ကဖေး/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုံးစုံကျေးရွာတွင် ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့သည့် စစ်ကျန်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။
ကုံးစုံကျေးရွာ ဒေသခံနှစ်ဦးသည် ဇန်နဝါရီ ၂၅ရက် နံနက် ၉နာရီခန့်က စစ်ကျန်မိုင်းပေါက်ကွဲမှု ကြုံတွေ့ရခြင်းဖြစ်သည်။
” သူတို့က အဲ့ဒီမိုင်းကိုတွေ့တော့ ယူလာတာ။ လက်ထဲတင် ပေါက်တာပါ။ စစ်ကျန်လက်နက်ပြဿနာက တော်တော်လေး ရှင်းယူရမယ်ဗျ”ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
TNLAပူးပေါင်းတပ်သည် ၁၀၂၇စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့ကို သိမ်းယူထားသည်။
ယင်းမြို့နယ်များအနက် သီပေါ၊မန်တုံ၊ နမ္မတူမြို့တို့တွင်လည်း စစ်ကျန် မိုင်းများပေါက်ကွဲမှုကြောင့် ဒေသခံအရပ်သားသေဆုံးမှု ဖြစ်ပွားလေ့ရှိသည်။
ဒေသခံများအနေဖြင့် မိုင်းအန္တရာယ်သတိပြုရန်၊ မိုင်းတွေ့ရှိပါက လုံခြုံရေးအဖွဲ့များထံအကြောင်းကြားရန် TNLAက သတင်းထုတ် ပြန်ဖူးသည်။
သို့သော် မိုင်းအန္တရာယ်ပညာပေးရေးလုပ်ငန်းများကို ယခုထက်ပို၍ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် ဒေသခံရက်ဖက်အဖွဲ့များက တိုက်တွန်းထားသည်။
စစ်ကျန်လက်နက်နှင့် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများကို ရန်ကုန်နှင့် နေပြည်တော်မှလွဲ၍ ကျန်ဒေသများတွင် ရင်ဆိုင်နေရသည်။
တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့် ဒေသများတွင် အန္တရာယ်အကြီးမားဆုံးဖြစ်သည်။
ရခိုင်ပြည်နယ်တွင်လည်း အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားပြီးဖြစ်သော မြို့များရှိ စစ်ကောင်စီတပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊ ၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများတွင်လည်း စစ်ကောင်စီက မိုင်းများထောင်ထားခဲ့ပြီးအရပ်သားပြည်သူများ မိုင်းနင်းမိခြင်းကြောင့် အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရဆဲဖြစ်သည်ဟု AAက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃အတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ စံချိန်တင်မြင့်တက်ခဲ့ကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL)၏ မြေမြှုပ်မိုင်းအသုံးပြုမှုစောင့်ကြည့်ရေး ၂၀၂၄ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၃အတွင်း မြန်မာနိုင်ငံ၌ မြေမြုပ်မိုင်းကြောင့် ထိခိုက် သေဆုံးခဲ့ရသူဦးရေဟာ ၁၀၀၃ ဦး ရှိခဲ့ပြီး ယခင်နှစ်များက စံချိန်အမြင့်ဆုံးဖြစ်သော ဆီရီးယားနိုင်ငံကို ကျော်လွန်ကာ စံချိန်တင်ခဲ့သည်။


















































