အကြမ်းဖက်မှု တရားခံ တစ်ဦးကို ကွပ်မျက်မယ့် အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှာကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တားမြစ်လိုက်ပါတယ်။
အစောပိုင်းတုန်းက တက္ကဆက်စ်ပြည်နယ်၊ ဖို့တ်ဟုဒ် စစ်စခန်းမှာ နီဒယ်လ်ဟာဆန်ကို လက်ဖြောင့်တပ်ဖွဲ့နဲ့ ကွပ်မျက်မယ့် အစီအစဉ်ကို တိုက်ရိုက် ထုတ်လွှင့် ပြသသွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ပြောကြားထားခဲ့ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ ကွပ်မျက်မှုကို တိုက်ရိုက် ထုတ်လွှင့် ပြသတယ် ဆိုတာက အကြမ်းဖက်သမားတွေ ဘယ်လိုဘယ်ပုံ ဇာတ်သိမ်းရတယ်ဆိုတာ သိစေချင်တာကြောင့်လို့ ဟက်ဂ်ဆက်သ်က ပြောပါတယ်။
ဒါပေမဲ့ အဲဒီကိစ္စဟာ ကျင့်ဝတ်ပိုင်းအရ ဝေဖန်စရာတွေ ဖြစ်လာသလို အကြမ်းဖက်သမားတွေကလည်း ကွပ်မျက်မှု ဗီဒီယိုကို ဝါဒဖြန့် စည်းရုံးရေးမှာ တလွဲအသုံးချလာနိုင်ကြောင်း ထောက်ပြမှုတွေ ရှိလာပါတယ်။ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီ အတွင်းစည်းထဲမှာတောင် ဒီကိစ္စကို သဘောမကျကြောင်း အတိအလင်း ပြောဆိုသူ အများအပြား ထွက်ပေါ်လာပါတယ်။
အမေရိကန် စစ်တပ်ရဲ့ ဗိုလ်မှူးဟောင်း တစ်ဦးဖြစ်သူ ဟာဆန်ဟာ ၂၀၀၉ ခုနှစ်က ဖို့တ်ဟုဒ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူ ၁၃ ဦးကို ပစ်သတ်ခဲ့မှုအတွက် သေဒဏ် ချမှတ် ခံထားရပါတယ်။

Public Service Announcement
အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ ထရမ့်က ဟာဆန်ကို ကွပ်မျက်မယ့် ကိစ္စကို တိုက်ရိုက် ထုတ်လွှင့်တော့မှာ မဟုတ်ကြောင်း လူမှုကွန်ရက်မှာ ရေးသား အတည်ပြုခဲ့ပါတယ်။ ဟာဆန်ဟာ သတ်မှတ်ထားတဲ့အတိုင်း သေကို သေရမှာ ဖြစ်ပေမယ့် အဲဒီကိစ္စကိုတော့ ထုတ်လွှင့် ပြသတော့မှာ မဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။
ကွပ်မျက်မှုကို တိုက်ရိုက် ထုတ်လွှင့် ပြသတာက အမေရိကန်ဟာ အကြမ်းဖက်သမားတွေကို ဘယ်လို ကိုင်တွယ်နေသလဲ ဆိုတာကို ထင်ရှားမြင်သာစေဖို့ ဖြစ်နိုင်ပေမယ့် လူကောင်းသူကောင်းတွေ အများကြီးကလည်း အဲဒီလို သေဆုံးမှုမျိုးကို တိုက်ရိုက် ထုတ်လွှင့်ပြသတာမျိုး မမြင်ချင်ကြကြောင်း ထရမ့်က ရေးသားထားပါတယ်။ တခြားဘယ်နိုင်ငံမှာမှလည်း သေဒဏ်စီရင် ကွပ်မျက်မှုကို တိုက်ရိုက် ထုတ်လွှင့်တာမျိုး မရှိခဲ့ပါဘူး။
ဟာဆန်ကြောင့် သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကတော့ သူတို့ကိုယ်တိုင် ဆန္ဒရှိရင် ကွပ်မျက်မှုကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြည့်ရှုခွင့် ရမှာ ဖြစ်ပါတယ်။
ကွပ်မျက်မှုကို တိုက်ရိုက်ထုတ်လွှင့် ပြသမယ် ဆိုတာနဲ့ ပတ်သက်လို့ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ် အပါအဝင် ထရမ့်ရဲ့ အတွင်းစည်း နိုင်ငံရေး မဟာမိတ်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေက စိုးရိမ်ကြောင်း၊ ကန့်ကွက်ကြောင်း အသီးသီး ထုတ်ပြောထားပါတယ်။ လူထုအမြင် စစ်တမ်းတွေမှာလည်း အမေရိကန် အများစုက အဲဒီကိစ္စကို ဆန့်ကျင်ခဲ့ကြပါတယ်။
ထရမ့်ဟာ တိုက်ရိုက်ထုတ်လွှင့်မှု ဖျက်သိမ်းမယ့် အကြောင်းကို ဟက်ဂ်ဆက်သ်ဆီ ကြိုတင် အသိပေးပြီးမှ လူမှုကွန်ရက်မှာ ကြေညာခဲ့တာ ဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။ ပြီးတော့ ဟက်ဂ်ဆက်သ်ကလည်း သမ္မတရဲ့ စိုးရိမ်မှုကို နားလည် သဘောပေါက်ပြီး ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အမေရိကန် စစ်တပ်ဟာ တရားစီရင်ရေးတွေမှာ နှစ်ပေါင်းများစွာ မပါဝင်တော့ပေမယ့် အခုကိစ္စမှာတော့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် စစ်တပ်ရဲ့ လက်ဖြောင့်တပ်ဖွဲ့က ကွပ်မျက်မှုကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
ကိုးကား: Reuters
















































