နိုဝင်ဘာ-၉၊၂၀၂၆။ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) စစ်ရေးကော်မတီက ဖော်ဆောင်မယ့် လုပ်ငန်းတွေအတွက် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ရှာဖွေရန် ရည်မှန်းထားပြီး အဲဒီဘဏ္ဍာငွေကို တနှစ်ခွဲအတွင်း နည်းလမ်း ၄ရပ်နဲ့ ရှာဖွေသွားမယ်လို့ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားပါတယ်။
နိုဝင်ဘာ ၈ရက်က ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲမှာ ဦးတင်ထွန်းနိုင်က အခုလို ရှင်းလင်းပြောကြားခဲ့တာပါ။
SCEFဟာ ယခင်စုဖွဲ့ထားတဲ့ တော်လှန်ရေးစုဖွဲ့မှုတွေနဲ့မတူကြောင်း၊ယခင်က နိုင်ငံရေးသဘောတရားကို အားလုံးလက်ခံတယ်ဆိုတဲ့အပေါ် ဖွဲ့စည်းခဲ့တာဖြစ်ပြီး SCEF စုဖွဲ့မှုကတော့ နိုင်ငံရေးသဘောတရားလည်းပါသလို အဲဒီ နိုင်ငံရေးပန်းတိုင်မျှော်ရည်ချက်ကို ရောက်အောင် ဘယ်လိုသွားမလဲဆိုတဲ့ အလုပ်သဘောတရားပါကြောင်း ဦးတင်ထွန်းနိုင်က ပြောပါတယ်။

Public Service Announcement
SCEFမှာ စစ်ရေးနဲ့ပတ်သက်တဲ့ ကော်မတီကို သီးသန့်စုဖွဲ့ခဲ့တာရှိသလိုကျန်တဲ့ကဏ္ဍအလိုက် အကောင်အထည်ဖော်ရမယ့် ကိစ္စရပ်တွေကိုလည်း စုဖွဲ့ထားကြောင်း အသိပေးပါတယ်။
“စစ်ရေးနဲ့ SCEFရဲ့အဓိကမောင်းနှင်အားအနေနဲ့ တွန်းတင်ပြီးတော့ ကိုယ်လိုချင်တဲ့ဆီကို သွားဖို့ဆိုတဲ့ကျနော်တို့အားလုံးစုဖွဲ့ပြီးဆောင်ရွက်နေတာ”လို့ ဦးတင်ထွန်းနိုင်ကပြောပါတယ်။
စစ်ရေးနဲ့အဓိက ဆောင်ရွက်မှာဖြစ်လို့ အရေးကြီးက ဘဏ္ဍာငွေ ဖြစ်ကြောင်း သူက ပြောပါတယ်။ ဒါကြောင့် SCEF က အမေရိကန်ဒေါ်လာ သန်း ၃၀၀ လောက်ရှာဖွေဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။
“ဘယ်လိုပုံစံနဲ့ရှာမှာလည်းဆိုရင် ပုံသဏ္ဍာန်လေးမျိုးလောက်နဲ့ ရှာဖို့ ရည်ရွယ်ထားတယ်။ ပထမ ရှာဖွေရေးလုပ်ငန်းစဉ်က SCEFမှာ အစုအဖွဲ့ဝင် ၉ ဖွဲ့ရှိတယ်။ ကရင်၊ ကချင်၊ချင်း၊ ကရင်နီ၊ NUG၊ CRPH၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဖက်ဒရယ်ယူနစ် ပေါ့နော်။…။ တခါလာလည်း လူထုဆီက ဆိုတာမျိုး မဖြစ်ရအောင် ပေါ့နော်။ ကျနော်တို့လည်း ဒီစုဖွဲ့ကြတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ဝင်ကြေးထည့်ဝင်ကြဖို့ လုပ်ငန်းစဉ်တရပ်ချမှတ်ထားတယ်” လို့ ဦးတင်ထွန်းနိုင်ကပြောပါတယ်။
ဒါ့အပြင် ဒုတိယ အချက်မှာကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိကြတဲ့ မြန်မာနိုင်ငံသားတွေထံမှ ရန်ပုံငွေတခု ရှာဖွေသွားဖို့ဖြစ်ကြောင်း ပြောပါတယ်။ ဒါကြောင့် ၂၀၂၆ ဒီဇင်ဘာလလောက်က စတင်ပြီး ရန်ပုံငွေရှာဖွေရေးကို ကျယ်ပြန့်စွာ အသိပေးဆောင်ရွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။မူလက အခုနိုဝင်ဘာလမှာ စတင်ကြေညာဖို့စီစဥ်ပေမယ့် ကမ္ဘာတစ်ဝန်းကပြည်သူတွေကိုကျေလည်အောင်အသိပေးလိုတာကြောင့်တစ်လအချိန်ပိုယူလိုက်တာလို့သိရပါတယ် ။ သတ်မှတ်ထားတဲ့ ဘဏ္ဍာရန်ပုံငွေကို ရမှ သတ်မှတ်ထားတဲ့ အလုပ်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်လို့ ကာလသတ်မှတ်ပြီး ရန်ပုံငွေရှာဖွေသွားရမယ်လို့ တနှစ်ခွဲအတွင်း ဒေါ်လာသန်း ၃၀၀ ရရှိအောင် ကြိုးပမ်းမယ့်အခြေအနေကို ပြောပါတယ်။
