Connect with us

Hi, what are you looking for?

ဆောင်းပါး

“တရားကသာနိုင်​စေ”

ဂျမေကာရဲ့ သမိုင်းကြွေးနဲ့ မြန်မာတို့ရဲ့ တရားမျှတမှုတိုက်ပွဲ

(အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခိုင်းမယ့်လူငယ်​တွေကိုမန္တ​လေးမြို့နန်းတွင်းစစ်​ကြော​ရေးအ​ဆောင်တချို့မှ ဖမ်းဆီးထားစဥ်/ ၁၇၈၁ ခုနှစ်၊ စက်တင်ဘာ ၆ ရက်မှာ​​ဇောင်း- Zong သင်္ဘောဟာ အာဖရိကန်လူမျိုး ၄၄၂ ဦးကို ကျွန်အဖြစ် တင်ဆောင်ပြီး ဂျမေကာကို ဦးတည်ထွက်ခွာခဲ့ကာလူ၁၃၀ ကျော်ကို ပင်လယ်ထဲ ပစ်ချသတ်ဖြတ်ခံခဲ့ရပါတယ်။အဲဒီဖြစ်ရပ်အ​ပေါ်သရုပ်​ဖော်ထားပုံ။ ဓါတ်ပုံ-​​ပေးပို့ ၊ The Guardian )

အေးခိုင်ဦး ရေးသားသည်။

လူတယောက်ရဲ့ဘဝ၊ လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံကို အတင်းအကျပ် ထိန်းချုပ်ထားနိုင်တာနဲ့ သူ့အပေါ် ကျူးလွန်ခဲ့တဲ့ မတရားမှုကို သမိုင်းထဲကပါ ဖျောက်ပစ်လိုက်လို့ မရပါဘူး။

အဲဒီမတရားမှုကို ကျူးလွန်ခဲ့သူတွေ သေဆုံးသွားပြီဆိုရင် သူတို့ရဲ့ လုပ်ရပ်ကြောင့် နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုကိုပါ သင်္ဂြိုဟ်ပစ်ရမှာလား။ မဟုတ်ပါဘူး။ အချိန်တွေ ကြာသွားတာနဲ့အမျှ မတရားမှုတခုဟာ သမိုင်းထဲက ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ တခါတရံ အချိန်ကြာလာလေလေ အဲဒီမတရားမှုကို ပြန်လည်ဖော်ထုတ်ဖို့ အထောက်အထားတွေပိုမိုစုဆောင်းလာနိုင်လေလေ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ ဂါနာနိုင်ငံ ဦးဆောင်တင်သွင်းတဲ့ ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ထောက်ခံမဲ ၁၂၃ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်မှာ အာဖရိကသားတွေကို အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီးကျွန်အဖြစ် ကူးသန်းရောင်းဝယ်ခဲ့မှုကို လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သမျှ အဆိုးရွားဆုံး ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကြားနေနိုင်ငံ ၅၂ နိုင်ငံရှိပြီး ဗြိတိန်လည်း ပါဝင်ပါတယ်။ အမေရိကန်၊ အာဂျင်တီးနား၊ အစ္စရေးတို့က ကန့်ကွက်ခဲ့ကြပါတယ်။ ကန့်ကွက်တဲ့နိုင်ငံတွေရှိခဲ့ပေမယ့်ဆုံးဖြတ်ချက်ကတော့ အနိုင်ရ အတည်ပြုခဲ့ပါပြီ။ ဥပဒေအရ နိုင်ငံတွေကို မဖြစ်မနေ လိုက်နာစေတဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်ပေမဲ့ သမိုင်းဝင် မတရားမှုအပေါ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ဒီ ဆုံးဖြတ်ချက်က ကိုယ်စားပြုပါတယ်။

