပြတိုက်ရာမှာ အသုံးပြုခဲ့တဲ့ ဆိုင်ကယ်နဲ့ နောက်က တိုက်ဖမ်းဖို့ ကြိုးစားတဲ့ ဦးကိုမောင်ရဲ့ ကားကို ဆက်မောင်းမရအောင် လှဲချ ပိတ်ပြီး လူ ၂ ဦးကို ပစ်သတ်ခဲ့တဲ့ နေရာ။ ဓာတ်ပုံ — စစ်ကောင်စီ)

နေ့သစ် / People’s Spring

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း စစ်တပ်လက်အောက်ခံ ရဲတွေက ရိုးရာ စကားပုံတစ်ခုကို ပြန် အသက်သွင်းလာပါတယ်။

ဒီစကားပုံကတော့ “ယုန်တောင်ပြေး ခွေး မြောက်လိုက်ပါ”။

နိုဝင်ဘာ ၆ ရက်နေ့ကစပြီး မန္တလေးမြို့တွင်း ရဲကားတွေ တဝီဝီနဲ့ ခြေရှုပ်နေပါတယ်။

Public Service Announcement

Public Service Announcement

အကြောင်းအရင်းက နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်နေ့တွေက ဖြစ်ခဲ့တဲ့ ဓားပြမှု ၄ မှုအတွက် တကိုယ်တော် သေနတ်သမား ဓားပြကို ရှာနေတာပါတဲ့။

ဓားပြ ရှာတဲ့ ရဲကားဟာ မြို့ကျုံးဘေးကို တစ်ရက် လေးကြိမ်ထက်မနည်း ပတ်ပါတယ်။

ဓားပြက ကျုံးအတွင်းမှာ ရှိနေလားလို့ တောင် မြို့ခံတွေ ထင်ရလောက်အောင်ပါ။

အာဏာသိမ်း လက်အောက်ခံ ရဲတွေ ဓားပြ ရှာပုံတော် ဖွင့်ပုံကရယ်စရာ ဖြစ်နေပေမယ့် နေ့ခင်း ကြောင်တောင် ဓားပြမှု လေးမှုကတော့ မြို့ခံတွေကို ထိတ်လန့်စေပါတယ်။

နိုဝင်ဘာလ ၄ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်အတွင်းက Pro Solar Energy & Led Lighting Solar ဆိုင်ကို ညနေ ၃ နာရီ ၁၈ မိနစ်မှာ သေနတ် ကိုင်ထားတဲ့ အမျိုးသားက တစ်ကိုယ်တော် ဓားပြ တိုက်ပါတယ်။ သူက သေနတ်ကို ကိုင်ထားရုံတင် မကပဲ သေနတ်နဲ့ပါ ပစ်ခဲ့ပါတယ်။ ဆိုင်ကယ်ကို ဆိုင်ရှေ့ ရပ်ပြီး ဆိုင်ထဲ ဝင်လာကာ သေနတ် နှစ်ချက် ခြောက်လှန့် ပစ်ခတ်ပါတယ်။ ထူးဆန်းတာက သေနတ်နဲ့ ပစ် ဓားပြတိုက် ငွေတောင်းပေမယ့် ငွေမရဘဲ ပြန်ထွက်သွားပါတယ်။

ခဏနေတော့ ကန်ကောက်ရပ်ကွက်အတွင်းကပဲ “လွင်” ဖုန်းဆိုင်ကို ဝင်ပြီး ဓားပြတိုက်ပြန်ပါတယ်။ သေနတ် ၂ ချက် ဖောက်ပြီး မှန်နဲ့ လုပ်ထားတဲ့ ကောင်တာကို ခွဲကာ ဖုန်း ၄ လုံး ယူသွားခဲ့ပါတယ်။

မန္တလေးမြို့ထဲ နေ့ခင်း ကြောင်တောင် အတင့်ရဲစွာ တစ်ကိုယ်တော် ဓားပြတိုက်ပြီးမှ ရဲတွေက လုံခြုံရေး ကင်မရာတွေ စစ်ကာ တရားခံ ရှာဖွေခဲ့ပါတယ်။

