အောင်ဇေယျ / People’s Spring
မြန်မာလူမျိုးတွေရဲ့ ရိုးရာဖြစ်တဲ့ “သနပ်ခါး ယဉ်ကျေးမှု ဓလေ့” ကို ယူနက်စကို (UNESCO) ရဲ့ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲ ထည့်သွင်းနိုင်ဖို့အတွက် တရုတ်နိုင်ငံ၊ ရှမင်မြို့မှာ ကျင်းပမယ့် (၂၁) ကြိမ်မြောက် ယူနက်စကို ကော်မတီ အစည်းအဝေးမှာ လာမယ့် နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၅ ရက်အတွင်း အပြီးသတ် ဆုံးဖြတ်သွားမယ်လို့ သိရတယ်။
အခုဆိုရင် သနပ်ခါး ယဉ်ကျေးမှု ဓလေ့ကို ယူနက်စကိုဆီမှာ ဆုံးဖြတ်ချက် မူကြမ်း တင်သွင်းထားပြီး ဖြစ်သလို လိုအပ်တဲ့ စံနှုန်းတွေနဲ့လည်း ကိုက်ညီတယ်လို့ ကော်မတီဘက်က သုံးသပ်ပြီးသား ဖြစ်နေပါပြီတဲ့။
သနပ်ခါး လိမ်းတဲ့ ဓလေ့က မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ ဟန်ချက်ညီစေတာ၊ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ပေးတာနဲ့ စည်းလုံး ညီညွတ်မှုကို ပြသနေတယ်လို့ ဆိုပါတယ်။ အခုလို ယူနက်စကို စာရင်းဝင်သွားပြီဆိုရင် သနပ်ခါးရဲ့ ယဉ်ကျေးမှု တန်ဖိုးတွေကို ကမ္ဘာက ပိုသိလာမယ့်အပြင် လူငယ်တွေ လက်ထဲကို အသိပညာတွေ လက်ဆင့်ကမ်း ပေးနိုင်တာ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတာနဲ့ ရပ်ရွာ အသိုက်အဝန်းကြားမှာ စည်းလုံးမှုတွေ ပိုအားကောင်းလာစေမယ်လို့ ဆိုထားတယ်။

Public Service Announcement
သနပ်ခါး UNESCO ဝင်တာဟာ စစ်တပ်သာ အာဏာသိမ်း မထားဘူးဆိုရင် ဂုဏ်ယူစရာ ကောင်းတဲ့ အနေအထားတစ်ခု ဖြစ်ချင်ဖြစ်နေမှာပါ။ လက်တွေ့မှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ကမ္ဘာကြီး သိဖို့ နေ့စဉ်နဲ့အမျှ နှစ်နဲ့ချီအောင် ကြိုးစားနေရတဲ့အချိန် ဖြစ်နေပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ရေး စတင်ချိန်ကနေ ယနေ့အထိ ပြည်သူ့ဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆိုရင် အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးမှာ မိန့်ခွန်း ပြောရင်း မျက်ရည်ပါ ကျခဲ့ရပါတယ်။
မြန်မာပြည်သူတွေဟာ မကြုံစဖူး ခွဲခြားမှုမရှိတဲ့ လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်မှုများနဲ့ စနစ်တကျ ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုများကို မျက်မြင် တွေ့ကြုံနေရပြီး ပြည်သူလူထုအတွင်း အကြောက်တရား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့စေဖို့အတွက် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ စစ်ဘေးရှောင် စခန်းတွေကိုလည်း စစ်တပ်က အဓိက ပစ်မှတ်တွေအဖြစ် ထားရှိ တိုက်ခိုက်နေတယ်လို့ သံအမတ်ကြီးက ကုလ အစည်းအဝေးမှာ အစီရင်ခံခဲ့ပါတယ်။