အဲဒီနောက်ဇွန်လမှာဂါနာနိုင်ငံမြို့တော် အက်ခရာ (Accra)မြို့မှာနိုင်ငံတကာညီလာခံတရပ် ကျင်းပခဲ့ပြီး သမိုင်းဝင်မတရားမှုတွေအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ရေး၊ တရားဝင်တောင်းပန်ရေး၊လျော်ကြေးပေးရေးနဲ့ ယဉ်ကျေးမှုပစ္စည်းတွေပြန်လည်ပေးအပ်ရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အာဖရိကသား သန်းပေါင်းများစွာကို အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး အမေရိကတိုက်နဲ့ အခြားဒေသတွေမှာ ကျွန်အဖြစ် ၁၅ ရာစုကနေ ၁၉ ရာစုအထိ အတင်းအကျပ် ပို့ဆောင် ရောင်းချခဲ့ကြတယ်။ အဲဒီလူသားတွေဟာ ကုန်ပစ္စည်းတွေ မဟုတ်ပါဘူး။ မိသားစုတွေ ရှိတယ်။ အိပ်မက်တွေ ရှိတယ်။ကိုယ်ပိုင် ဇာတိမြေရှိတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဘဝကို သူတို့ဘာသာ ရွေးချယ်ခွင့်ရှိတဲ့ လူသားတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ ကျွန်စနစ်အောက်မှာ သူတို့ရဲ့လုပ်အားကိုအမြတ်ထုတ်ခဲ့ကြတယ်။သူတို့ရဲ့လွတ်လပ်ခွင့်ကိုပယ်ဖျက်ခဲ့ကြတယ်။ မိသားစုတွေကို ခွဲထုတ်ခဲ့ကြတယ်။လူသားတယောက်ရဲ့ တန်ဖိုးကို ငွေကြေးနဲ့ တိုင်းတာခဲ့ကြတယ်။

၁၉၇၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့အမေရိကန်စာရေးဆရာ အလက်စ်ဟေလီ (Alex Haley) ရဲ့ ကမ္ဘာကျော်စာအုပ် Roots ကို ဆရာမောင်ထွန်းသူက ဇာစ်မြစ် ဆိုပြီး ဘာသာပြန်ခဲ့တဲ့အတွက် စာဖတ်ဝါသနာပါသူတိုင်း ဖတ်ပြီးခဲ့ကြပြီးသားပါ။ UN က ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီဆိုတဲ့ သတင်းကို ဖတ်ရတဲ့အခါ Roots ကို ပြန် အမှတ်ရစေပါတယ်။ ပြီးတော့ ကွမ်တာကင်တီ ကို လည်း ပြန် သတိရမိတယ်။

ကွမ်တာကင်တီက မိသားစု၊ အသိုင်းအဝိုင်းနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့ လူသားတယောက်ပါ။ သူ့ကို အတင်းဖမ်းဆီးပြီး အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်၊ အမေရိကန်ကို ကျွန်အဖြစ် ပို့ဆောင်ခဲ့ကြတယ်။ သူ့ရဲ့ လွတ်လပ်ခွင့်ကို သိမ်းယူခဲ့ကြတယ်။ လူသားတယောက်ကို လူသားတယောက်အဖြစ်မမြင်တော့ဘဲ ပိုင်ဆိုင်လို့ရတဲ့ ပစ္စည်းတခုလို သဘောထားခဲ့ကြတယ်။ သူ့ဘဝကို ဖျက်ဆီးခဲ့ကြတယ်။

