ယောနသံ/ People’s Spring
အာဏာသိမ်းစစ်အုပ်စုက ကာကွယ်ရေးဝန်ကြီးကိုအပြောင်းအလဲလုပ်သလို ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာကိုလည်း လူပြောင်းလိုက်ပါတယ်။ဒါ့အပြင် ဗိုလ်ချုပ်အဆင့် နဲ့ တိုင်းမှူးအဆင့်တွေအပါအဝင် စစ်တပ်ထိပ်ပိုင်း ရာထူးတွေကိုအပြောင်းအလဲထပ်လုပ်လိုက်ပြန်ပါတယ်။
ဒါဟာ သမ္မတအမည်ခံ အာဏာသိမ်းစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကိုကာကွယ်ပေးမဲ့ အရင်းအမြစ်တွေကို စုစည်းချင်လို့ စိတ်တိုင်းကျအကွက်ချနေတာလို့ စစ်ရေးအကဲခတ်အချို့ကရှုမြင်နေကြပါတယ်။ စစ်တပ်ထိပ်ပိုင်းရာထူးအပြောင်းအရွှေ့တွေက ဆူနာမီလှိုင်းလို ခပ်ကြမ်းကြမ်းဖြစ်နေတာလို့ ဆိုကြပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင် တပည့် တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံးအပြောင်းအရွေ့တွေဖြစ်တယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ် ။

Public Service Announcement
မင်းအောင်လှိုင်တို့ ဆရာတပည့်က ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့နေရာမှာပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အစားထိုးပါတယ်။ ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ နေရာမှာဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အစားထိုးမယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကအောက်တိုဘာ ၁၂ ရက် အမည်စာရင်းပေးပို့လာတဲ့အကြောင်း စစ်တပ်ရဲ့ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက အသိပေးခဲ့ပါတယ်။
ဒါ့အပြင်ကြည်း၊ရေ၊လေညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ်စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်ကို ခန့်လိုက်တယ်လို့သတင်းရရှိပါတယ်။ ယခင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကတော့ စက်တင်ဘာလ ၁၇ ရက်နေ့ကတည်းကပြည်ထဲရေးဝန်ကြီး အဖြစ် စစ်ခေါင်းဆောင်က တာဝန်လွှဲပြောင်းပေးခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်မှာတတိယအမြင့်ဆုံးရာထူးဖြစ်တဲ့ကြည်း၊ရေ၊လေညှိကွပ်နေရာကို၂၄ရက်အကြာမှာ တရားဝင်ခန့်အပ်လိုက်တာလို့ နေပြည်တော်မှသတင်းရင်းမြစ်ကပြောပါတယ်။
ဗိုလ်ချုပ်ကြီးကိုကိုဦးကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကနေရုပ်သိမ်းခဲ့တဲ့ စက်တင်ဘာလမှာ စစ်တပ်ဟာကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်ခဲ့ပေမယ့် အောင်မြင်မှုမရဘဲအကြီးအကျယ်အထိနာနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
စစ်ကောင်စီက အထက်ပါစစ်တပ်ထိပ်ပိုင်းရာထူးနှစ်ခုအပြင် ဗိုလ်ချုပ်အဆင့်နဲ့ တိုင်းမှူးအဆင့်တွေကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ပြည့်စုံလင်း၊ လေ့ကျင့်ရေးအရာရှိချုပ်အသစ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မင်းလတ်ကို ခန့်အပ်ခဲ့တယ်လို့ နေပြည်
တော်သတင်းရင်းမြစ်ကပြောပါတယ်။ ဗိုလ်ချုပ်ပြည့်စုံလင်းဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး လာဘ်ယူမှုသတင်းကြီးပြီးစစ်တပ်တွင်းခေါ်ယူစစ်ဆေးခံရဖူးသူဖြစ်ပါတယ် ။
ဗိုလ်ချုပ်တင်မင်းလတ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေဖော်ဆောင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အရန်အင်အားကိုပို့ဆောင်ခံခဲ့ရဖူးပါတယ်။၂၀၂၅မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူး ပြန်ဖြစ်လာပြီး လပိုင်းအကြာမှာပဲ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်ခဲ့တာကနေ လက်ရှိမှာ လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်လာပြန်တာပါ။
“ဒီလောက်အပြောင်းအရွှေ့တွေကြုံသလိုဖြစ်နေတာကအားလုံးပြာယာခပ်နေတဲ့ အခြေအနေပဲ”လို့ ဗိုလ်ချုပ်တင်မင်းလတ်ရဲ့ အပြောင်းအရွှေ့လမ်းကြောင်းအပေါ် ကချင်ပြည်နယ်မှာရှိတဲ့ သူ့နဲ့ရင်းနှီးမိတ်ဆွေဟောင်းတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဗိုလ်ချုပ်တင်မင်းလတ်အလွန်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေး၊လပခတိုင်းမှူးအဖြစ်စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်ကိုနိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၂)စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် အပြောင်းအလဲလုပ်ခဲ့တယ်လို့သိရပါတယ်။။
