Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန် တောင်ပိုင်းမှာ UN ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရ

လက်ဘနွန် တောင်ပိုင်းမှာ ကုလသမဂ္ဂ (UN)ရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတစ်ခု ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP

လက်ဘနွန် တောင်ပိုင်းမှာ ကုလသမဂ္ဂ (UN)ရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတစ်ခု ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

UNရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ရဲ့ ကင်းလှည့်ယူနစ် တစ်ခုကို ကျည်ဆန်အရေအတွက် တစ်ဒါဇင်ကျော်လောက်နဲ့ ချိန်ရွယ် ပစ်ခတ်တာ ခံခဲ့ရတယ်လို့ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲ ဆိုတာကိုတော့ UNက ထုတ်ပြန်မထားပါဘူး။

ဒီတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ စတင်တိုက်ခိုက်တာ ခံခဲ့ရတဲ့နောက် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေကလည်း တုံ့ပြန် ပစ်ခတ်ခဲ့ပြီး အဲဒီအခါမှာတော့ တစ်ဖက်က ပစ်ခတ်မှုတွေ ရပ်စဲသွားတယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး UN အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ UNကတော့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံဘေးကင်းရေးအတွက် နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့အညီ ကိုင်တွယ် တုံ့ပြန်နေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

UNIFILလို့ အတိုကောက် ခေါ်ဝေါ်တဲ့ လက်ဘနွန် အခြေစိုက် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်တွေကို ၁၉၇၈ ခုနှစ် ကတည်းက UNက ဖြန့်ကျက်ထားတာပါ။ အဲဒီတပ်တွေဟာ အစ္စရေးနဲ့ လက်ဘနွန်ရဲ့ ကြားခံဇုန် တစ်ခုအဖြစ် တာဝန်ယူ ကင်းလှည့်ပေးနေပါတယ်။

ဒါပေမဲ့ အဲဒီတပ်တွေ ဖြန့်ကျက်ထားရုံနဲ့တော့ UNဟာ အစ္စရေးစစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ကြားက စစ်ရေး ပဋိပက္ခတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ အီရန်စစ်ပွဲကို အကြောင်းပြုပြီး လက်ဘနွန်မှာလည်း မတ်လတုန်းက တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာခဲ့ပါတယ်။

လက်ရှိမှာတော့ အစ္စရေးနဲ့ လက်ဘနွန် အစိုးရတွေကြား အပစ်အခတ် ရပ်စဲထားပြီး အပြန်အလှန် ဆွေးနွေးမှုတွေ ရှိနေပေမယ့် အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာကတော့ လက်နက်ဖြုတ်သိမ်းဖို့ တိုက်တွန်းမှုတွေကို ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။ လက်ဘနွန် တောင်ပိုင်းရဲ့ အစိတ်အပိုင်း တော်တော်များများကိုလည်း အစ္စရေး တပ်တွေက ထိန်းချုပ်ထားဆဲပါ။

အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် မနှစ်တုန်းက UN လုံခြုံရေး ညီလာခံဟာ UNIFILရဲ့ မစ်ရှင်တွေကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ အဆုံးသတ်ဖို့ မဲပေး ဆုံးဖြတ်ခဲ့ပါတယ်။ လက်ဘနွန် အစိုးရကတော့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်တွေ ဆက်လက် ဖြန့်ကျက်ပေးထားဖို့ တောင်းဆိုထားပါတယ်။ လက်ဘနွန် တောင်ပိုင်းမှာ UNဟာ နိုင်ငံပေါင်း ၅၀ လောက်က တပ်အင်အား ၇၅၀၀ လောက်ကို ဖြန့်ကျက်ထားတာပါ။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဂျင်းနိုဝဲလ် ဘားရော့တ်က UNIFIL တပ်တွေ ဆုတ်ခွာသွားတဲ့အခါ ဖြစ်ပေါ်လာမယ့် လုံခြုံရေး ဟာကွက်တွေကို ဖြည့်တင်းဖို့ ပါရီမှာ ကျင်းပတဲ့ G7 ညီလာခံမှာ ဆွေးနွေးခဲ့ကြပေမယ့် ထင်ရှားမြင်သာတဲ့ တိုးတက်မှုတော့ မရရှိခဲ့ဘူးလို့ ဝန်ခံ ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

Facebook