စာရေးဆရာ အလက်စ်ဟေလီ ကိုယ်တိုင်ကလည်း ကျွန်မျိုးကျွန်နွယ်က ဆင်းသက်လာတဲ့ လူမည်းတယောက်ပါ။ ဖတ်ဖူးသူတိုင်းသိပါတယ် Roots ဟာ အာဖရိကန်နွယ်ဖွား အမေရိကန်မိသားစုတစုရဲ့ မျိုးဆက်အလိုက် ဖြတ်သန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်းကို ဖော်ပြထားတဲ့ စာအုပ်။ ဒီစာအုပ်‌ရေးဖို့ သူဟာ တိုက်ကြီး သုံးတိုက်ကိုသွားပြီး အချက်အလက် မှတ်တမ်းမှတ်ရာ တွေ ရှာဖွေ စုဆောင်းခဲ့တယ်။ အလက်စ်ဟေလီက သူ အပါအဝင် အာဖရိကန် အမေရိကန်တို့ရဲ့ ဇာစ်မြစ်ကို ပြန်ရှာဖွေခဲ့တယ်။ ပြီးတော့ ဒီစာအုပ်ဟာ လူတယောက်ရဲ့ မိသားစုသမိုင်းကို ပြန်ရှာဖွေတဲ့ ဇာတ်လမ်းတခုထက် ပိုပါတယ်။ “ငါဘယ်ကလာတာလဲ” ဆိုတဲ့ မေးခွန်းကို မေးရဲခြင်း၊ အဖြေကို ရှာရဲခြင်း၊ ပြီးတော့ အဲဒီအဖြေကို မျိုးဆက်တဆက်ပြီးတဆက် မပျောက်အောင် ထိန်းသိမ်းထားခြင်း အကြောင်း ဖြစ်ပါတယ်။ Roots ဆိုတာ အတိတ်ကို ပြန်တူးဖော်ခြင်း။ အတိတ်ကို မမှတ်မိစေချင်သူတွေ ရှိနိုင်ပေမယ့် အတိတ်ကတော့ ပျောက်မသွားပါဘူး။မှတ်တမ်းဆိုတာ အဲဒီအတိတ်ကို မပျောက်အောင် ထိန်းထားခြင်းပါ။

ကွမ်တာကင်တီ ဆိုတဲ့လူတယောက်ရဲ့အမည်ကို မှတ်မိနေအောင် ထိန်းသိမ်းထားခြင်းဟာ သမိုင်းတစ်ခုလုံးကို ပြန်ပြင်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ “သူဟာကျွန် တစ်ယောက်ဖြစ်ရုံသာပဲမဟုတ်ဘူး။သူ့မှာနာမည်ရှိတယ်။မိသားစုရှိတယ်။ အမြစ်ရှိတယ်။ လူသားတယောက်အဖြစ် သူ့ကိုယ်ပိုင်ဘဝရှိတယ်” ဆိုတာကို ပြန်ပြောနိုင်စေပါတယ်။ ဒါက အလွန်အရေးကြီးပါတယ်။ အာဏာရှိသူတွေအတွက် လူတွေဟာတစ်ခါတလေ နံပါတ်တွေဖြစ်သွားတတ်ပါတယ်။စာရင်းထဲက လူဦးရေ။ အလုပ်သမားအရေအတွက်။ စစ်သားအရေအတွက်။ သေဆုံးသူအရေအတွက်။ ဖမ်းဆီးခံရသူအရေအတွက်။ အဲဒီနံပါတ်တွေ အောက်မှာတော့ လူတယောက်ချင်းစီရဲ့ နာမည်တွေ၊ မိသားစုတွေ၊ အိပ်မက်တွေ၊ ကြောက်ရွံ့မှုတွေ၊ မျှော်လင့်ချက်တွေ ရှိနေပါတယ်။

အခုချိန်မှာ မြန်မာနိုင်ငံက လူငယ်တွေ စစ်အာဏာရှင်​တွေရဲ့အကျိုးစီးပွားတစ်ခုတည်းအတွက် စစ်မှုထမ်း ပုံစံမျိုးစုံနဲ့ ဖမ်းဆီးခံနေရတဲ့အခါကွမ်တာကင်တီကိုအကြိမ်ကြိမ် အမှတ်ရစေတယ်။ အတင်းဖမ်းချုပ်ခေါ်ဆောင်သွားခံရတဲ့၊ ခြေထောက်မှာ သံကြိုးတွေချည်နှောင်ထားခံရတဲ့၊ လူသားတယောက်ကို ကိုယ်ပိုင်ကုန်ပစ္စည်းလို သဘောထားခံရတဲ့ ကွမ်တာကင်တီ။ သူ့အတွက် စိတ်ထိခိုက် မကျေနပ်ခဲ့ရတဲ့ ခံစားချက်။ လွန်ခဲ့တဲ့ ရာစုနှစ်များစွာက ကျူးလွန်ခံခဲ့ရသလိုမျိုးပါပဲ။ ကျူးလွန်ခံနေရတဲ့ မြန်မာလူငယ်တွေ။ အခြေအနေ အကြောင်းတရားမတူပေမယ့် အခုခေတ်အချိန်မှာ ကိုယ်တိုင်ကြုံတွေ့နေရပါပြီ။

