အောက်တိုဘာ-၁၄၊၂၀၂၆။ဇော်၀င်း/People’s Spring
ကုန်ကြမ်းသွင်းကုန်ပါမစ် ရရှိဖို့ ခက်ခဲတာနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းလာတာကြောင့် ထုပ်ပိုးမှုလုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
လက်ရှိ ထုပ်ပိုးမှုလုပ်ငန်း(Packaging Industry)တွေ ဟာ ဘက်ပေါင်းစုံကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး လျှပ်စစ်မီး နဲ့ သွင်းကုန်အခက်အခဲအပြင် အော်ဒါရရှိမှုနည်းလာတာတွေကြောင့်ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့နှစ် တွေက ပြည်ပက ကုမ္ပဏီတွေလည်း ဆက်တိုက်ထွက်ခွာနေတာရှိတဲ့အပြင် လက်ရှိပုံစံအတိုင်းသာ ဆက်ဖြစ်နေရင် ပြည်တွင်းလုပ်ငန်းရှင်တချို့ပါနောက်လပိုင်းအတွင်းမှာ ရပ်ဆိုင်းရဖို့ရှိတယ်။ပိတ်ရတော့မှာပေါ့”လို့ ထုပ်ပိုးမှုလုပ်ငန်းနဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ဒေါ်လာလိုအပ်ချက်များနေတဲ့ စစ်ကောင်စီရဲ့ သွင်းကုန်ထုတ်ကုန် ကန့်သတ်ချက် တွေနဲ့ ၂၀၂၆ ခုနှစ်မှာ FDA စည်းမျဉ်းသစ်ဖြစ်တဲ့ စားသောက်ကုန် ထုပ်ပိုးမှုတွေအပေါ် စတစ်ကာကပ်ပြီး အချက်အလက်ဖော်ပြတာကို တားမြစ်လိုက်တာတွေကလည်း ကွင်းဆက်အခက်အခဲတွေ ဖြစ်နေတာလို့ အခြားလုပ်ငန်းရှင်တစ်ဦးက အသိပေးပါတယ်။
“ထုတ်ပိုးမှုမှာ စတစ်ကာနဲ့ကလက်မခံတာ ရသေးတယ်။ဒါပေမယ့် ဒိတ်(Date)ရိုက်စက်မှာသုံးတဲ့ မှင်ဘူးဆို ၀ယ်မရတော့ဘူး”လို့ သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစီးပွားရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ဩစတြေးလျ၊ဂျပန်၊ထိုင်းနဲ့ မလေးရှား က ထုပ်ပိုးမှုလုပ်ငန်းတွေဟာ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။
ထုပ်ပိုးမှုလုပ်ငန်း တွေ အခက်အခဲနဲ့ ရပ်ဆိုင်းမှုတွေက ကုန်ချောထုတ်လုပ်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှု အချိန်ဇယား၊သိုလှောင်ရုံထိန်းသိမ်းစရိတ် နဲ့ ကုန် ပစ္စည်းပေးပို့ဖြန့်ဖြူးမှု တွေကိုပါ ထိခိုက်စေတဲ့ အဓိက အကြောင်းအရင်းတွေကို မလွှဲမသွေ ရင်ဆိုင်လာနေရတာဖြစ်ပါတယ်။
ဒါ့အပြင်မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ခြောက်လဆက် တိုက်ကျဆင်းနေပြီး ကုန်ကြမ်းမလုံလောက်မှု၊ သယ်ယူပို့ဆောင်စရိတ် ၊ သွင်းကုန်လိုင်စင်ရရှိရေး အခက်အခဲနဲ့ ငွေလဲနှုန်းအပြောင်းအလဲတွေ မြင့်တက်နေတယ်လို့ အမေရိကန်အခြေစိုက် စီးပွားရေးသတင်းအချက်အလက်အဖွဲ့အစည်း S&P Global က ထုတ်ပြန်ပါတယ်။
ထုတ်လုပ်မှုနဲ့ အော်ဒါ(အမှာစာ)နှစ်ခုစလုံးက ပိုမိုမြန်ဆန်တဲ့ နှုန်းနဲ့ ကျဆင်းနေခြင်းဖြစ်ကာ Myanmar Manufacturing PMI အညွှန်းကိန်းအရ ၅၀.၃ ကနေ စက်တင်ဘာလမှာ ၄၉.၁ သို့ ကျဆင်းနေတာလို့ အောက်တိုဘာ ပထမပတ်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဘက်ဂျက်လိုငွေကို ငွေစက္ကူတွေ ထရီလီယံနဲ့ချီ အကြိမ်ကြိမ်ရိုက်ထုတ်နေပြီး ငွေကြေးဖောင်းပွတာ ၊ လျှပ်စစ်မီးပြတ်တာ ၊စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးတာ၊ စက်သုံးဆီနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးတာ ၊စစ်တပ်ရဲ့ကန့်သတ်မှုတွေကြောင့်သွင်းကုန်ပို့ကုန်လိုင်စင်တွေခက်ခဲတာ၊စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်မှာ လာဘ်စားမှုများပြားတာ စတဲ့ပြသာနာတွေကြောင့် မြန်မာ့စီးပွားရေး လုပ်ငန်းအများစု အကြပ်အတည်းကြုံနေပြီလို့ လုပ်ငန်းရှင်တွေကပြောပါတယ် ။ အခုအတိုင်းဆက်သွားရင် ရှေ့မှာပိုဆိုးတဲ့ စီးပွားရေးပြိုလဲမှုမျိုးကြုံနိုင်တယ်လို့စီးပွားရေး ပညာရှင်အချို့ကပြောပါတယ်။



















