တိုင်းမှူးအဆင့်တွေ အပြောင်းအရွှေ့ပြုလုပ်တာမှာ စစ်အုပ်စုက အကြမ်းဖက်မှုအများဆုံးပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်းအခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူးလည်းပါဝင်ခဲ့ပါတယ်။ နမခတိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနေရာမှာ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်တပ်မမှူး ဗိုလ်မှူးချုပ် စိုးဝင်းထွန်းကို ခန့်အပ်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ် စိုးဝင်းထွန်းဟာ ၂၀၂၅ နှစ်စပိုင်းမှာ အာရက္ခတပ်တော်((AA)နဲ့ မဟာမိတ်တွေ တိုက်ခိုက်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ကနတ်ရေကန်ဗျူဟာကို ထိုးစစ်ဆင်တဲ့ တိုက်ပွဲမှာ အထိနာခဲ့တဲ့အတွက် စစ်ကောင်စီကပြန်လည်ဖမ်းဆီးခဲ့တဲ့တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်နေရာကို အစားထိုးဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။
စစ်အုပ်စုဟာ ရာထူးနဲ့ဌာနအပြောင်းအလဲတွေ မကြာခဏပြုလုပ်နေသလို ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာပဲရှမ်းပြည်နယ်အရှေ့ပိုင်း၊ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ရလခ)ကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အဆင့်ရှိတဲ့ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီလိုပြောင်းရွှေ့တာဟာ နေပြည်တော်ကို အကာအကွယ်ပေးဖို့အတွက် နေပြည်တော်အနီးမှာတိုင်းစစ်ဌာနချုပ်တစ်ခု ထပ်မံထားရှိခြင်းဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေကသုံးသပ်မှုတွေရှိခဲ့ပါတယ်။
“စစ်ဖက်မှာပဲဖြစ်ဖြစ် ရာထူးနေရာပြောင်းလဲတာက လုပ်ရိုးလုပ်စဥ်လို့ ပဲပြောလို့ရတယ်။ဒါပေမယ့် လက်ရှိအပြောင်းအလဲမှာထူးခြားတာကတော့တပ်ချုပ်ရဲဝင်းဦးလက်ထက် ကြည်းတပ်ဆိုင်ရာအရေးအပါဆုံး ရာထူးနေရာအပြောင်းအလဲတွေ ဖော်ဆောင်လာတာလို့ပြောလို့ရတယ်” လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေး အဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာ နဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးကပြောပါတယ် ။
ဒါပေမယ့် စစ်တပ်ရာထူး၊နေရာအပြောင်းအလဲတွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် သစ္စာခံမှု ရှိ ၊မရှိအပေါ်မူတည်ပြောင်းလဲတာမျိုးဖြစ်တာကြောင့် စစ်ရေးအပေါ်မှာ အပြောင်းအလဲသိပ်မရှိနိုင်ဘူးလို့ CDM ဗိုလ်မှူးနောင်ရိုးကသုံးသပ်ပါတယ်။
လက်ရှိ ရာထူးအပြောင်းအလဲတွေကိုကြိုးကိုင်နေတဲ့ အဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၊သူ့တပည့် ရဲဝင်းဦးအပါအဝင်သူကြိုးဆွဲရာကနေကြရတဲ့ စစ်ဗိုလ်ချုပ်တွေအားလုံးဟာ နိုင်ငံသားတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့ ပြစ်မှုတွေနဲ့အတူ နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေခံထားရသူတွေသာဖြစ်ပါတယ်။ အနားပေးခံရသူတွေကရော၊ ခန့်အပ်ခံရသူတွေပါ စစ်ရာဇဝတ်တရားခံဖြစ်တယ်လို့ လူထုက မှတ်ချက်ပြုပါတယ်။
“စစ်အာဏာရှင်တွေဆိုတာက သူတို့နောက်ကျောလုံအောင်လို့ သူတို့ထက် ညံ့တဲ့သူတွေဘဲကို သူတို့မွေးထားကြတာဆိုတော့ စစ်ရေးမှာ ပိုရှုံးလာပြီးတော့ ပိုရက်စက်တာဘဲ ရှိလာလိမ့်မယ်”လို့ ပြည်သူတဦးက မှတ်ချက်ပြုပါတယ် ။
အခြားပြည်သူတဦးကလည်း “ခုလိုအပြောင်းအရွှေ့လုပ်နေတာဟာသူ့ရဲ့ရာထူးကိုလုယူမှာကိုစိုးကြောက်နေတဲ့အတွက်ထင်ရာစိုင်းနေတာပါ။ ဒီလူ(မင်းအောင်လှိုင်) ဟာအတော်လေးကိုအာဏာမက်မောတဲ့လူယောက်ပဲ ။သူဟာဒီနေရာကကျသွားရင် သူရောသူ့သားသမီးတွေနဲ့ဆွေမျိုးတွေပါဒုက္ခရောက်မယ်ဆိုတာသူသိနေလို့ပဲ။ ဒါကြောင်းဟိုပြောင်းဒီရွှေ့လုပ်နေတာပေါ့”လို့ မှတ်ချက်ပြုပါတယ် ။
လက်ရှိအဖြစ်အပျက်တွေအပေါ် နေပြည်တော်သတင်းရင်းမြစ်က “ဂျပုစိတ်တိုင်းကျ ပုံဖော်နေတဲ့ စစ်တပ်ထိပ်ပိုင်းမှာ ရာထူးတွေ၊ လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး မငြိမ်ဘူးဖြစ်နေတာ။ သူတို့တွေကြားမှာ ဆူနာမီဝင်နေတာ”။
ဆက်လက်ပြီးသူကအာဏာသိမ်းခေါင်းဆောင်ဟာ သူ့ကိုအာမခံနိုင်အောင်ရည်ရွယ်ပြီးစစ်တပ်ထိပ်ပိုင်းရာထူးတွေကိုစိတ်တိုင်းကျ အပြောင်းအရွေ့လုပ်နေတာလို့သုံးသပ်လိုက်ပါတယ်။



















