၁၈၃၃ ခုနှစ်မှာ ဗြိတိသျှအင်ပါယာက ကျွန်စနစ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့အခါ ကျွန်ပိုင်ရှင်တွေကို သူတို့ရဲ့ “ဆုံးရှုံးမှု” အတွက် ပေါင်စတာလင် သန်း ၂၀ လျော်ကြေးပေးခဲ့တယ်။ ဒါပေမဲ့ လူသားတွေကို ပစ္စည်းတခုလို ရောင်းဝယ်ခံခဲ့ရသူတွေ၊ မိသားစုနဲ့ ခွဲခွာခံခဲ့ရသူတွေ၊ မျိုးဆက်ပေါင်းများစွာ အဓမ္မ အလုပ်လုပ်ခိုင်းစေခံခဲ့ရသူတွေကတော့ သူတို့ရဲ့နာကျင်မှုနဲ့ ဆုံးရှုံးမှုတွေအတွက်ဘာလျော်ကြေးမှ မရခဲ့ကြပါဘူး။ ဗြိတိသျှကိုလိုနီ ဂျမေကာမှာ ကျွန်စနစ်ဖျက်သိမ်းရေးဥပဒေ အသက်ဝင်ခဲ့တဲ့ ၁၈၃၄ ခုနှစ်နောက်ပိုင်းမှာလည်း ကျွန်အဖြစ် ဖမ်းဆီးခိုင်းစေခံခဲ့ရသူအများအပြားဟာ “အလုပ်သင်စနစ်” လို့ခေါ်တဲ့ စနစ်အောက်မှာ ဆက်လက်အလုပ်လုပ်ခဲ့ကြရတယ်။အဲဒီစနစ်ဟာ ၁၈၃၈ ခုနှစ်မှသာ အဆုံးသတ်ခဲ့ပြီး လွတ်လပ်ခဲ့ကြတယ်။ အခု ၂၀၂၆ ခုနှစ်မှာဆိုရင် သူတို့ရဲ့ လွတ်လပ်ခွင့်ရရှိမှုဟာ ၁၈၈ နှစ် ရှိလာပါပြီ။