တရားခံဟာ တစ်ဦးတည်း ဖြစ်တာ သေချာသလို၊ ဓားပြတိုက်ရာမှာ အသုံးပြုတဲ့ ဆိုင်ကယ်ကလည်း တစ်စီးတည်းပါ။ CCTV မှတ်တမ်းတွေအရ ဓားပြတိုက်သူကို ခြေရာခံမိပြီး အသက် ၂၇ နှစ်အရွယ် နေလင်းအောင် ဖြစ်တယ်ဆိုတာကိုပါ ရဲတွေ သိရပါပြီ။ နေလင်းအောင်ဟာ ဓားပြ အတိုက်ခံရတဲ့ ကန်ကောက်ရပ်ကွက်ရဲ့ အရှေ့ဘက် မြို့ပတ်လမ်း ခြားထားတဲ့ အရှေ့ကန်ကောက်ရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပါတယ်။ ရဲတွေက သူ့ကို နိုဝင်ဘာလ ၅ ရက်နေ့မှာမှ ဖမ်းဖို့ လုပ်ခဲ့တာကို တွေ့ရပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ ရန်ကင်းတောင်ဟာ ယဉ်ကျေးမှု နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

တောင်ရဲ့ အောက်ဘက်က ရွာကို ရန်ကင်းတောင်ရွာလို့ ခေါ်ပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ တစ်ကိုယ်တော် ဓားပြဟာ ဒီဆိုင်ကယ်၊ ဒီသေနတ်နဲ့ပဲ မန္တလေးမြို့ကနေ ၁၉ လမ်း အရှေ့ တည့်တည့် ထွက်ရတဲ့ ပုသိမ်ကြီးမြို့နယ်ကို ရောက်လာပြန်ပါတယ်။

ပုသိမ်ကြီးနဲ့ မန္တလေးမြို့ဟာ မိနစ် ၂၀ လောက် ဆိုင်ကယ် မောင်းရပါတယ်။ ပထမဆုံး ဝင်ပြီး ဓားပြတိုက်တဲ့ ဖုန်းဆိုင်ဟာ “ထာဝရ” ဖုန်းဆိုင် ဖြစ်ပါတယ်။

ထာဝရ ဖုန်းဆိုင်မှ ဆိုင်ရှင် အမျိုးသမီးကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး ငွေတောင်းနေတဲ့အချိန် ရုတ်တရက် ဆိုင်ရှင် ကိုအောင်မျိုးသန့်ဟာ အခန်းထဲက ထွက်လာပါတယ်။ ဓားပြက ဆိုင်ရှင် ကိုအောင်မျိုးသန်းဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်လိုက်ပါတယ်။

အဲဒီနောက် သေနတ်သမားဟာ စီးလာတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့ပါတယ်။ ဆိုင်ရှင် ကိုအောင်မျိုးသန့်ရဲ့ သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ဦးလေးဖြစ်သူ ဦးကိုမောင်နဲ့ အမျိုးသား အဖော် ၂ ဦးတို့က ဓားပြနောက်ကို ကားနဲ့ လိုက်ရှာခဲ့ကြပါတယ်။

အံ့ဩဖို့ကောင်းတာက ဓားပြတိုက်ပြီး သေနတ်နဲ့ ပစ်ကာ လူသတ်ခဲ့တဲ့ နေလင်းအောင်ဟာ တစ်ရွာထဲကပဲ နောက်ထပ် ဖုန်းဆိုင် တစ်ဆိုင်ကို အတင့်ရဲစွာ ထပ်မံ ဓားပြတိုက်တာပါ။

“အထင်ကရ” ဖုန်းဆိုင်ကို ဝင်ပြီး ဓားပြတိုက်ပြန်ပါတယ်။ သေနတ်နဲ့ ခြိမ်းခြောက် ၂ ချက် ပစ်ခတ်ပြီး ကျပ်သန်း ၅၀ ဓားပြတိုက်သွားတယ်လို့ ဆိုပါတယ်။

ဓားပြက အထင်ကရ ဆိုင်ကို ဓားပြ ထပ်တိုက်တာကြောင့် နောက်က နေ ကားနဲ့ လိုက်ရှာတဲ့ ဦးကိုမောင်တို့ကားက သူ့ဆိုင်ကယ်ကို လိုက်မီသွားပါတယ်။