“ဒီအပေါ်မှာလည်း အားလုံးက ယုံယုံကြည်ကြည်နဲ့ လိုက်ပါပေးကြဖို့ ဆက်လက်ပြီးတော့ ဒီတော်လှန်ရေးကိုသွားကြဖို့အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်”လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။
ယခင်ကလည်း လူထုတွေရဲ့ ပါဝင်မှုနဲ့ ရန်ပုံငွေရှာဖွေမှုတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေတွေကိုလည်း ဦးတင်ထွန်းနိုင်က ရှင်းပြပါတယ်။
“လူထုက သူတို့ မြင်ချင်ကြားချင်တွေ့ချင်တဲ့ ရလဒ်ကိုသာ မြင်ရရင် ကျနော်ထင်ပါတယ် ဒါ အိမ်တိုင်ချွတ်ပြီးတော့ ထည့်ရမယ့်ပမာဏလည်းမဟုတ်ဘူး။ငါတို့ ဒီတကြိမ်တော့လည်း ငါတို့ ထပ်ပြီးတော့ ရုန်းလိုက်ကြမယ် ငါတို့ နိုင်သလောက်ရုန်းလိုက်ကြမယ်” လို့ ဦးတင်ထွန်းနိုင်က လူထုတွေပါဝင်ကြဖို့ တိုက်တွန်းပါတယ်။
ဘယ်လိုပုံစံထည့်ရမယ်ဆိုတဲ့ အစီအစဉ်တွေကို လာမယ် ဒီဇင်ဘာလမှာ လူထုကို အသိပေးသွားမယ်လို့လည်း သူက ပြောကြားပါတယ်။ တနှစ်ခွဲတာ ကာလမှာတော့ SCEFကို မျက်နှာမူပြီး လူမျိုးပေါင်းစုံ ပါဝင်ကြဖို့ တိုက်တွန်းပါတယ်။
“ဒီကာလကတော့ အားလုံး အားတင်းပြီးတော့ ဝိုင်းလိုက်ကြရအောင်ဆိုတဲ့ဥစ္စာကို စည်းရုံးပေးကြပါ။နိုင်ငံအလိုက် အဲဒါဆိုလို့ရှိရင် ကျနော်တို့ ရည်မှန်းထားတဲ့ ဘဏ္ဍာရံပုံငွေက သတ်မှတ်ထားတဲ့အချိန် သတ်မှတ်ထားတဲ့ ပမာဏ ရကို ရမယ်လို့ ကျနော်ယုံကြည်ပါတယ်” လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။
တတိယ မြောက်ရန်ပုံငွေရှာဖွေမယ့်နည်းလမ်းကတော့ ခရိုနီလို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ထည့်ဝင်စေတာဖြစ်ကြောင်း အခုလိုရှင်းပြပါတယ်။
“နောက်တချက်က ဒီတော်လှန်ရေးမှာ တချို့တွေလည်း အခြေအနေစောင့်ကြည့်ပြီးတော့ နိုင်ခြေပေါ်လို့ရှိရင်တော့ငါတို့ပါသေးတာပေါ့။ နောင်တချိန်မှာ ဒီဟာသည် သူတို့အတွက် တော်လှန်ရေးမှာပါခဲ့တယ်ဆိုတဲ့ အခြေအနေစောင့်ကြည့်နေတဲ့သူတွေလည်းရှိတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်တော်တော်များများ ပြည်တွင်းမှာ ရှိနေကြတဲ့ ခရိုနီတွေ၊ ခရိုဝါတွေ၊ ခရိုနက်တွေပေါ့နော် ဒီပုဂ္ဂိုလ်တွေလည်း ကျနော်တို့အနေနဲ့ ဒီအချိန်မှာ အလွတ်ပေးလို့မရဘူးလို့ ကျနော်တို့ ပြောရမှာ။ အခုမနှောင်းသေးဘူးပေါ့နော်။ မင်းတို့ ဂုဏ်ပြုပန်းစည်းယူမလား ပန်းခွေယူမလားလို့ မေးရမှာပေါ့နော်။အဲဒါနဲ့လည်း ကျနော်တို့ ရှာပါ့မယ်” လို့ ဦးတင်ထွန်းနိုင်ကပြောကြားပါတယ်။