ကျွန်ကုန်သွယ်မှုသမိုင်းဟာ ရာစုနှစ်များစွာ အရင်က ဖြစ်ခဲ့တာပါ။ ဒါပေမယ့် “အဲဒါက အရင်က ဖြစ်ခဲ့တာပဲ” ဆိုပြီး သမိုင်းစာအုပ်ထဲမှာထည့်ပိတ်ထားလို့ မရတော့ပါဘူး။ တရားမျှတမှုကို ရှာဖွေနိုင်ဖို့ သမိုင်းစာအုပ်ရဲ့အပြင်ဖက်ရှေ့ကို ရောက်လာပါပြီ။ ၁၈၈ နှစ်အကြာ UN က ဆုံးဖြတ်ချက်ကို အတည်ပြုပြီးတဲ့နောက် အခုနှစ် ၂၀၂၆ ခု စက်တင်ဘာ ၆ ရက်မှာ ဂျမေကာကိုယ်စားလှယ်အဖွဲ့ဟာ ကျွန်စနစ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းဆိုင်ရာ နစ်နာမှုတွေအတွက် တရားမျှတမှု ရှာဖွေဖို့ လန်ဒန်မြို့ကို ရောက်လာခဲ့ပါတယ်။ ဂျမေကာအစိုးရကိုယ်စား တရားမျှတမှုနဲ့ ပြန်လည်ကုစားရေးဆိုင်ရာ တင်ပြချက် ကို စက်တင်ဘာ ၇ ရက်မှာ ချားလ်စ်ဘုရင်ထံကို တရားဝင် တင်သွင်းခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာ ချားလ်စ် ဘုရင် က အဲဒီလျော်ကြေးတောင်းဆိုမှုကို ဗြိတိန်ဘုရင် ရဲ့ အယူခံတရားစီရင်ရေးကော်မတီ” Privy Council ထံ လွှဲပြောင်းစဉ်းစားစေခဲ့တယ်။ ဒီတင်ပြချက်ဟာလျော်ကြေးငွေကိုချက်ချင်းပေးဖို့တောင်းဆိုတဲ့ စာတစောင်သက်သက် မဟုတ်ပါဘူး။ သမိုင်းဆိုင်ရာ ဖြစ်ရပ်တွေနဲ့ ဥပဒေရေးရာ တာဝန်ယူမှုကို တရားဝင် စိစစ်ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒီရက်စွဲကို ရွေးချယ်ခဲ့တာကလည်း အင်မတန် အဓိပ္ပါယ်ရှိပါတယ်။ ဂျမေကာရဲ့ တင်ပြချက်ဟာဇောင် (Zong) သင်္ဘောပေါ်က လူတွေကို အောက်မေ့သတိရခြင်းနဲ့ သမိုင်းဆိုင်ရာ တရားမျှတမှုကို ရှာဖွေခြင်းတို့ကို ဆက်စပ်ပေးထားတာ ဖြစ်ပါတယ်။ ၁၇၈၁ ခုနှစ် စက်တင်ဘာ ၆ ရက်မှာ Zong သင်္ဘောဟာ အာဖရိကန်လူမျိုး ၄၄၂ ဦးကို ကျွန်အဖြစ် တင်ဆောင်ပြီး ဂျမေကာကို ဦးတည်ထွက်ခွာခဲ့တယ်။ အဲဒီခရီးစဉ်ဟာ လူ ၁၃၀ ကျော် ပင်လယ်ထဲ ပစ်ချသတ်ဖြတ်ခံခဲ့ရပါတယ်။ နှစ်ပေါင်း ၂၄၅ နှစ်အကြာ၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ ဂျမေကာက ချားလ်စ်ဘုရင်ထံ တရားမျှတမှုအတွက် တင်ပြချက်ကို တင်သွင်းခဲ့ပါပြီ။ ဒီတင်ပြချက်ဟာ အတိတ်ကို မေ့မထားကြောင်းပြသရုံသာမက၊ သမိုင်းဝင်မတရားမှုတွေအတွက် တာဝန်ယူမှုနဲ့ ပြန်လည်ကုစားရေးကို ယနေ့အချိန်မှာ တရားဝင်တောင်းဆိုနေခြင်းပဲ ဖြစ်ပါတယ်။

အလုပ်ကို အသွား ဒါမှမဟုတ် အလုပ်က အပြန် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ လူငယ်တွေ၊ လှည်းတန်းမှာ အိမ်ကနေ အပြင်ခဏထွက်သွားတာမှာ ပျောက်ဆုံးသွားတဲ့ လူငယ်၊ ဧည့်စာရင်းစစ််ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့လူငယ်၊ ကလေးဆေးရုံတက်ရလို့ စောင့်ပေးနေရင်း ဆေးရုံအပြင် ခဏအထွက်မှာ ပျောက်ဆုံးသွားတဲ့ ကလေးအဖေ၊ တက္ကသိုလ်တက်ရင်း မိသားစုကို တဖက်တလမ်းက ကူညီရှာဖွေကျွေးမွေးနေရင်း ပျောက်ဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသား၊ စက်ရုံကအပြန် ပျောက်ဆုံးသွားတဲ့ ရခိုင်လူမျိုးမိန်းကလေးငယ်၊ ထွက်ပြေးတာကို ပြန်လည် ဖမ်းဆီးခံရပြီး ထိပ်တုံးခတ်ခံထားရတဲ့ လူငယ်တွေ။ ဒီလို လူငယ်ပေါင်း မြောက်များစွာ‌တွေ။ ရာစုနှစ်ပေါင်းများစွာက ကွမ်တာကင်တီတို့ ကျူးလွန်ခံခဲ့ရတဲ့ မတရားမှု ၊ရာဇဝတ်မှုတွေနဲ့ ဘာမှမခြားပါဘူး။

မတရားဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေ၊ မိသားစုနဲ့ ခွဲခွာခဲ့ရသူတွေ၊ မိမိတို့ရဲ့ အနာဂတ်ကို စွန့်လွှတ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေ၊ အတင်းအကျပ် စုဆောင်းခံရပြီး စစ်အုပ်စုအာဏာတည်မြဲဖို့ တိုက်တဲ့စစ်ပွဲဖက်ကနေ ပါဝင်ခဲ့ရတဲ့သူတွေရဲ့ ဇာတ်လမ်းတွေဟာလည်း တနေ့မှာ သမိုင်းရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာမှာပါ။

အာဖရိကကျွန်စနစ်အတွက် ယနေ့ခေတ်လူတိုင်းကို အတိတ်က လူတွေရဲ့ လုပ်ရပ်အတွက် တိုက်ရိုက်အပြစ်ပေးရမယ်လို့ ဆိုလိုကြတာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို သူမကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် အပြစ်ပေးတာဟာလည်း တရားမျှတမှု မဟုတ်ပါဘူး။ ဒါပေမဲ့ သမိုင်းမှာ မတရားမှုတွေ ဖြစ်ခဲ့တယ်ဆိုတာကို ငြင်းပယ်တာ၊ အဲဒီမတရားမှုကနေ အကျိုးအမြတ်ရခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ဖုံးကွယ်တာ၊ နစ်နာခဲ့ရသူတွေရဲ့ အသံကို မကြားချင်ယောင် ဆောင်တာတို့ဟာလည်း တရားမျှတမှု မဟုတ်ပါဘူး။ အမှန်တရားဆိုတာ မှတ်တမ်းထဲက အဖြစ်အပျက်တွေကို ဖုံးကွယ်မထားခြင်းပါ။ တာဝန်ခံမှုဆိုတာ အဲဒီအမှန်တရားကို ရင်ဆိုင်ခြင်းပါ။ တရားမျှတမှုဆိုတာ အဲဒီအရာတွေကို အခြေခံပြီး လူသားတစ်ယောက်ရဲ့ တန်ဖိုးနဲ့ အခွင့်အရေးကို ပြန်လည်အသိအမှတ်ပြုခြင်းပါ။ တရားမျှတမှုဆိုတာ ဘယ်သူ့ကိုမှ မေ့မထားခြင်းလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်း စုဆောင်းခဲ့သူတွေ၊ မတရားဖမ်းဆီးခဲ့သူတွေ၊ အာဏာကို အသုံးချပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေ၊ အမိန့်ပေးခဲ့သူတွေနဲ့ အဲဒီလုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေ၊ ဒါ့အပြင် စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှု အားလုံးအတွက် တချိန်မှာ ဘယ်လိုတာဝန်ခံစေမလဲ။ နစ်နာခဲ့ရသူတွေအတွက် ဘယ်လိုတရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးမလဲ။ ပျောက်ဆုံးသွားခဲ့တဲ့ ဘဝတွေ၊ ပျက်စီးသွားခဲ့တဲ့ မိသားစုတွေ၊ ဆုံးရှုံးခဲ့ရတဲ့ ပညာရေးနဲ့ အနာဂတ်တွေအတွက် ကျူးလွန်သူတွေကို ဘယ်လိုပြစ်ဒဏ်ချမှတ်မလဲ။

အရေးကြီးတဲ့အချက်တခုတော့ ရှိပါတယ်။ မတရားမှုကျူးလွန်သူတိုင်းဟာ အချိန်တန်ရင် အလိုအလျောက် ပြစ်ဒဏ်ခံရမယ်လို့ သမိုင်းက အာမခံမထားပါဘူး။လောကကြီးမှာ အပြစ်ကျူးလွန်ပြီး တာဝန်မခံခဲ့ရသူတွေလည်း ရှိခဲ့ကြတယ်။အာဏာရှိသူတွေဟာအထောက်အထား တွေကို ဖျောက်ဖျက်နိုင်တယ်။ သက်သေတွေကို ခြိမ်းခြောက်နိုင်တယ်။ နစ်နာသူတွေရဲ့ အသံတွေကို နှစ်ပေါင်းများစွာ တိတ်ဆိတ်သွားအောင် လုပ်နိုင်တယ်။ ဒါကြောင့် တရားမျှတမှုဟာ အချိန်တခု ရောက်လာရင် အလိုအလျောက် ပေါ်ပေါက်လာမယ့် အရာတခု မဟုတ်ပါဘူး။ အမှန်တရားကို ထိန်းသိမ်းထားဖို့ လိုတယ်။ အထောက်အထားတွေကို စုဆောင်းထားဖို့ လိုတယ်။ နစ်နာသူတွေရဲ့ အသံတွေကို မှတ်တမ်းတင်ထားဖို့ လိုတယ်။ တရားဥပဒေနဲ့အညီ တာဝန်ခံမှု ရှိလာနိုင်ဖို့ ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။

အာဖရိကကျွန်စနစ်နဲ့ပတ်သက်ပြီးယနေ့အထိ ပြန်လည်ဆွေးနွေးနေကြတာဟာလည်း အဲဒီလို ကြိုးပမ်းမှုတွေရဲ့ ရလဒ်တခုပါပဲ။ ရာစုနှစ်တွေ ကြာသွားပေမဲ့ လူတွေက မေ့မထားခဲ့ကြဘူး။ သမိုင်းကို ပြန်လည်လေ့လာခဲ့ကြတယ်။ စာရွက်စာတမ်းတွေကို စုဆောင်းခဲ့ကြတယ်။ နစ်နာခဲ့ရသူတွေရဲ့ သမိုင်းကို ပြန်လည်ဖော်ထုတ်ခဲ့ကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အသံထုတ်ခဲ့ကြတယ်။ နောက်ဆုံးမှာ အရင်က မဆွေးနွေးချင်ခဲ့ကြတဲ့ အကြောင်းအရာတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ ရင်ဆိုင်ဆွေးနွေးလာရတဲ့ အခြေအနေတခုကို ဖန်တီးနိုင်ခဲ့ကြတယ်။ ဒါဟာ တရားမျှတမှုအတွက် ပြီးဆုံးသွားပြီလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ တရားမျှတမှုအတွက် တံခါးတချပ် ပိုမိုပွင့်လာတာလို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ယနေ့ ဖြစ်ပျက်နေတဲ့ မတရားမှုတွေအတွက် အမှန်တရားကို ပုံစံမျိုးစုံနဲ့ မှတ်တမ်းတင်ထားရပါမယ်။ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို အမှန်အတိုင်း သိရှိနိုင်ဖို့၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို သက်သေအထောက်အထားတွေနဲ့ စစ်ဆေးနိုင်ဖို့၊ နစ်နာသူတွေရဲ့ အခွင့်အရေးကို ပြန်လည်ဖော်ဆောင်နိုင်ဖို့နဲ့ အလားတူဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ ဖြစ်ပါတယ်။

ကျွန်စနစ်ကို ပြောတဲ့အတွက် တရားမျှတမှုနဲ့ ပြစ်ဒဏ်ဟာ အဲဒီလောက်ထိ ကြာမှ ဖြစ်လာမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒီလောက်ရာစုနှစ်တွေကြာခဲ့ပြီးတောင်မှ မတရားမှုဟာ ဖျောက်ဖျက်ပစ်လို့မရဘူး၊ ပျောက်ပျက်မသွားဘူးလို့ ပြောချင်တာဖြစ်ပါတယ်။

ဖြစ်ပြီးသွားပြီပဲ။ ရေးနေလို့လည်း မထူးတော့ပါဘူးလို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒါက မမှန်ပါဘူး။ အမှန်တရားကို မှတ်တမ်းတင်ထားခြင်းဟာ ဖြစ်ပြီးသွားတာကို မတားဆီးလိုက်နိုင်ပေမယ့်၊ တရားမျှတမှုကို အာမခံပေးတာ မဟုတ်ပေမဲ့ တရားမျှတမှုအတွက် လမ်းကြောင်းတခု ဖွင့်ပေးနိုင်ပါတယ်။ တရားမျှတတဲ့ အနာဂတ်အတွက် အုတ်မြစ်လည်းဖြစ်ပါတယ်။ ။

ကိုးကား – The Guardian

ဆက်စပ်သတင်းများ