ဓားပြရဲ့ ဆိုင်ကယ်ကို ကားနဲ့ တိုက်ပြီး ဖမ်းဖို့ ကြိုးစားပေမယ့် နေလင်းအောင်က ဆိုင်ကယ်ကို ကားရှေ့ လှဲချပြီး ကား ဆက်မောင်းမရအောင် ပိတ်လိုက်ပါတယ်။ အဲဒီနောက် ကားထဲကို လက်ပစ်ဗုံးလို့ ယူဆရတဲ့ ပစ္စည်းတစ်ခု ပစ်သွင်းပြီး ကားပေါ်က ဆင်းဖို့ ပြင်နေတဲ့ ဦးကိုမောင်ရဲ့ ခေါင်းတည့်တည့်ကို သေနတ်နဲ့ ပစ်သတ်လိုက်ပြန်ပါတယ်။

ဒါ့အပြင် နောက်တစ်ဦး ဝင်လုံးတဲ့အခါမှာလည်း အဲဒီလူကို နေလင်းအောင်က အနီးကပ် ထပ်မံ ပစ်သတ်တယ်လို့ ကိုအောင်မျိုးသန့်ရဲ့ မိသားစုဝင်က ဖေ့စ်ဘွတ်ခ်မှာ ရေးထားပါတယ်။

ကားပေါ်မှာ ကျန်နေတဲ့ တစ်ယောက်ကိုပါ သေနတ်နဲ့ ပစ်ခတ်ပေမယ့် ကျည်ကုန်သွားလို့ လွတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် လမ်းပေါ် ဖြတ်လာတဲ့ ဆရာမတစ်ဦးရဲ့ ဆိုင်ကယ်ကို လုယူပြီး ဓားပြ နေလင်းအောင်က ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ကိုအောင်မျိုးသန့်ရဲ့ မိသားစုဝင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ကိုအောင်မျိုးသန့်၊ ဦးကိုမောင်၊ အခြား အမျိုးသားတစ်ဦး သုံးဦးစလုံးကို တစ်ချက်စီနဲ့ ဦးခေါင်းတည့်တည့် ပစ်တာဟာ လက်ယဉ်နေတဲ့ သေနတ်သမား တစ်ယောက်လို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။

နေ့ခင်း ကြောင်တောင် လူစည်ကားတဲ့ နေရာမှာ လူသုံးယောက် သေဆုံးတဲ့အထိ ပစ်ခတ် ဓားပြတိုက်သွားတာဟာ ပုသိမ်ကြီး မြို့ခံတွေကြား ထိတ်လန့် တုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့မှာ ရန်ကင်းတောင် တစ်ရွာလုံးနီးပါး နာရေးကို လိုက်လံ ပို့ဆောင်ခဲ့ပါတယ်။

တစ်ကိုယ်တော် ဓားပြ နေလင်းအောင်က ဆိုင် လေးဆိုင်စလုံးမှာ ဒီဆိုင်ကယ်၊ ဒီအဝတ်အစား၊ ဒီသေနတ်တို့ကိုပဲ အသုံးပြီး ရှေ့က ဓားပြမှုတွေလို မဟုတ်ဘဲ အတင့်ရဲစွာ ကျူးလွန်ခဲ့တာပါ။

ရဲတွေကတော့ သူ့ကို ဖမ်းဖို့ ဆိုင် ၄ ဆိုင် ဓားပြတိုက်ခံရပြီး လူ ၃ ဦး သေပြီးမှ နေလင်းအောင်ရဲ့ အိမ်ကို နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီကျော်မှာ ဝင်ရောက် စီးနင်းခဲ့ပါတယ်။

“ကြိုကင်းတောင် ရဲတွေ မချထားတာလား။ တစ်နေရာ ဝင်စီးမယ်။ ဝင်ဖမ်းမယ်ဆိုရင် ကင်းထောက်တာ၊ ကင်းချတာတော့ ဒါ ရဲလုပ်ငန်းစဉ်ထဲ ပါတာပဲလေ” လို့ ရဲဝန်ထမ်းတစ်ဦးက မေးခွန်းထုတ်ပါတယ်။