သံအမတ်ကြီး အစီရင်ခံခဲ့တဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေထဲမှာ သနပ်ခါး စိုက်ပျိုး ထွက်ရှိရာ အညာဒေသက ဖြစ်စဉ်တွေလည်း အပါအဝင် ပါ။ သနပ်ခါးက အပူပိုင်းဒေသထွက် နှစ်ရှည်ပင် တစ်မျိုး ဖြစ်ပြီး နာမည်ကြီးတွေထဲမှာဆိုရင် ရှင်မတောင်နဲ့ ရွှေဘို သနပ်ခါးတွေကတော့ အထူး လူသိများပါတယ်။ အဲဒီဒေသတွေမှာလည်း အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး မီးရှို့ သတ်ဖြတ်မှုတွေ အများအပြား ရှိခဲ့သလို ဒီကနေ့အထိလည်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်း စစ်တပ်ရဲ့ ကုန်စည် တင်ပို့မှု ပိတ်ပင်မှုတွေကြောင့် သနပ်ခါး တင်ပို့ဖို့ကလည်း ခက်ခဲတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ နောက်ဆုံးတော့ အဲဒီ အခြေအနေတွေကြောင့် သနပ်ခါး ဈေးကွက်ကြီး တစ်ခုလုံးလည်း လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း သနပ်ခါး စိုက်ရာဒေသမှာ နေထိုင်သူတွေက ပြောပါတယ်။
“ဒီကာလထဲမှာ တင်ပို့ဖို့ မရှိတော့ဘူး။ ဟိုးတုန်းကဆိုရင်တော့ သနပ်ခါးပင် တစ်ပင် သိန်းဆယ်ဂဏန်းအထိ ရတာရှိတယ်။ အခုတော့ အဲဒီလိုလည်း ဈေးမရှိတော့ဘူး။ တချို့ဆိုရင် အပင်တွေ ခုတ်လှဲပြီး ထင်းစိုက်တာတောင် ရှိတယ်” လို့ ရွှေဘိုနယ်က သနပ်ခါး စိုက်တောင်သူတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေဘို သနပ်ခါးဟာ အရာတော်နယ်မှာ စိုက်ကြတာ ဖြစ်ပြီး အရာတော်နယ်ဟာလည်း အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို မကြာခဏ ခံကြရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
အလားတူပဲ နောက်ထပ် သနပ်ခါး စိုက်ပျိုးရာ နာမည်ကျော် ဒေသတစ်ခု ဖြစ်တဲ့ မကွေးတိုင်း၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ သုံးနယ်လုံး ပါဝင်တဲ့ ရှင်မတောင် ဒေသမှာလည်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် သနပ်ခါး စိုက်တောင်သူတွေ အပါအဝင် ပြည်သူတွေ စိစိ ညက်ညက် ကြေနေခဲ့တာ ကြာပါပြီ။
“စိတ်မကောင်းစွာနဲ့ပဲ သနပ်ခါးတွေက ဈေးကွက် လုံးဝ ပျက်သွားတယ်။ ကျွန်တော်တို့ဆီမှာ သနပ်ခါးနဲ့ ထင်းနဲ့က အတူတူပဲ။ ထင်းသည် သနပ်ခါး၊ သနပ်ခါးသည် ထင်း ဖြစ်သွားပြီ။ ဘာမှကို ဈေးကွက် မရှိတော့ဘူး။ သနပ်ခါး ဈေးကွက် ပျက်သွားရတာဟာ ဒီ စစ်အာဏာသိမ်းမှုက အဓိက အကြောင်းရင်းကြီးပါ။ ၉၀ ရာခိုင်နှုန်း ဆိုင်ပါတယ်” လို့ သနပ်ခါး စိုက်ပျိုးရာ မြိုင်နယ်က ဒေသခံလည်း ဖြစ်၊ စာရေးဆရာလည်း ဖြစ်တဲ့ ဆရာဘိုဘိုသန့်ဇင်က ပြောပါတယ်။
စစ်တပ် အာဏာသိမ်းလိုက်လို့ အညာမှာ သယ်ယူ ပို့ဆောင်ရေး စနစ်ကြီး တစ်ခုလုံး ပြိုလဲသွားတဲ့အပြင် သနပ်ခါးထက် အရေးကြီးတဲ့ စားသောက်ကုန်တွေတောင် ရပ်တည်ဖို့ ခက်ခဲလာတဲ့အခါ မရှိမဖြစ် မဟုတ်တဲ့ ကုန်စည်တစ်ခုအနေနဲ့ သနပ်ခါးက နောက်တန်းကို ရောက်သွားခဲ့ပါတယ်။ သနပ်ခါး ဈေးကွက်ကြီး တစ်ခုလုံး ပြိုလဲသွားတဲ့အတွက် တချို့ဒေသတွေမှာ သနပ်ခါးခင်းတွေကို ဖျက်ပစ်ပြီး တခြား အစားထိုး သီးနှံတွေ ပြောင်းလဲ စိုက်ပျိုးသွားကြတာတွေ အများကြီး ရှိနေပါတယ်လို့ ဆရာဘိုဘိုသန့်ဇင်က ပြောပါတယ်။
သနပ်ခါးက ဒီအတိုင်းကြီးပဲ ဈေးကွက် ပျက်သွားမယ်ဆိုရင် နောက်နှစ်ပေါင်း နှစ်ဆယ်လောက်အထိ ဒီလိုမျိုး ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့ ဒေသတွေမှာ သနပ်ခါး ထွက်ရှိရာ ဒေသမှာတင်ကို သနပ်ခါးက မျိုးသုဉ်းသွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်” လို့ ဆရာဘိုဘိုသန့်ဇင်က ပြောလိုက်ပါတယ်။




















