နောက်ဆုံးအချက်ရှာဖွေမယ့်နည်းလမ်းကတော့ တော်လှန်ရေးမှာ လူထုပါဝင်မှုများများ ဖြစ်စေဖို့ တက်နိုင်တဲ့ ပမာဏကနေ ပါဝင်ပေးဖို့ လူထုတွေ ပါဝင်နိုင်မယ့်နည်းတွေ အသိပေးသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုလူထုပါဝင်မှုများတာဟာလည်း တော်လှန်ရေးရဲ့ တရားဝင်မှုနဲ့ သက်ဆိုင်ကြောင်း ဦးတင်ထွန်းနိုင်က ပြောပါတယ်။
“ရန်သူမင်းအောင်လှိုင်ကလည်း သူတရားဝင်ဖို့ နည်းမျိုးစုံနဲ့ ပြဖို့ကြိုးစားနေတဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း ငါတို့ တော်လှန်ရေးက ဒီနေ့ဒီအချိန်ထိ လူထုက ဒီလိုထောက်ခံတာ အပြောနဲ့မဟုတ်ဘူး လက်တွေ့ လက်လည်းပါတယ် ဟောဒီမှာ ကြည့်ဆိုတဲ့ဟာကို ပြချင်တာ။” လို့ ဦးတင်ထွန်းနိုင်က ပြောကြားပါတယ်။
NUG တဖွဲ့တည်း၊ ကချင်တဖွဲ့တည်း၊ ကရင်တဖွဲ့တည်း စသဖြင့် အဖွဲ့အစည်းတခုတည်းအတွက် လုပ်ဆောင်တာမျိုးမဟုတ်လို့ အခု SCEF ရဲ့ ရန်ပုံငွေရှာဖွေမှုမှာ တိုင်းရင်းသားလူမျိုးအားလုံးပါဝင်ပေးကြဖို့ သူက တိုက်တွန်းပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်းပြောတယ်။ခြောက်တိုင်းလည်းမကြောက်နဲ့။ မကြောက်ဘဲလည်းမနေနဲ့။ အဲဒါကိုကျနော်ကိုးကားပြီးပြောချင်တာ ဘဏ္ဍာရေး ပိုက်ဆံကိုတောင်းတိုင်းလည်း မပေးနဲ့ ။ မပေးဘဲလည်း မနေ့နဲ့။ နည်းလည်းမနည်းစေနဲ့။” လို့လည်း ဦးတင်ထွန်းနိုင်ကပြောကြားသွားပါတယ်။
ဦးတင်ထွန်းနိုင်ဦးဆောင်ပြီး NUG က နွေဦးတော်လှန်ရေးမှာ ငွေတိုက်စာချုပ်ငွေ ရောင်းချတာ ၊ The End of Dictatorship စီမံကိန်းတွေအနေနဲ့ မင်းအောင်လှိုင်ရဲ့အိမ် အစုရှယ်ယာတွေရောင်းချတာ ၊ စစ်တပ်သိမ်းထားတဲ့မြေတွေပေါ်မှာ တော်လှန်ရေးပြီးရင် ဆောက်လုပ်မယ့် အိမ်ရာစီမံကိန်းတွေကြိုတင်ရောင်းချတာ ၊ နွေဦးဖွံ့ဖြိုးရေးဘဏ် Spring Developmnt Bank-SDB )ဘဏ်ရှယ်ယာတွေရောင်းချတာ စတဲ့ စီမံကိန်းများစွာကနေ အမေရီကန် ဒေါ်လာ သန်းဆယ်ချီ အောင်မြင်စွာရှာဖွေထားခဲ့ပါတယ်။
ရှစ်လေးလုံးတော်လှန်ရေးကတည်းကနေ နွေဦးတော်လှန်ရေးအထိ့ လူထုတော်လှန်ရေးမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ဦးမင်းကိုနိုင်ကလည်း “ဘဏ္ဍာရေးကလည်း မကြာခင်မှာ SCEF ကနေပြီးတော့ ကြေညာပါ့မယ်။ သူတို့အတွက် အစီအမံတွေပေါ့။ ပြည်သူလူထု ဘယ်လို ပူးပေါင်းလို့ ရပြီဆိုတာကို ကြေညာမှာပါ။ ဒါက လာကိုလာရမယ့် ကိစ္စတွေပါ။ ဆိုတော့ အားလုံးက ပြင်ထားရမှာကတော့ ကြီးမားတဲ့ အပြောင်းအလဲကြီးကို ချိုးကွေ့နိုင်မယ့် စုဖွဲ့မှုကို ဝိုင်းပြီးတော့ အားပေးကြဖို့ပဲ။ ကျွန်တော် ခုနက ပြောသလို စိတ်ဓာတ်ရေးရာ အရရော ထောက်ခံမှုရော၊ ငွေရေးကြေးရေးရော အကုန်လုံးပေါ့ဗျာ။ ဒါတွေ အကုန်လုံးက တစ်ပြိုင်နက်တည်း ဟန်ချက်ညီညီ လုပ်ကြရမယ့် အချိန် ရောက်တော့မယ်နော်” လို့ People’s Spring နဲ့မေးမြန်းခန်းမှာပြောပါတယ် ။




















