တစ်ကိုယ်တော် ဓားပြ နေလင်းအောင်ဟာ အိမ်ငှား နေထိုင်တာ ဖြစ်ပါတယ်။ စစ်အုပ်စုက နေလင်းအောင် မမိတော့ အိမ်ရှင် ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးကို ဖမ်းပြီး နေလင်းအောင်ရဲ့ မိသားစုဝင်တွေလို့ လိမ်ညာ ထုတ်ပြန်ထားပါတယ်။

အိမ်ရှင် လင်မယား နှစ်ဦးနဲ့ ကျန် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားတာ ဖြစ်ပြီး အဲဒီ အမျိုးသမီးဟာ နေလင်းအောင်ရဲ့ ဇနီး ဖြစ်တယ်လို့ ရပ်ကွက် နေပြည်သူ အချို့က ပြောပေမယ့် လူထုနွေဦးကတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

နေလင်းအောင်ကတော့ ဆိုင် လေးဆိုင်ကို ဓားပြတိုက် လူသုံးဦးကို သတ်ပြီးတော့ ရွာတွေဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်။ ဆိုင် လေးဆိုင်ကို ဓားပြတိုက်ခဲ့တာက သူရခဲ့တာ ကျပ်သိန်း ၅၀ ကျော်နဲ့ ဖုန်း ၄ လုံး ဖြစ်ပါတယ်။

ဒေသခံအချို့ကတော့ ပုသိမ်ကြီးမြို့နယ်ဟာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ အများအပြား ရှိတဲ့ မြို့နယ်လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ စီးပွားရေး ပြိုလဲကာ တရားဥပဒေ စိုးမိုးမှု မရှိဘဲ ဒုစရိုက်မှုတွေ ပိုများနေပါတယ်။ စစ်တပ် ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ မန္တလေးမြို့မှာ ဓားပြမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ ဒါပေမယ့် နေလင်းအောင်က ၂ ရက်အတွင်း ဆိုင် ၄ ဆိုင်ကို ဓားပြတိုက်ပြီး လူ ၃ ဦး သတ်ခဲ့တဲ့ ဖြစ်စဉ်ကတော့ အံ့ဩစရာ အတင့်ရဲလွန်းလှပါတယ်။

ဒါပေမယ့် မန္တလေးမြို့မှာ CCTV တွေကို မြို့အနှံ တပ်ထားပြီး စစ်တပ်က လုံခြုံရေး မြှင့်ထားပေမယ့် တစ်ကိုယ်တော် ဓားပြကို ဖမ်းမမိတာကလည်း မြို့ခံတွေကို အံ့ဩစေပါတယ်။

စစ်အုပ်စုကတော့ နိုဝင်ဘာ ၅ ရက် ညနေပိုင်းမှာ အရှေ့ကန်ကောက်၊ မြို့ပတ်လမ်းနဲ့ အနီးနားက ဂွေးကြီးကုန်းရွာ အဝင်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးပါတယ်။

အင်အား အများအပြားနဲ့ စစ်သလို ရဲကား၊ အိမ်စီးကား၊ ယူနီဖောင်း အပြည့်အစုံနဲ့ မြို့တွင်းက အဓိက လမ်းမတွေပေါ်မှာလည်း ဓာတ်ပုံ ထွက်ရိုက်တာတွေလည်း လုပ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုက ဓားပြကို တကယ် မဖမ်းဘဲ ထိတ်လန့်အောင် လုပ်ချင်တာဆိုရင်တော့ သူတို့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောရမယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

ကျူးလွန်သူ သေနတ်သမားက လယ်ကွင်းတွေ ဖြတ် ထွက်ပြေးသွားပေမယ့် ၆ ရက်ကြာတဲ့တိုင် မန္တလေးမြို့က ရဲကားတွေကတော့ တဝီဝီ ဖြတ်ပြီး ကျုံးဘေးမှာ ဓားပြ ရှာပုံတော် ဖွင့်ဟန် ရေးပြနေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook